နို င် ဝ င်း သီ – ရူးနှမ်းနေတဲ့မိုးတိမ်
စင်တီဂရိတ်တွေ တရိပ်ရိပ်နဲ့ တက်တက်လာတဲ့ ရက်စွဲတွေပေါ့။ မြို့ပြဟာ ဆာရီယယ်နှင်းဆီပွင့်ဖြူ။ ငါတို့ဟာ အမှောင်ခေတ်ထဲမှာလား၊ အလင်းခေတ်ထဲမှာလား။ ကိုယ့်ကိုကိုယ်လည်း သိပ်မသဲကွဲလှ။ ခရစ်သက္ကရာဇ် ၂၀၁၇ အထိ ပျော်ရွှင်မှုဆိုတာ ငါတို့ဘဝတွေထဲကို ရောက်မလာသေးဘူးဆိုတာတော့ အသေအချာပြောနိုင်ခဲ့တဲ့ နှစ်ကာလတွေပေါ့။
လွင့်ချင်ရာ လွင့်နေခဲ့တဲ့ မြို့ပြသစ်ရွက်တွေပေါ့ကွာ။ စီးချင်ရာ စီးဆင်းနေခဲ့တဲ့ မြစ်ချောင်းတွေပေါ့ကွာ။ ငါတို့ရဲ့ဘဝတွေဟာ။ ပစ္စည်းမဲ့ လူတန်းစားဆိုတာ နာမည်လေးကကဗျာဆန်သလောက် တကယ့်ဘဝထဲမှာ စုတ်ပြတ်သပ်နေတာပါကွာ။ နေလောင်ထားတဲ့ အရေပြားတွေ၊ ဆားပွင့်နေတဲ့ ရှည်မျောမျောလည်ပင်းတွေ၊ ဆာရလောင်ရလွန်းလို့ အစွမ်းကုန်ဖြဲဟထားတဲ့ ပါးစပ်ပေါက်ကြီးတွေ၊ နေဖို့လည်း အဆင်မပြေ၊ သေဖို့လည်းအဆင်မပြေသေးတဲ့ ဘဝတွေ။ ခေတ်အဆက်ဆက် ဘယ်လို`စိန့်´တွေကများ ငါတို့ရဲ့ဘဝတွေကို ထူမတ်ပေးခဲ့လို့လဲကွာ။ အဲဟိုငတိတွေကလည်း ဟုတ်မလိုလိုနဲ့ ငါတို့ရဲ့ဘဝတွေကို အစုလိုက်အပြုံလိုက် မြောင်းထဲ ကန်ချသွားခဲ့တာပဲမဟုတ်လား။ ဒီလိုနဲ့ပဲ ငါတို့ဟာ အလုံးစုံသောရာဇဝတ်မှုတွေရဲ့အရင်းအမြစ်တွေ ဖြစ်လာခဲ့ရတာပေါ့။ ဘယ်လိုပြစ်မှုမျိုးပဲ ဖြစ်ဖြစ် လှိုက်လှဲစွာ ကူညီနိုင်ပါတယ်ကွာ။ ဘဏ်ဓားပြတိုက်တာလောက်တော့ ထည့်ပြောမနေနဲ့။ သိကြားမင်းရဲ့ခေါင်းကို ရိုက်ခွဲပေးရမယ်ဆိုရင်တောင် အဆင်သင့်ဖြစ်နေကြတဲ့ ရေအဆုံး ကုန်းတဝက်ကောင်တွေပါကွာ။ ဓာတ်ငွေ့လွှတ်မယ့်အခန်းထဲကို တန်းစီဝင်သွားတဲ့ဂျူးတွေနဲ့ ငါတို့
ဘဝဟာ ဘာခြားလို့လဲကွာ။ မြို့ပြဟာကွန်ဒိုတွေ တထပ်ပြီးတထပ် မြင့်တက်သွားသလို ငါတို့ရဲ့ငရဲဘုံဟာလည်း တထပ်ပြီးတထပ် နိမ့်နိမ့်ဆင်းသွားတာ ဘာများဆန်းလို့လဲကွာ။
(ဆယ့်ခုနှစ်)
ဧပြီ ၂၆ ရက်နေ့ ရက်စွဲနဲ့ရန်ကုန်ဟာ တအားပူခဲ့တာပေါ့။ smitt & wesson ၃၂ ဗို့ တလက်သာ လက်ထဲမှာ ရှိနေခဲ့ရင် ဆုံလည်ထဲမှာရှိတဲ့ ကျည်ဆံခြောက်တောင့်လုံးကို အကုန်ပစ်မိမှာပဲ။ မားဆိုးလည်း အခုလို ပူပြင်းတဲ့နေရောင်အောက်မှာပဲ ရှော့ခ်ဖြစ်သွားခဲ့တာ မဟုတ်လား။ မြို့ပြဟာ အယ်လ်ဂျီးရီးယားကမ်းခြေထက်တောင် ဆိုးနေပါလားကွာ။
( ဆယ့်ရှစ် )
အာရုံခံစားမှုတဲ့လား။ သွားစမ်းပါကွာ။ ဘယ်နေရာမှာများသွားပြီး အာရုံခံစားခိုင်းဦးမလို့လဲ။
ဒီကောင့် ရေဒါက ပျက်နေတာကြာပါပြီကွာ။ ခါတိုင်းဆို ဒီကောင်ဟာ သွေးစက်ကျရာ အမြဲလိုက်နေလေ့ရှိတဲ့ မြို့ပြငါးမန်းတကောင်ပေါ့။ တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ ကဗျာဆရာတယောက်ပေါ့။ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေလဲ။ ဒီကောင် အရင်ဦးဆုံး ရောက်ရှိနေ ခဲ့ပြီ။ သူ့ဘက်က ငြိမ်သက်နေရင်တောင် တိုက်ပွဲတွေဟာ သူရှိရာအရပ်ကို အာရုံခံပြီး လိုက်လာလေ့ရှိတာပေါ့။ နောက်ဆုံးပေါ်အနုပညာနဲ့ လက်နက်အသစ်အဆန်းမှန်သမျှ တအားစိတ်ဝင်စားခဲ့တဲ့ ကဗျာဆရာလူငယ်တယောက်ပေါ့။ ခုတော့ လော့ခ်ဟိရဲ့ F 35. A တစင်း
သူ့နားရွက်ဘေးက ရှပ်ပျံသွားရင်တောင် စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။ ဘာတွေဖြစ်နေလို့လည်းဆိုတာကိုတော့ မမေးနဲပေါ့ကွာ။ အနုပညာဆိုတာ လျာထားချက်ထက် ပြည့်မီကျာ်လွန်သွားအောင် ထုတ်လုပ်နေတဲ့ စည်သွတ်ဘူးစက်ရုံတခုမှ မဟုတ်တာကွာ။
သဇင် ၂၂ လမ်းကပြန်လာတော့ ညဟာပူနွေးနေခဲ့ပြီ။ ဝေါခနဲ ဖြတ်ဖြတ်မောင်းသွားတဲ့ ကယ်ရီတွေပေါ်မှာတော့ သွေ့ခြောက်မွဲရီနေတဲ့ နွမ်းလျအိမ်ပြန်လေးတွေပေါ့။ ငါ့ ခြေဖဝါးအောက်မှာ ကိုယ်ထူကိုယ်ထလမ်း။ ငါ့ လမ်းနံဘေးမှာ ကိုယ်ထူကိုယ်ထ လမ်းမီးတိုင်လေးတွေ။
၉ ၊ ၅ ၊ ၂၀၁၇
ည ၈း ၁၀ နာရီ