ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၃

(၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် UWSP က ကြီးမှူးကျင်းပပြုလုပ်သော ပန်ခမ်း တတိယအကြိမ်အစည်းအဝေးဓာတ်ပုံ)



ဗိုလ်ထက်မင်း – တိုင်းရင်းသား လက်နက်ကိုင် အာဏာရှင်လို့ ဆိုရမတဲ့လား – အပိုင်း ၃
(မိုးမခ) မေ ၁၄၊ ၂၀၁၇

၂၀၁၇ခုနှစ် မေလ ၄ ရက်နေ့ ထုတ် The Voice-new Myanmar ဂျာနယ်မှာ Yun Sun ရေးသားတဲ့ (USIP)က ထုတ်ပြန်တဲ့ China and Myanmar ‘ s peace process အပိုင်း(၇) ချွန်ထူးဟန်ဘာသာပြန်မှာ KIA  အကြောင်းပါတာမို့ ကိုးကား ကောက်နှုတ်ကာ အခြားအခြေအမြစ်ကရတာနဲ့ နှိုင်းယှဉ် တင်ပြပေးလိုက်ပါတယ်-၂၂။ “ Yun Sun က ဆက်လက်ဖေါ်ပြရာမှာ မည်သို့ပင်ဆိုစေကာမူ KIA အပါအဝင် မည်သည့်လက်နက်ကိုင်အုပ်စု၏ နိုင်ငံရေး၊ စီးပွါးရေးစေ့စပ်ညှိနှိုင်းမှုများက မပါမဖြစ်လိုအပ်တဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို အမှန်တကယ် လိုလားသနည်း ဟူသည်ကို တရုတ်အရာရှိကြီးများက မေးခွန်းထုတ်လာကြတယ်လို့ဆိုပါတယ်။ တရုတ်အတွက်မူ KIA ရဲ့ရပ်တည်ချက် သဘောထား မသေချာ၊မရေရာ ဖြစ်နေခြင်းက မဝေးကွာတဲ့ အနာဂတ်
တွင် ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖွယ် မရှိ၊ ဟူသော အချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်၊”

“ဒါကြောင့် စေ့စပ်ညှိနှိုင်းမှူများပြုလုပ်လာရေးအတွက် KIA နဲ့ UNFC တို့ကို တရုတ်တို့က တွန်းအားပေးရန်  မက်လုံးကြီးကြီးမားမား မရှိသော်လည်း အပြောင်းအလဲမြန်မှုများနဲ့ အဆုံးစွန်သော ဦးတည်ချက်များနဲ့ ပတ်သက်တဲ့ သံသယများမှာ နက်နက်ရှိုင်းရှိုင်းပင် အမြစ်တွယ်နေတော့မည်ဖြစ်တယ်လို့”ဖေါ်ပြထားပါတယ်။

၂၃။ KIA နဲ့စပ်လျဉ်းပြီး ထိပ်ပိုင်းခေါင်းဆောင်များနဲ့နီးစပ်သူ မြစ်ကြီးနား မိတ်ဆွေတစ်ဦးထံ မေးကြည့်ရာ သူက DAB မှ KIA ထွက်တဲ့ သတင်းကို မမှန်ကန်ဖူးလို့ဆိုလာပါတယ်။

“ဗိုလ်ထက်ရေ၊ အဲဒီတုံးက လူကြီးပိုင်းညှိပြီး အသိပေးပြီးမှ ထွက်ကြတာပါ။ တချို့က မသိတော့ သစ္စာဖေါက်
တယ်လို့ ထင်ကြတယ်။  သမိုင်းကြောင်းအရ မှားသွားရင်မကောင်းဖူး ၊လျှို့ဝှက်ကိစ္စဖြစ်တာမို့လူကြီးပိုင်းသာ
အသိဆုံးဖြစ်လို့ KIA လူကြီးတွေကို ကျနော် မေးပြီးပြီဗျ။”လို့ဆိုသွားပါတယ်။

ရှမ်းနီလူမျိုး တပ်မတော်အရာရှိဟောင်းတစ်ဦးကမူ “KIAဟာ လူမျိုးရေးနဲ့ ဘာသာရေးအခြေခံကာ စည်းရုံးပြီး  နိုင်ငံရေးမူဝါဒတွေ အစွန်းရောက်နေတာ တွေ့ရနေပါတယ်၊ ဗမာတွေကဘဲ ပင်လုံ ကတိပျက်နေတာ၊ အနိုင်ကျင့်နေသယောင် မသိနားမလည်တဲ့ ကချင် လူမျိုးများကို အထင်အမြင်လွှဲမှားစေဖို့ တဆိတ်ကို တအိတ်လုပ် ချဲ့ကားပုံရိပ်ဖေါ်ကာ သူတို့ကိုထောက်ခံမှု “အား” ရအောင်လုပ်နေတာဖြစ်ပါတယ်။ တန်းတူရည်တူလို့
ပြောနေတဲ့ KIA ကိုယ်တိုင်က ဂျိမ်းဖေါလူမျိုးကြီးဇာတ်သွင်းကာ ကချင်ပြည်နယ်ရှိ အခြားတိုင်းရင်းသား လီးစူး၊ ရှမ်းနီတွေကို နှိပ်ကွပ်တာကြတော့ ရေငုံနှုတ်ပိတ်နေတာကို မေးခွန်းထုတ်သွားပါတယ်။”

ကချင်ပြည်နယ်လူဦးရေ အချိုးအစားအတိုင်းဆိုရင် အခြားလူမျိုးတွေပါရှိမှု လူဦးရေရာခိုင်နှုန်းမြင့်နေတာ တွေ့နေရပါတယ်။ သူတို့ရဲ့အခွန်၊ ပြည်သူကတော့ အကောက်ကောက်၊ ဆက်ကြေးခေါ်ကာ တောင်းခံတာနဲ့စပ်လျဉ်းပြီး  ကြမ်းတမ်းလွန်းပြီး မရရင် ပစ်သတ်၊ မိုင်းခွဲ ၊ပြန်ပေးဆွဲ၊ အနုကြမ်းစီးတဲ့ ဖြစ်စဉ်တွေဟာ အခြားတိုင်းရင်းသားတွေကပါ စိတ်ပျက်စရာဖြစ်ပါတယ်။ တချို့နယ်တွေမှာ KIA အခြေချ မဖူးတဲ့ စစ်ကိုင်းလို၊ မူဆယ်အစိုးရဘဏ် နေရာမျိုးတွေမှာ အကောက်ကောက်တာလိုမျိုး၊ သယံဇတရှိမည်ဆိုတဲ့ နေရာမျိုးတွေနဲ့ စခန်းသစ် တည်ဆောက်တာလိုမျိုး ခြေဆန့်လက်ဆန့် Space ချဲ့လုပ်လာတာကြောင့် တပ်မတော်နဲ့ ထိပ်တိုက်တွေ့တိုက်ပွဲတွေ ဖြစ်လာရတာလည်း ပါတယ်။ လူသစ်စုဆောင်းတာဟာ ကချင်အမျိုးသားရေး မလုပ်မနေရဆိုကာ အိမ်ထောင်စု အရွယ်ရောက်ပြီးသူ ယောက်ျားလေးတွေ စစ်ထဲဝင်ရမည်ဆိုကာ နောက်ပိုင်း မိန်းကလေးတွေကိုလည်း လိုအပ်ချက်အရ သွတ်သွင်းနေတာ ရှိပါတယ်။ ကျန်လူမျိုးတွေကိုလည်း ဇွတ်သွင်းမည်လုပ်တော့ ဆန့်ကျင်နေတာ မြင်ရကြားနေရပါတယ်။

၂၄။  နောက်ဆုံးဆောင်းပါးရေးနေဆဲမှာပင် ဝင်လာတဲ့သတင်းအရ NCA လိုင်း အတိုင်းဝင်လာမည့် UNFC အဖွဲ့ဝင် အများစုက လက်မှတ်ထိုးမည့်ဆန္ဒကို တားဆီးလို့ မရနိုင်တော့တဲ့အတွက် အဖွဲ့မှ နှူတ်ထွက်တော့မည့် သတင်းဖြစ်ပါတယ်။ ဒီလိုဆိုရင် တင်းမာတဲ့လိုင်းကို မေးတင်ထားတဲ့ UWSA နဲ့ ပူးပေါင်းတော့မလား၊ တဖွဲ့တည်းနဲ့ အစိုးရကို တိုက်ရိုက်ဆွေးနွေးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ စာပေါက်ကြားတယ် ဆိုကတည်းက အထဲမှာ အုပ်စု အကွဲအပြဲရှိနိုင်ပါတယ်။

UNFC ထဲမှ KNPPနဲ့ NMSP တို့က NCA ထိုးမည့် အရိပ်အယောင်များပေါ်ထွက်လာလို့ KIA ဟာ ထီးထီးချည်းနေလို့မရတော့ဘဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖွဲ့ကာ UWSA ခေါ်တဲ့အစည်းအဝေးကို သွားရောက်တက်တာတွေ့ရပါတယ်။ KIA ဟာ လှေနံနှစ်ဘက်းနင်းကာ ခွချက်လုပ်ပေမဲ့ ယင်း၂ဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ မူဝါဒဟာ မတူညီကြလို့ ပြည်တွင်းက နိုင်ငံရေးသုတေသီတစ်ဦးဆောင်းပါးမှာ KIAဘယ်လိုလုပ်မှာလဲ မေးခွန်းထုတ်လာသလို ရေရှည်ဆက်သွားလို့ မဖြစ်နိုင်ဖူးဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ KIA ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ NCA လက်မှတ်မထိုးဖို့ ဆင်ဝှေ့ရန်ရှောင်တတ်နိုင်သမျှ အချိန်ဆွဲနေတယ်လို့ ဆိုချင်ပါတယ်။

၂၅။ ဒေသဖွံဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့စားဝတ်နေရေးကို မြစ်ကြီးနား ရေအားလျှပ်စစ်ပေးတာကလွှဲလို့ ကျန်တာ မယ်မယ်ရရ မလုပ်ပေးနိုင်တာတွေ့ရပါတယ်။ ကချင်ဒုက္ခသည်စခန်းများမှာ ဆန်ရိက္ခာပြတ်လပ်မှူ ကြုံတွေ့နေရပြီဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်စခန်းကို သွားရောက်ပံ့ပိုးမှု ပြုလုပ်ခဲ့ရပါတယ်။ နောက်ပိုင်း သင်းအုပ်ကျမ်းစာ ဆရာတော်တချို့က KIA ကို လက်မှတ်ထိုးဖို့ တိုက်တွန်းနေတယ်လို့ ကချင်မိတ်ဆွေများထံမှ သိရပါတယ်။

၂၆။ KIA ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးပြီးပြန်လာတဲ့ UNFC ကိုယ်စားလှယ်DPNခေါင်းဆောင် ဦးခူးရယ်တို့ တင်ပြချက်အပေါ် မူ အားဖြင့် သဘောတူယုံသာရှိလို့ စိတ်မချရသေးလို့ အသေးစိတ် ထပ်ဆွေးနွေပါ၊ ဝအဖွဲ့ထဲ KIA ပါဝင်မှူနဲ့စပ်လျဉ်းပြီး အဖွဲ့ဝင်အချို့က မေးတာကို ဘဝင်မကျဖြစ်တယ်လို့ ချင်းမိုင်သတင်းတရပ်က သိရပြီး အစည်းအဝေးကို ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပါတယ်။ အစိုးရက လိုက်လျောပေးနေတာကို ဒီလိုလုပ်ရပ်ဟာ အချိန်ဆွဲနေတာလား၊ ဥက္ကဌဆိုပြီး အာဏာရှင်စရိုက်လက္ခဏာအရ တဖက်သတ် လုပ်တာလားဆိုတာ KIA ခေါင်းဆောင်တွေကို စစ်ဖက်နီးစပ်သူများက မေးခွန်းထုတ်လာခဲ့ပါတယ်။

UWSA

၂၇။ UWSA ကတော့ ပါတီရုပ်ပြသာဖြစ်ပြီး ပါတီဥက္ကဌနဲ့ တပ်ချုပ်တွဲထားတာမို့ တပ်ကသာ လွှမ်းမိုးနေတာ
တွေ့ရပါတယ်။ လွှတ်တော်အတွင်းရွေးခံရတဲ့ ဝ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေဟာ UWSA နောက်ကွယ်မှ ကြိုးကိုင်နေတာရှိပါတယ်။ UWSAရဲ့ မူဝါဒတွေဟာ အောက်တင်ပြပါ The Voice တွင်ပါတဲ့အတိုင်း တရုတ်ပြည်ရဲ့အကျိုးစီးပွါးကို အမှီပြုကာ သူတို့ရဲ့တရားမဝင်ငွေမဲကို ငွေဖြူဖြစ်ရေးအတွက် အစီအစဉ်ပါသလို တရုတ်ရဲ့မဟာဗျုဟာစီမံကိန်းကြီး One Belt and Road ကို အရှိန်အဝါ အားကိုးနဲ့ ဝ အထူးဒေသအား အရှေ့တောင်အာရှရဲ့ တရုတ်လွှမ်းမိုးရာ ဗဟိုချက်မ ဖြစ်လာရေး တချက်ခုတ်၂ချက်ပြတ် အစီအစဉ်ဖြစ်နေပါတယ်။

၂၀၁၇ခုနှစ် မေလ၂ရက် နေ့ထုတ် The Voice-new Myanmar ဂျာနယ်မှာ Yun Sun ရေးသားတဲ့ (USIP)က ထုတ်ပြန်တဲ့ China and Myanmar’s peace process အပိုင်း(၆) ချွန်ထူးဟန်ဘာသာပြန်မှာ UWSA အကြောင်းပါတာမို့ကိုးကား ကောက်နှူတ် ကာ တင်ပြပေးလိုက်ပါတယ်။

“၂၀၁၅ခုနှစ်အတွင်း လက်နက်ကိုင်အုပ်စုများအပေါ် Yucheng Group နဲ့ ယင်းအုပ်စုရဲ့ကြီးမားတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှူမှာ ထင်ရှားတဲ့ သာဓကပင်ဖြစ်တယ်လို့ ဆိုတယ်၊ရာဇဝတ်မှူဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းခံရတဲ့ Yucheng Groupဟာ တရုတ်နိုင်ငံပုဂ္ဂလိက ဘဏ္ဍာရေးကုမ္ပဏီ ဖြစ်ပြီး အန်ဟွာပြည်နယ်မှ Ding Ning တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်တယ်။ ၂၀၁၅ခုနှစ်အစောပိုင်းကာလတွင် MNDAA က ဟန်လူမျိုးအတွက် တိုက်ပွဲဝင်ဖို့ ကူညီထောက်ပံ့ပေးရန် ကမ္ဘာတဝှမ်းမှ တရုတ်လူမျိုးများကို မေတ္တာရပ်ခံပြီးနောက် Yucheng Group လည်း ပတ်သက်လာတယ်လို့ဆိုတယ်။ ရှမ်းပြည်နယ်ဒေသခံ တိုင်းရင်းသားများရဲ့အဆိုအရ Ding Ning က ကိုးကန့်တပ်ဖွဲ့အတွက်ယွမ်ငွေ ၁၀သိန်း ပေးလှူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း Yucheng Group တွင် ၄င်းရဲ့ငွေကြေးထောက်ပံ့ခံ ကုမ္ပဏီသည် ဝ အထူးဒေသတွင် Yucheng Group အရှေ့တောင်အာရှ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်ထူထောင်ရန် ဝ တပ်ဖွဲ့နဲ့ သဘောတူညီချက် ရရှိထားပါတယ်၊ ယင်းဇုန်အတွက် ရင်းနီးမြှပ်နှံမှု တန်ဖိုးမှာ ယွမ်ငွေ ၄၀ ကျပ်ဘီလီယံဖြစ်ပြီး အရှေ့တောင်အာရှဒေသ ယူနီယံဘဏ် ထူထောင်ရန် ပါဝင်ပါတယ်။ ယင်းကုမ္ပဏီရဲ့ တရားမဝင်ငွေမည်း ယွမ်ငွေ ဘီလီယံ ၅၀ စာရင်းထဲမှ ပျောက်သွားပြီး မြန်မာနိုင်ငံထဲရောက်ပြီး ဝ တပ်ဖွဲ့အတွက် လက်နက်ခဲယမ်း ရောင်းချပေးရေးစီစဉ်ပေးခဲ့တယ်လို့” သူက ဆိုပါတယ်။

၂၈။ “Caixin မဂဇင်းက Yucheng Group ဟာ တရုတ်ပြည်တွင် တရားမဝင် ရှာဖွေစုဆောင်းခဲ့တဲ့ ဘဏ္ဏာ
ငွေများကို ငွေကြေးခဝါချပစ်နိုင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်အုပ်စုကို အသုံးချနေခြင်းဖြစ်ကြောင်း၊ ဝ တပ်ဖွဲ့ရဲ့ ငွေကြေးခဝါချသည့် လမ်းကြောင်းများမှာ ထိုင်းနဲ့စင်္ကာပူနိုင်ငံတို့တွင် ဖြစ်ကြောင်း၊ ဝတပ်ဖွဲ့ အပါအဝင် တိုင်းရင်သားလက်နက်ကိုင်အုပ်စုများ မှတဆင့် ပြည်ပသို့ ငွေကြေးများ ထွက်သွားသည်ဟူသော သီအိုရီကို အတည်ပြုပေးနိုင်ရေးအတွက် ကုမ္ပဏီရဲ့ တရားမဝင် ဘဏ္ဍာငွေအများစုကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသေးကြောင်း” သူရေးသားဖေါ်ပြထားပါတယ်။ ကုမ္ပဏီကမူ ဝ တပ်ဖွဲ့တွင် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှပ်နှံမှူများများပြုလုပ်ခြင်းဟာ တရုတ်အစိုးရရဲ့ Belt and Road မဟာဗျုဟာစီမံကိန်းကြီး ပံ့ပိုးနိုင်ရန်ဖြစ်ကြောင်း၊ ၄င်းစီမံကိန်းကြီးရဲ့ အဓိကရည်မှန်းချက်မှာ ဝ အထူးဒေသကို အရှေ့တောင်အာရှအတွက် တရုတ်သြဇာလွှမ်းမိုးမှုဆိုင်ရာ ဗဟိုချက်မဖြစ်လာရေးဖြစ်ကြောင်း” Yun Sun က ဖေါ်ပြထားပါတယ်။

၂၉။ “Yucheng Groupရဲ့ လုပ်ငန်းလည်ပတ်မှုများကို ကြည့်မည်ဆိုလျှင် ၂၀၁၅ခုနှစ် အတွင်း တိုင်းရင်သား
လက်နက်ကိုင်အုပ်စုများအတွက် တရုတ်နိုင်ငံရဲ့ကြီးမားနက်ရှိုင်းတဲ့ ပံ့ပိုးမှုတစ်ရပ် ရှိခဲ့သည်ဟူသော ခိုင်မာတဲ့ ရှင်းလင်းချက် တစ်ရပ်မှာ ပေါ်လွင်လာမည်ဖြစ်ကြောင်း၊ Yucheng Group အနေနဲ့ ခွင့်ပြုချက်နဲ့လုပ်ကိုင်
ခဲ့ခြင်းလော၊ သို့မဟုတ် အနည်းဆုံး တရုတ်အစိုးရရဲ့သိရှိမှုဖြင့် လည်ပတ်ခဲ့ခြင်းလော ဟူသည့်မေးခွန်းမှာ ရှင်းလင်းသိရှိနိုင်မည် မဟုတ်ကြောင်း၊ နောက်ဆုံးအနေနဲ့ Yucheng Group ဟာ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေး မခံမှီကတည်းက ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများတွင် ချန်ပီယံလုပ်ငန်းအုပ်စု တခုအဖြစ် တရုတ်ပြည်မှာ ချီးကျုးပြောဆိုခံခဲ့သလို ယင်းလုပ်ငန်းအကြောင်း တရုတ် CCTV ကကျယ်ပြန့်စွာ ထုတ်လွှင့်ခဲ့သေးကြောင်း၊ ယင်းအုပ်စုရဲ့ အဆိုအရ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်နဲ့ အရှေ့တောင်အာရှ ယူနီယံဘဏ်အတွက် ဝ တပ်ဖွဲ့နဲ့ ၄င်းတို့သဘောတူညီချက်ကို တရုတ်အစိုးရအေဂျင်စီများက ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ကုမ္ပဏီဟာ ၂၀၁၅ခုနှစ်တွင် ၄င်းအုပ်စုအတွက် ပြည်သူ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ခဲ့ပြီး ယင်းတပ်ဖွဲ့ဖွင့်ပွဲ အခမ်းအနားကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ပြည်နယ်ဒေသဆိုင်ရာ စစ်ဘက်အရာရှိကြီးများနဲ့ ပြည်နယ် အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း၊ ယင်းအစိုးရကိုယ်စားလှယ်များနဲ့ အရာရှိကြီးများဟာ တရုတ်အစိုးရ တပ်ဖွဲ့ကို ကိုယ်စား မပြုဘဲ Yucheng Group ရဲ့လုပ်ကိုင်ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးဗျုရိုကရေစီယန္တရားတွင်း တိုက်ပွဲတစ်ရပ်ပေါ်လာအောင် သွေးထိုးလှူံ့ဆော်ပေးခဲ့ပြီး နောက်ဆုံးတွင် Yucheng Group ကျဆုံးခန်းရောက်အောင် လုပ်ဆောင်ခဲ့ကြောင်း” Yun Sun က ရေးသားဖေါ်ပြထားပါတယ်။

၃၀။ NCA ဟာ ဒီမိုကရေစီကို ဖေါ်ဆောင်မည်ဖြစ်ရာ UWSA ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွါးကို စွန့်လွှတ်ရမှာဖြစ်နေလို့ ညီလာခံကို မူလကတည်းက မတက်ရောက်ခဲ့တာဖြစ်တယ်။ UWSA ဌာနချုပ် ပန်ဆန်းမှာ ဧပြီလက တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်း (ရ) ဖွဲ့နဲ့အတူ ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းလိုက်ကာ အစိုးရက ဆောင်ရွက်နေတဲ့ NCA လမ်းကြောင်း ပြင်ပမှ ဆွေးနွေးဖို့တောင်းဆိုလိုက်တယ်။ သူတို့ရဲ့ကြေညာချက်တွေဟာ NCA အပေါ် ဝေဖန်ပြင်းထန်တာမို့ အစိုးရနဲ့ တပ်မတော်က လက်မခံဘဲ NCA လမ်းအတိုင်းဘဲ သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။ ဝ ခေါင်းဆောင်တွေဟာ မူလကတည်းက အခြားတိုင်းရင်သားလူမျိုးကြီးတွေရထားတဲ့ ပြည်နယ်အဆင့်အတန်းေ တာင်းဆိုနေရာ တကယ်လို့ပေးလိုက်ခဲ့ရင် ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်၊ အခွင့်အာဏာ ပိုမိုရရှိမှာမို့ ကိုယ်ကျိုးစီးပွါးအတွက် ငွေမဲများကို ငွေဖြူဖြစ်အောင် ဥပဒေလက်တလုံးခြားလုပ်နိုင်ပါတယ်။ သူတို့ရဲ့အစိုးရကို ဆက်ဆံရေး၊ အပြုအမူ၊ ဆောင်ရွက်ချက်၊ ကြေညာချက်တွေဟာ အပြုသဘောမဆောင်ဘဲ ထိပ်တိုက်ရင်ဆိုင်မှူ လမ်းကြောင်းပေါ်ဆွဲတင်စေတဲ့ မောက်မာတင်းမာကြတဲ့ အာဏာရှင်အသွင် စရိုက်လက္ခဏာတွေကြောင့် ခွဲမထွက်ပါဖူးလို့ သူတို့ရဲ့ဂတိစကားကို ဘယ်လိုပုံစံမျိုးနဲ့ ယုံကြည်ရမလဲ ဆိုတာ မေးခွန်းထွက်လာပါတယ်။

ဥပမာ – လားရှိုး ဝ ဆက်ဆံရေးရုံးမှတစ်ဦး တောင်ကြီးမှာသေနတ်ဖေါက်လို့ အရေးယူခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မိမိလူမှားနေတာကို မမြင်ဘဲ ကြေညာချက်ဟာ အထက်စီးဆန်လွန်နေတာ တွေ့ရပါတယ်။

၃၁။ UNFC အဖွဲ့လက်မှတ်ထိုးလိုက်ရင် NPRC PROCESS ဟာ ပိုပြီးတောင့်တင်း မြိုင်ဆိုင်သွားမှာဖြစ်လို့ သဘောတူညီချက်တွေ ဆက်တိုက်ရလာကာ ဖက်ဒရယ်အနီးစပ်ဆုံးဖြစ်တဲ့ အခြေခံဥပဒေလည်းပြင်ဆင်ခွင့်ပေးဖို့ အချိန်ရောက်ရင် လမ်းဆုံလမ်းခွမှာ UWSAကို အတူတူတွဲလိုက်မလား၊ မလိုက်ဖူးလား၊ ပြတ်ပြတ်သားသား မေးရမည့်ကိန်းဆိုက်မှာ ဧကန်မလွှဲကြုံရပါလိမ့်မယ်။ တပ်မတော်ဟာ UWSA နဲ့ပတ်သက်လာရင် အင်အားကြီးလို့ အခြားတိုင်းရင်းသားတွေနဲ့မတူဘဲ အလျှော့ပေးလွန်းတယ် ဆိုပြီး စွပ်စွဲခံထားရာ အဲဒီအခါ ကျန်တဲ့တိုင်းရင်သားတွေနဲ့ ချစ်ကြည်ရင်းနီး၊ ယုံကြည်မှူတည်ဆောက်ထားပြီး တည်ငြိမ်မှု ငြိမ်းချမ်းရေးရထားလို့ တပ်အင်အားတစုတစည်းတည်း အင်အားသုံး စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြောတော့ တပ်မတော်က စတင်မှာမဟုတ်ဘဲ နှစ်ပါးသွားအက ကချင်နေပေမဲ့ ဘီးလူးဆိုင်းတီးနေတဲ့ UWSAကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာဖို့ အတန်တန်ပျက်ကွက်နေရင် စိတ်မရှည်တော့တဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တိုက်ပါလို့တောင်းဆိုလိုက်တယ်ဆိုရင်တော့ ထိုးစစ်မလွှဲမရှောင်သာ စတော့မည်ဆိုပါက သမိုင်းတရားခံဟာ UWSA သာဖြစ်ပါတော့မယ်။

(ဆက်လက် ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts