မောင်ရစ် – မိုးမခ ဘာလဲ ဘယ်လဲ
အယ်ဒီတာ့လက်ရေး
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၇
မိုးမခကို စတင်ခဲ့တုန်းကတော့ အောက်ပါ အချက်အလက်ကို အခြေခံပြီး ထူထောင်ခဲ့ကြတာပါ။
အမေရိကန်နှင့် ပြည်ပတိုင်းပြည်များသို့ ပြောင်းရွှေ့လာကြရသော မြန်မာ
စာနယ်ဇင်းသမားများ၊ မြန်မာအမျိုးသားရေး ဆောင်ရွက်နေသူများကို အခြေပြုပြီး၊
မြန်မာ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသား
ပြောဆိုခွင့် တို့ တင်ပြနိုင်ရန် နှင့် ပြည်တွင်း၊ ပြည်ပရှိ
မြန်မာလူမှုမိသားစုများ၏ ခေတ်ပြိုင် ခံစားချက်၊ အတွေ့အကြုံတို့ကို
မျှဝေကိုယ်စားပြု နိုင်ရန်၊ အတွက် မိုးမခကို ၂၀၀၃ ခုနှစ် ဧပြီလတွင် စတင်
ထူထောင်သည်။
အွန်လိုင်းမှာ ၀က်ဆိုက်တို့၊ ဘလောက်တို့၊ ဖေ့စ်ဘွတ်တို့နဲ့ လွှင့်တင်ခဲ့ရာမယ် စေတနာတူသူတွေ စုပြီး ၀ိုင်းဝန်း လုပ်ကိုင်ကြတာများပါတယ်။ စာမူခတွေ ဥာဏ်ပူဇော်ခတွေလည်း ပေးနိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ စေတနာရှင်တွေက ၀ိုင်းရေးပေးကြတာတွေနဲ့ အွန်လိုင်းပေါ်က နှစ်သက်ရာစာတွေကို ကူးယူဖော်ပြကြတာတွေနဲ့ ဆောင်ရွက်ခဲ့ကြတာချည်း ဖြစ်ပါတယ်။ သည်လိုနဲ့ အဓိက စာရိတ်စကဆိုတာကို စိုက်ထုတ်နိုင်သူတွေက စိုက်၊ အလှူရှင်တွေက လှူတာနဲ့ လုပ်ကိုင်ကြတာဆိုတော့ မိုးမခမူပိုင်ခွင့်ဆိုတာ ဘာမှ မရှိပါ။ စာရေးသူကိုယ်တိုင်က ကိုယ့်စာမူကို ပိုင်ဆိုင်တယ်လို့ပဲ သဘောထားခဲ့ကြတာ ဖြစ်ပါတယ်။ သူများဆီက ကူးယူဖော်ပြသလို သူများတွေက တဆင့်ကူးယူဖော်ပြတာကိုလည်း ကြည်ကြည်ဖြူဖြူ ထားရှိခဲ့ကြပါတယ်။
သည်လိုနဲ့ပဲ ပြည်တွင်းမှာ ၂၀၁၄ကစပြီး ပုံနှိပ်မဂ္ဂဇင်း အသက်သွင်းနိုင်ခဲ့တော့ ပြည်တွင်းစာမူရှင်တွေကို ဦးစားပေးပြီး နိုင်သလောက် စာမူခပေးခဲ့ပါတယ်။ အချို့တွေကလည်း စာမူတွေကို ဆက်ပြီး စေတနာနဲ့ ဆက်လက် သုံးစွဲခွင့်ပေးခဲ့ကြပါတယ်။ စေတနာရှင်စာရေးသူတွေဆိုတာကတော့ ဘာမှ ထူးထူးခြားခြား တောင်းဆိုတာ မရှိပါ။ ရေးချင်လို့ ရေးပြီး ထည့်ချင်လို့ ထည့်ကြတယ်လို့ပဲ သဘောမျှခဲ့ကြပါတယ်။ စေတနာရှင် ပင်တိုင်စာရေးသူတွေနဲ့ နားလည်မှုကတော့ သူတို့အာဘော်ဟာ သူတို့ကိုယ်ပိုင် အာဘော်တွေ ဖြစ်တယ်၊ မိုးမခအနေနဲ့ကလည်း ပင်တိုင်တွေကို ယုံကြည်လေးစား ချစ်ခင်မှု ရပ်တည်မှုအပေါ်မူတည်ပြီးတော့ သူတို့အာဘော်တွေကို လိုလိုလားလားနဲ့ မျှဝေတင်ဆက်ပေးချင်တာ အဓိကအဖြစ်နဲ့ တင်ဆက်ပေးနေကြတာပဲ ဖြစ်ပါတယ်။
သို့သော်လည်း စာဖတ်သူနဲ့ ဖြန့်ချိရေး နယ်ပယ် ကျယ်ပြန့်လာတဲ့နဲ့ အမျှ မြန်မာပြည်တွင်းမှာလည်း လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် အာမခံချက် အနည်းအများ ရှိလာတာနဲ့ အမျှ မေးခွန်းတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရပါတယ်။ မိုးမခဆိုတာက စေတနာရှင်တွေ ယုံကြည်ချက်တူညီသူတွေနဲ့ အွန်လိုင်းကနေ ဖြစ်ပေါ်လာတာကနေ ပုံနှိပ်စာစောင်အဖြစ်ကိုပါ ကူးပြောင်းလာတာဆိုတော့ ပြည်တွင်း ပြည်ပက ပရိုဖယ်ရှင်နယ်ဆန်ဆန် ဆိုကြပါစို့ ထူထောင်ရပ်တည် ဖြန့်ချိလာတဲ့ အခြားမီဒီယာတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ဖွဲ့စည်းပုံပိုင်းဆိုင်ရာတွေမှာ နှိုင်းယှဉ်ကြည့်ပြီး မတူကွဲပြားမှုတွေကို မေးခွန်းထုတ်လာကြတဲ့ သဘောပါ။
စေတနာအရ ၀ါသနာအရ ထူထောင်ထားတာမို့ ငွေကြေးပိုင်ဆိုင်ရာ မူပိုင်ခွင့်ဆိုင်ရာတွေမှာ သူများတွေလို တန်းမီ လမ်းမီ မရှိနိုင်သော်လည်း မီဒီယာမူဝါဒ၊ အာဘော်၊ ဖွဲ့စည်းပုံဆိုင်ရာတွေမှာတော့ အများပြည်သူ ကျေနပ်ဖွယ်ရာဖြစ်မယ့် စည်းလေး စနစ်လေးတွေတော့ ရှိသင့်တယ် ဆိုကြတာကြောင့် အများနည်းတူ ကြိုးစားပြီးတော့ ထားရှိတာလေးတွေလည်း ကြိုးစားလာခဲ့ပါတယ်။ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ ဖေ့စ်ဘွတ်ယဉ်ကျေးမှုက ထွန်းကားတော့ မိမိကြိုက်နှစ်သက်ရာ စာမူတွေကို မိုးမခမှာ ကူးယူပြီး တင်ကြတဲ့နေရာမယ် ယခင်ကတော့ ဘယ်ကနေ ကူးယူတယ်ဆိုပြီး မူရင်းကို ကရက်ဒစ်ပေးသော်လည်း ယခုအချိန်မှာတော့ဖြင့် မူလပိုင်ရှင်ဆီက အရင်ကြိုတင်ခွင့်ပြုချက် တောင်းပြီး ရတော့မှသာလျင် တင်ဆက်ဖြစ်ပါတော့တယ်။ မူလပိုင်ရှင်များက နောက်မှ ကန့်ကွက်လာရင်လည်း တောင်းပန်ပြီးတော့ ဖြုတ်ချပေးတာမျိုးတွေ ရှိလာပါတယ်။ မိမိတို့နဲ့ စာပေမိတ်ဆွေတွေ ဖြစ်နှင့်ပြီးသား သူတွေရဲ့ စာမူတွေကတော့ ဟိုးအရင်က ထုံးစံအတိုင်း ယူတင်နေဆဲပါပဲ။ သူတို့တွေကတော့ ပြောစရာမှ မလိုတာကိုးလေ။ နောက်မိတ်ဆွေသစ်တွေ မျိုးဆက်သစ်တွေနဲ့ ပတ်သက်ရင် လေးစားသမှု ယဉ်ကျေးမှု ထားရှိတဲ့ သဘောဖြစ်ပါတယ်။
နောက်တခုကတော့ စာရေးသူ အာဘော်ကိစ္စပါ။ စာရေးသူရဲ့ အာဘော်ဆိုတာ သူ့အာဘော်ပဲ ဖြစ်ပါတယ်။ အယ်ဒီတာ့အာဘော် မဟုတ်ပါ။ သို့သော်လည်း အယ်ဒီတာများက စာရေးသူရဲ့ အာဘော်၊ အနုပညာ၊ တင်ဆက်မှုကို နှစ်သက်သဘောကျလို့ ရွေးချယ်တာ၊ ကူးယူတာ တင်ဆက်တာ ဖြစ်ပါတယ်။ မီဒီယာတိုက်ရဲ့ အာဘော်နဲ့ ထပ်တူ ဖြစ်ချင်မှ ဖြစ်ပါမယ်။ တနည်းအားဖြင့်ကလည်း စဉ်းစားစရာ ရှုဒေါင့် အသစ် အမြင် တမျိုးအနေနဲ့ ဆင်ခြင်နိုင်အောင် သိနိုင်အောင် တင်ဆက်ရတာတွေလည်း ရှိပါတယ်။ သူ့အာဘော်တွေ အားလုံးကို ကြိုက်နှစ်သက်လို့ ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဥပမာ – ငြိမ်းချမ်းရေးကိစ္စတွေမှာ အမြင်တွေ သဘောထားတွေ သုံးသပ်ချက်တွေ တူချင်မှ တူမှာပါ။ အဲသည်ထဲက အယ်ဒီတာတွေက အာဘော်ချင်း မတူသော်လည်း စာဖတ်သူတွေအတွက် လေ့လာဆင်ခြင်နိုင်လေမလားလို့ တင်ဆက်ရတာတွေ ရှိပါတယ်။
ယခင်တုန်းက ပြည်ပစာနယ်ဇင်းအဖြစ် ရပ်တည်နေတုန်းကတော့ မသိသာပေမယ့် ပြည်တွင်း ပြည်ပ စာနယ်ဇင်းတွေ စာရေးသူတွေ များပြား ကျယ်ပြန့်လာတဲ့အခါ အာဘော်ကိစ္စမှာ ပြည်ပစာဖတ်သူတွေက မသိသာသော်လည်း ပြည်တွင်းစာဖတ်သူတွေဖက်က မျက်ခုံးပင့်စရာ ဖြစ်လာတာမျိုးတွေ ရှိလာတော့ ကျနော်တို့က ဒါကိုလည်း အခုလို ရှင်းပြရတာဖြစ်ပါတယ်။
တလောကတင် မိုးမခဆိုတာက လက်ဝဲအယူအဆသန်သူတွေရဲ့ ပါးစပ်ပေါက်လားလို့ အမေးခံရပါတယ်။ မြင်သမျှ တွေးသမျှထဲက စဉ်းစားဆင်ခြင်စရာကိုပဲ ခေတ်နဲ့အပြိုင်လိုက်ပြီး တင်ဆက်ရတာပါ။ အမေရိကန် ရွေးကောက်ပွဲအကြိုကာလမှာ fake news တွေ hate news တွေအကြောင်း အတော် ရေးခဲ့ကြရပါတယ်။ သည်တော့ စာဖတ်သူတချို့က ဒေါ်နယ်ထရန့်ကို ဆန့်ကျင်တဲ့၊ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်တွေကို တိုက်ခိုက်နေတဲ့ စင်လို့တောင် ထင်ကြတယ်။ သူတို့ကို ဆန့်ကျင်တဲ့ အာဘော်မဟုတ်ပါ။ ပညာဗဟုသုတနည်းတဲ့ ပရိသတ်ကို သွေးထိုး လှုံဆော်ပြီး ကိုယ်လိုရာ သိမ်းသွင်းတဲ့ အာဘော်မျိုးတွေ ရည်ရွယ်ချက်တွေကို ဆန့်ကျင်ပြီး ထောက်ပြတဲ့ သဘောပါ။ ဒေါ်နယ်ထရန့် နိုင်သွားတော့ရော ဘာဖြစ်သလဲ၊ ဘာမှ မဖြစ်ပါဘူး။ သင်ခန်းစာ ယူနိုင်သလောက် ယူပြီး ကိုယ့်အလုပ်ကို ဆက်လုပ်ကြရတာချည်းပါပဲ။
သည်တော့ ကျနော်တို့က အမုန်းမပွားရေး၊ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ အပြန်အလှန် လေးစားမှု ထားရေး၊ လုပ်ကြံအချက်အလက်အမှားများ မပါဝင်ရေးဆိုတာကို ဦးစားပေးအချက်တွေ ထားပြီး လုပ်ကိုင်ကြရန်လို့တော့ မိုးမခ၀ိုင်းတော်သားများနဲ့ တွေ့ဆုံကြတဲ့အခါ အကြမ်းအားဖြင့် ချမှတ် သဘောထားများ ချခဲ့ကြပါတယ်။
လက်ရှိအစိုးရဟာ ဒီမိုကရေစီအလေးသာတဲ့ အစိုးရ၊ ပြည်သူလူထုရဲ့ မဲဆန္ဒတွေအများဆုံး ရာခိုင်နှုန်းနဲ့ တက်လာတဲ့ အစိုးရနဲ့ လွှတ်တော် ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကလည်း အဓိက အခန်းကဏ္ဍ တခုလည်း ဖြစ်ပါတယ်။ စစ်အုပ်စုတွေ တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆက်လက်ပြီး ဆက်ဆံနေရတဲ့ ဆောင်ရွက်နေရတဲ့ အရေးကိစ္စတွေကလည်း ရှိနေပါသေးတယ်။ မြန်မာပြည်မှာက နိုင်ငံရေးဆိုးမွေ (The evil that men do … lives after them) တွေလည်း အများကြီး ရှိနေပါသေးတယ်။ ပြသနာတွေကို လှုံဆော်နေရတာတွေ နိုးကြားသည်ထက် နိုးကြား တက်ကြွလာအောင် လုပ်နေကြရတာတွေ ရှိနေသလို ပရိသတ်မှာလည်း စဉ်းစား ဆင်ခြင် တွေးခေါ်နိုင်တဲ့ ဗဟုသုတ ပညာ အကြားအမြင်တွေ ကျယ်ပြန့်လာအောင် ပြည့်စုံလာရအောင် လုပ်ကိုင်နေကြရတာတွေလည်း ရှိနေပါတယ်။ အဲသည်အခါကျတော့ မီဒီယာအနေနဲ့ကလည်း ပရိသတ်ရဲ့ တံဆိပ်ကပ်ခြင်း မခံရအောင်လည်း ကျနော်တို့က သတိထားရပါတယ်။ ချစ်ခင် နှစ်လိုတဲ့ လေးစားတဲ့ တံဆိပ်ကပ်ခံရတာထက် မလိုလားတဲ့ အထင်အမြင်လွဲမှားစေတဲ့ တံဆိပ်မျိုး အကပ်မခံရအောင်လည်း ကြိုးစားရပါတယ်။
လက်ရှိမှာတော့ ကျနော်တို့ အကပ်မခံလိုတဲ့ တံဆိပ်က သူတပါးတွေရဲ့ လက်ကိုင်တုတ်၊ လက်ပါးစေ၊ အလိုတော်ရိ မီဒီယာကပ်ပါးတွေဆိုတဲ့ တံဆိပ်ပါ။ တိုင်းရင်းသားအရေး၊ နယ်စပ်ဒေသအရေး၊ ဘာသာရေး စတာတွေမှာ အထူးသဖြင့် ပရိသတ်က အကဲဆတ်ပါတယ်။ ဒီကောင်တွေကို နောက်ကွယ်က လက်မည်းကြီးတွေ လက်ဖြူကြီးတွေ လက်ဝါကြီးတွေ ပေးကမ်းထားလို့ သည်လိုမျိုး လူပါးဝနေတာဆိုတဲ့ အထင်အမြင်လွဲတာမျိုးကိုတော့ မခံနိုင်ပါ။ အစကတည်းက မြန်မာပြည်အရေးကို ကြီးတော်နွားကျောင်းသလို ၀င်ကျောင်းနေကြတဲ့ စိတ်ဝင်စားသူ စေတနာရှင်တွေ ၀ါသနာရှင်တွေ အနုပညာရှင်တွေ ကိုယ်ထူကိုယ်ထ လုပ်ကိုင်ဆောင်ရွက်နေကြတာဆိုတဲ့ လိပ်ပြာသန့်မှုလေး နှစ်ပေါင်းများစွာ ထူထောင်လာခဲ့ကြတာဆိုတော့ သည်လိုမျိုးဖြစ်မှာကိုတော့ စိုးရိမ်ကြတာပေါ့ဗျာ။
အခု ဒီတခါ အယ်ဒီတာ့လက်ရေးကတော့ အတော်ယဉ်ကျေးတယ် ဆိုကြပါစို့။ သီချင်းထဲကလိုဆိုရင် – ကျနော်တို့က ပရိသတ်အပေါ်ကော၊ စာပေမိတ်ဆွေတွေအပေါ်မှာပါ ‘မရိုင်းပါဘူး’။ ကိုယ့် ယုံကြည်ရာမှာ ကိုယ့်ဖာသာကိုယ် ‘မိုက်ကြသူတွေ’ ချည်း ဖြစ်ပါကြောင်း။
ကျနော့်ဆန္ဒအလျောက် (မည်သူ့ပယောဂမှမပါ) လိုလိုလားလား (တတပ်တအား) မိုက်ခြင်းသာ ဖြစ်ပါသည်။
အောင်မော်ဦး