ထွန်းဝင်းငြိမ်း – ဘာလဲဟဲ့ ပေါ်သစ်
(မိုးမခ) ဧပြီ ၂၁၊ ၂၀၁၇
ပြည်သူ့ဘက်တော်သား
ဆရာဦးဝင်းတင်(၁၉၃၀ – ၂၀၁၄) ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီဖြစ်သည်။ ဆရာ့ဘ၀သည် သတင်းစာဆရာ၊ ပန်းချီအနုပညာဝေဖန်ရေး သမား၊ နိုင်ငံရေး အကျဉ်းသား၊ ပြည်သူ့ဘက်ကရပ်သော နိုင်ငံရေးသမား စသဖြင့် ကျင်လည်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲရေးကို ကွယ်လွန်သည်အထိ တစိုက်မတ်မတ် ရပ်ခံ ကိုင်စွဲခဲ့သည်။ ဆရာသည် နိုင်ငံရေးသမားတဦးအနေဖြင့် သံမဏိစိတ်ဓါတ်နှင့်လူ ဖြစ်သလို ယဉ်ကျေးမှု အနုပညာရပ်များတွင် အလွန်သိမ်မွေ့စွာ ခံစားသုံးသပ်နိုင်သူ တဦးဖြစ်ကြောင်း ပေါ်သစ် လက်ရာများတွင် တွေ့ရပေသည်။
ဟံသာဝတီမှ စနေစာပေ၀ိုင်း
ဆရာဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုကာလ အတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် “ခြေ တွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။ ဆရာသည် သတင်းစာဆရာ ဘဝကိုသာ မြတ် နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာ ချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ ဆရာသည် ထို ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။
၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်း ကာ သတင်းစာသင်တန်းများလည်း ပို့ချပေးခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်းတို့နှင့်အတူ အထူးအားထုတ်ခဲ့သူ ဖြစ်သည်။
၁၉၇၇ – ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်း များကို စာအုပ်အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဦးဝင်းတင် ဦးဆောင် ကျင်းပသော စနေစာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်သည့် စာတမ်း တစောင် တင်သွင်း ဖတ်ကြားခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ်လိုက်ကာ ဦးဝင်းတင်ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။
လေးစားချစ်ခင်သူတွေ မျှော်လင့်
၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်း ဖမ်းဆီး ထားသော အကျဉ်းသား များကို ပြန်လည် လွှတ်ပေးစဉ်က ဆရာ ဦးဝင်းတင် လည်း ပြန်လည် လွတ်မြောက်လာနိုးဖြင့် သူ့ကို လေးစား ချစ်ခင် သူများ က မျှော်လင့်ခဲ့သည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး စာပေ အသိုင်း အဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာ ဆရာမကြီး လည်းဖြစ်၊ စာရေး ဆရာမကြီးလည်းဖြစ်သည့် လူထု ဒေါ်အမာ ပြောပြခဲ့သည်မှာ၊
“အမေ ကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာ ပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင် ကတည်းက တွက်ထား ပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက် တာပါပဲ။ နောက်တာ့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့ စာရင်းထဲမှာ ဦးဝင်း တင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေ မိတာ ပေါ့ကွယ်။ ဟုတ်တယ် မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျ တော့လည်း လွတ်မလာဘူး။ အမေ့ စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလိုလဲ မကောင်း အိပ်လိုလဲ မကောင်းနဲ့ အတော် နေမကောင်း ဖြစ်သွား ရတယ်။”
၂၀၁၃ အောက်တိုဘာလ၊ မိုးမခနှင့် နောက်ဆုံးအင်တာဗျူးတွင် လက်ရှိနိုင်ငံရေးလမ်းခရီးသည် အာဏာရှင်စနစ်၏ လမ်းခုလတ် မဟုတ် ကြောင်း၊ ဒီမိုကရေစီနှင့် တိုင်းပြည်လွတ်မြောက်ရေးအတွက် လမ်းခွဲအဖြစ် ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်း၏အမြင် ကို ပြတ်ပြတ် သားသား ပြောကြားခဲ့သည်။ ဆရာသည် နိုင်ငံရေးကိစ္စရပ်များတွင် ထိုသို့ ရှင်းရှင်းလင်းလင်းမြင်ပြီး ရပ်တည်ခဲ့သလို အနုပညာတွင်လည်း သိမ်မွေ့စွာ ချည်းကပ်တင်ပြတတ်ပုံကို ပေါ်သစ်ဘ၀တွင် တွေ့ရပေသည်။
အလှရှာတော်ပုံ
ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက် ၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ် ချက်များကို ‘ပေါ်သစ်’ အမည်ဖြင့် ရေးသားခဲ့သည်။ ပန်းချီသမိုင်းနှင့် ပန်းချီဝေဖန်ရေးဆောင်းပါးများ စုစည်းထုတ်ဝေသည့် “အလှရှာတော်ပုံ” စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်အမည်ပေးပုံမှာ မြန်မာစာပေ၌ ထင်ရှားသော စာဆိုတော် ဦးကြော့၏ စုံနံသာမြိုင်မှ “ရှာပုံတော်” ဟူ သော ဝေါဟာရကို မယူဘဲ “ရှာတော်ပုံ” ဟု သုံးနှုံးထားသည်ကို တွေ့ရသည်။
အဘယ့်ကြောင့် သုံးနှုံးထားရကြောင်းကို ဆရာက “ စင်စစ်မျက်မှောက် ကာလတွင် ကျွန်တော်တို့ဖွေရှာရမည့် အလှသစ္စာသည် အပူလုံးကြွ ယူကြုံးမရဖြင့် ငိုကြီးချက်မဖြစ်ရမည့် လင်ပျောက် မဟုတ်ပါ။ ပြည်သူတို့ ဘက်မှ ရပ်တည်ဆင်နွှဲရမည့် တိုက်ပွဲဖြစ်ပါသည်။ အရေးတော်ပုံ ဖြစ် ပါသည်။ ထို့ကြောင့် ရှာပုံတော် မဟုတ်ပါ။ အရေးတော်သဘောနွယ်သော ရှာတော်ပုံ ဖြစ်ပါသည်။ ” ဟု ရှင်းပြသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေးစာဆို၊ ကဗျာဆရာ၊ နိုင်ငံရေးနှင့် အနုပညာသဘောတရား၊ ဒဿနပညာရှင်ဖြစ်သော ဆရာဒဂုန်တာရာက ပေါ်သစ်၏ “အလှ ရှာတော်ပုံ” စာအုပ်အမှာတွင် “အနုပညာနှင့်ပတ်သက်သော သဘောတရားရေးရာ စာအုပ်များ ကျနော်တို့နိုင်ငံ၌ ရှားပါးလှသည်။ အနုပညာနှင့် ပတ်သက်သော ကျောင်းများပင်လျှင် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်သည်မှာ သိပ်မကြာသေးပေ။ လွတ်လပ်သောနိုင်ငံတနိုင်ငံ၏ ကြန်အင်မှာ အမျိုးသားအင်အားများ စွမ်းသန်နိုင်ရေးဖြစ်ပေသည်။ အမျိုးသားအင်အားများလွတ်လပ်စွာ စွမ်းသန်နိုင်သော အခြေအနေရှိခြင်းကို အမျိုးသား လွတ်လပ်ရေး၏ အနှစ်သာရအဖြစ် မှတ်ယူရပေမည်။ အမျိုးသားအင်အားရပ်ထဲ၌ ယဉ်ကျေးမှုအင်အားစုသည်လည်း ပါဝင်ပေသည်။” ဟု ဆိုသည်။
ဆက်လက်ပြီး “အမျိုးသားအင်အားကိုထူထောင်ကြရာ ၌ ပြည်သူ့ ဘက်မှ လည်း တယောက်တလက် ပါဝင်ကြရပေမည်။ ယခု ပေါ်သစ်၏ စာအုပ် သည် ယဉ်ကျေးမှုစွမ်းအားစုကို ထူထောင်ရာ၌ အားထုတ်မှုတခုဖြစ်သည်ဟု ယုံကြည်မိပေသည်။” ဟုရေးသည်။ စာအုပ်အမှာ၏ နိဂုံးတွင် ဆရာ တာရာက ပေါ်သစ်၏ အလှရှာတော်ပုံ ကို အနုပညာနှင့် နိုင်ငံရေးအရ ဤကဲ့သို့ အကဲဖြတ်ပြသည်။ “ယခု ပေါ်သစ်၏ အလှ ရှာတော်ပုင်္စာအုပ်သည် ယနေ့ ပန်းချီ အနုပညာပြဿနာများကို ကြည့်မြင်ရာ၌ အထောက်အကူပြုသော ပညာရေးစာအုပ်ဖြစ်ပေသည်။ အနု ပညာသဘောတရား ရေးရာနှင့် ကမ္ဘာ့ပန်းချီရာဇ၀င်ကို နောက်ခံထားကာ မြန်မာပန်းချီရာဇ၀င်ချုပ်နှင့် ယနေ့ပန်းချီပညာ ပြဿနာများကို ပြည့်စုံစွာဖေါ်ပြထားပေရာ ပန်းချီ အနုပညာအကဲဖြတ်သူများ၏ လက်စွဲဖြစ်သင့်ပေသည်။ ယဉ်ကျေးမှုအင်အား ဖြည့်တင်းရေး၌ ပြည်သူ့ ဘက်မှ အားတအား ဖြစ်ပေသတည်း။” ဟု တင်ပြခဲ့သည်ကိုတွေ့ရပေသည်။
ခင်မောင်ရင်နှင့် ပေါ်သစ်
၂၈၊ ၁၁၊ ၂၀၁၁ နေ့က ရေကျော်လမ်းနှင့် သံလမ်းထောင့်ရှိ ၀ိုင်အမ်ဘီအေဖက်အခြမ်း ပထမထပ်တွင် Culture Bridge Gallery ဖွင့်ပွဲသို့ ဆရာ ရောက်လာခဲ့သည်။ ဆရာဦးခင်မောင်ရင်၏ တကိုယ်တော် ပန်းချီပြပွဲပြသထားသည်။ ထိုနေ့က ပြခန်းတွင် စန္ဒယားဦးသိမ်းမောင်၊ မောင် ညိုဝင်း၊ အောင်မင်း၊ စိုးဝင်းငြိမ်း၊ ဘဌေးကြည် စသော ပန်းချီဆရာများ ဆရာ့ကိုစောင့်နေကြသည်။ ဆရာရောက်လာပြီး ထိုသူတို့နှင့် အတူ စကားဝိုင်းဖွဲ့သည်။ ထို့နောက် ပြခန်းပိုင်ရှင် ရန်နောင်ဦးက ပြပွဲကို လှည့်ပတ်ပြသသည်။ ဆရာက ဦးခင်မောင်ရင်၏ ပန်းချီကားများကို တချပ်ချင်းအသေးစိတ်ကြည့်ရှုသည်။ မှတ်စုစာအုပ်တွင် ရေးမှတ်သည်။ ပန်းချီပြခန်း၏ ပြပွဲမှတ်တမ်း စာအုပ်တွင် ဦးခင်မောင်ရင်၏ ပန်းချီ ကားများထဲမှ Nude ပန်းချီကားများအပေါ် မှတ်ချက်ပြုသွားသော ပေါ်သစ်၏ ပန်းချီဝေဖန်ရေး သုံးသပ်ချက်များကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ် တွေ့ရပေသည်။
“ခင်မောင်ရင်တို့၊ ပေါ်ဦးသက်တို့ ၀င်းဖေတို့ကို ကျွန်တော် သိခဲ့ တာ နှစ်ပေါင်းကြာလှပြီ။ ခန့်မှန်းဖို့တောင် မတတ်နိုင်အောင်ပဲ။ ခင်မောင်ရင် လက်ရာများစွာကို မြင်တွေ့ခံစားခဲ့ရတာလည်း မနည်းမနောပါပဲ။ ဒီပြပွဲမှာ ကြိုက်တဲ့လက်ရာတွေကတော့ လူပုံတူတွေပါပဲ။ ခင်မောင်ရင်ရဲ့ ခင်မောင်ရင်ပုံတူတွေအပါအ၀င်ပေါ့။ ပုံတူအများစု (အားလုံးလိုလို)က ကိုယ်သိတဲ့လူတွေဆိုတော့ ပုံတူရှင်တွေရဲ့ ပုံတူပုံရိပ်တွေဟာ အနု ပညာရှင်ရဲ့ အနုပညာအဖုံးအကွယ် အပိတ်အဆို့ အောက်မှာ အယိုင်အရွဲ့၊ အကွေ့အလိန်တွေအောက်မှာ ပျောက်ကွယ်မသွားတဲ့အပြင် ပိုလို့တောင် ပီပြင်ကြည်လင်ပြီး လှပလာပါတော့တယ်။ ရှေးမြန်မာမိန်းမသားတွေရဲ့ အနွဲ့ဟန်ကို ပန်းချီဆရာရဲ့ အရွဲ့ဥာဏ် နဲ့ ပေါင်းစပ် ရေးဖွဲ့ချက်တွေ ကို မြင်ရတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ဒီလိုပုံတွေ ခင်မောင်ရင် ရေးဆွဲခဲ့တာ အမှတ်ရတယ်။”
“ကျနော်သြဘာပေးလိုက်ချင်တာကတော့ Nude ပုံတွေပါပဲ။ မြန်မာပန်းချီဆရာတွေ Nude ပုံရေးကြပါတယ်။ ဒါပေမယ့် နည်းတယ်။ ဦးငွေကိုင် ရေးတဲ့ Nude ပုံတပုံကိုမှတ်မိ တယ်။ နှစ်ခြောက် ဆယ်လောက်ကပါ။ ပန်းချီဆရာနန်းဝေ ရေးဆွဲခဲ့တဲ Nude ပုံတပုံ ကျွန်တော့်မှာ ရှိခဲ့ဖူးတယ်။ ၁၉၈၉ တုန်းက ကျွန်တော့်အိမ် “ဝေသာလီပြည် ဘီလူးဝင်မွှေ” သလိုဖြစ်ခဲ့ရလို့ ပုံလည်း ဘယ်ရောက်လို့ ဘယ်ပေါက်တယ် မသိတော့ပါ။ Nude ပုံတွေနဲ့ ပတ်သက်လို့ ပြောချင်တာက မြန်မာတွေက Nude ပုံကို မျက်စိရိုင်းတယ်။ ပန်းချီဆရာက ပန်းချီဆွဲပြန်တော့ လည်း ပန်းချီဆရာရဲ့ မျက်စိက “ရိုင်း”နေပြန်ရော။ မြန်မာ Nude တိုင်းလိုလိုက မိန်းမများရဲ့ “သားစိမ်းငါးစိမ်း” ဖြစ်နေပြန်တယ်။ မြန်မာတွေ မြန်မာ Nude ပုံတွေကို မျက်စိမရိုင်းပဲ ဘယ်နေပါ့မလဲ။ ခင်မောင်ရင်ရဲ့ ဒီပွဲက Nude တွေက တယ်နိပ်သဗျာ။ ဘယ်အင်္ဂါအစိတ်အပိုင်းမှ ဟင်းလင်းမပြဘူး။ ဘယ်အသားမှ “အစိမ်းတိုက်” မဟုတ်ဘူး။ ဘယ်မျက်နှာမှ “ခါးတကယ် မတို့ခင်က ယားတယ် အကို့” မဟုတ်ဘူး။ ခင်မောင်ရင် စိတ်အမြင်ကောင်း ပါပေတယ်။ ခင်မောင်ရင် လက်ရာကောင်းပါပေတယ်။ ပေါ်သစ် ဆိုပြီး လက်မှတ်ထိုးထား သည်ကို တွေ့ရပေသည်။
ထွန်းဝင်းငြိမ်း ၂၀၊ ၄၊ ၂၀၁၇
(သူ့စာနဲ့ သူ့ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)