ဟံသာဝတီ ဦးဝင်းတင်

Questions for U Win Tin – Regime’s Instruments – Intelligence & Propaganda

>

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
ဧပြီ ၂၂၊ ၂၀၁၀
စစ်အာဏာရှင်ယန္တရား ဒေါက်တိုင် ၂ ခု – စစ်ထောက်လှမ်းရေးနဲ့ ၀ါဒဖြန့်ချိရေး
မြန်မာပြည်ရဲ့ အတိုက်အခံပါတီ အင်န်အယ်ဒီရဲ့ ခေါင်းဆောင်၊ ၀ါရင့်စာနယ်ဇင်းသမား၊ ဟံသာဝတီဦးဝင်းတင်နဲ့ စကားပြောဖြစ်၊ မေးခွန်းတွေ မေးဖြစ်ခဲ့တာတွေထဲက အခြေအနေနဲ့ သင့်တော်တာတွေကို ပြန်လည် ကောက်နုတ်ဖော်ပြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအနေ မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာသင်္ကြန်အပြီးမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး မဏ္ဍိုင်ကြီးတွေဖြစ်တဲ့ ပြည်တွင်းသတင်းစာတွေကနေပြီးတော့ – ပြည်ပရှိ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ပြည်တွင်းရှိ အတိုက်အခံပါတီကြီးနဲ့ ခေါင်းဆောင်များကို ပုတ်ခတ်ခြင်းနဲ့ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီရေး ထောက်ခံအားပေးသူများအားလုံးကို စစ်အစိုးရရဲ့ ရန်သူများအဖြစ် သမုတ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်လာတာကို တွေ့နေရပါတယ်။
          စစ်အစိုးရကိုယ်တိုင်က “အများပြည်သူလူထုလိုလားတဲ့” ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်လို့ အတိအလင်း ကြေညာထုတ်ပြန်ထား၊ ၀န်ခံစကားပြောကြားထားသော်လည်း ယခုလိုမျိုး တိုက်ခိုက်နေတာတွေတာဟာ ဟိုးယခင်ကာလများက (၁၉၉၀ ရွေးကောက်ပွဲ ၀န်းကျင် နဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ခေတ္တလွတ်မြောက်လာစဉ် အချိန်ကာလတိုအတွင်း) စစ်အစိုးရရဲ့ အတိုက်အခံများအပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ ပြန်လည် တကျော့ပြန်လာတာလားလို့ မေးခွန်းထုတ်ဖြစ်တာ ဖြစ်ပါတယ်။
          ဆရာက …
          “ကျနော်ကတော့ တကျော့ပြန်လာတာလို့ မမြင်ဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်စနစ်က အမြဲရှိနေတယ်။ သူ့ရဲ့ အထောက်အကူပြု ယန္တရားတွေ၊ ဒေါက်တိုင်တွေက အမြဲ လည်ပတ်နေတယ်။ ခုချိန်မှာ စစ်အာဏာရှင်စနစ်ကြီးက စစ်အာဏာယန္တရားကြီးက ခလုပ်နှိပ်လိုက်တဲ့အတွက် အခုလိုမျိုး စစ်အာဏာရှင်စနစ်အတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေး ယန္တရားအစိတ်အပိုင်းက လည်ပတ်ခုတ်မောင်းလာတာ ဖြစ်တယ် လို့ မြင်ပါတယ်။ အဲသည်တော့ သူတို့မှာ ရှိနေတဲ့ စစ်ဗိုလ်တွေ၊ သူတို့စုဆောင်းထားတဲ့ မှတ်စုတွေ မှတ်တမ်းတွေကို သုံးစွဲပြီး အတိုက်အခံတွေ၊ ပြည်တွင်း ပြည်ပက ဒီမိုကရေစီရေး လိုလားသူတွေကို ခြိန်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေ၊ ပုတ်ခတ်စွတ်စွဲ ပြစ်တင်ရှုတ်ချတာတွေ လုပ်လာတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဖွင့်နေကျ ဓာတ်ပြားကြီးတွေ အပ်ကြောင်းထပ်အောင် ဖွင့်နေတယ်ပေါ့ဗျာ”
          အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းက အဲသည်လိုမျိုး စစ်အာဏာရှင်စနစ်ကြီးရဲ့ ၀ါဒဖြန့်ချိရေး အပ်ကြောင်းထပ်ဓာတ်ပြားကြီး ဖွင့်နေတဲ့အခါမှာ “အများပြည်သူလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်” လို့ သူတို့ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားတဲ့ လမ်းကြောင်းကို သွားဖို့ သူတို့ကိုယ်တိုင်က ဘယ်လိုမျိုး အဆင်သင့်ဖြစ်နိုင်ပါ့မလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
          “ကျနော်ထောင်က ထွက်လာတော့ သက်ဆိုင်ရာကို ကျနော်ပြောတာရှိတယ်။ ဗိုလ်သန်းရွှေက ၂၀၀၄ မှာ ဗိုလ်နေ၀င်း မွေးထားတဲ့ စစ်အာဏာရှင်စနစ်ကြီးရဲ့ စစ်ထောက်လှမ်းရေးယန္တရားကြီးကို ဖျက်ချပစ်နိုင်ခဲ့တယ်။ ဗိုလ်ခင်ညွန့်တို့အင်အားစုတခုကို ရှင်းပစ်လိုက်တယ်။ ဘာကြောင့်ပဲ ဖျက်ချ ဖျက်ချ၊ ပြည်သူတွေမှာ နည်းနည်းတော့ သက်သာရာ ရကြတယ်။ အထူးသဖြင့် နိုင်ငံရေးအတိုကအခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ထောက်လှမ်းရေးက နေ့နေ့ ညည ရည်ရွယ်ချက်ရှိရှိ ဖိနှိပ် ဖျက်ဆီး နင်းခြေ နှိပ်စက် နေတာတွေ လျော့ကျသွားတော့ လူတွေမှာ နည်းနည်းတော့ အသက်ရှူချောင်သွားရတယ်။ ဒါပေမယ့် စစ်အာဏာရှင်ယန္တရားကြီက အမြဲရှိနေတော့ လူတွေ ဖယ်ရှားလိုက်တာက ယာယီပဲဖြစ်တယ်။ မူတွေ စနစ်တွေကို ပြင်မှ ပြောင်းမှ ဖြစ်မယ်လို့ ပြောခဲ့ဖူးတယ်။ စစ်အာဏာရှင်ယန္တရားကြီးက မပြောင်းလဲရင်တော့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတို့ တရားသဖြင့် အာဏာလွှဲပေးတာတို့ စတဲ့ အလုပ်တွေ တကယ်လုပ်ချင်တဲ့အခါ အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါမျိုး ပြောခဲ့ဖူးတယ်” လို့ ဆရာဦးဝင်းတင်က ပြောကြားလိုက်ပါတယ်။
          ဒါပေမယ့် ၂၀၀၄ မှာ သူတို့အကြောင်းနဲ့သူတို့ ဗိုလ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးယန္တရားကို ဖျက်သိမ်းခဲ့သော်လည်း ယခုအချိန်မှာ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင် စစ်ဖက်ထောက်လှမ်းရေးယန္တရားကြီးဟာ ပြန်လည်သက်ဝင်လို့ သတင်းပေးတွေ၊ စစ်ထောက်လှမ်းရေးတွေက အတိုက်အခံတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည် ဖိနှိပ်မှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ ဆောင်ရွက်မြဲ ဆောင်ရွက်လာနေတာဖြစ်တဲ့အကြောင်းကို ပြန်လည် ဆွေးနွေးဖြစ်ပါတယ်။
          “ဟုတ်တယ်။ အခုဆိုရင် ကျနော့်နောက်ကို ရဲသတင်းတပ်ဖွဲ့က တကောက်ကောက်လိုက်နေတယ်။ အင်းစိန်ကရဲနဲ့ ကျောက်ကုန်း၊ တာမွေ၊ ကျောက်မြောင်းက ရဲတွေက ကျနော်သွားတဲ့နောက် မြို့နယ်အလိုက် နောက်က လိုက်ရတယ်။ တွဲပြီး လုပ်ကြရတယ်။ ပြီးတော့ သူတို့နောက်မှာ စအဖပေါ့ဗျာ။ စစ်ဖက်ထောက်လှမ်းရေးတွေကလည်း ပါလာတယ်။ အခုအချိန်မှာ စစ်အာဏာရှင်ရဲ့ ယန္တရားတွေက အခုလို ထောက်လှမ်းရေးယန္တရားတွေ အစိတ်အပိုင်းတွေက တိုးလို့သာ လာနေတယ်။ အဲသည်လိုမျိုးပဲ ပြည်သူလူထုကို နှိပ်စက်မယ့်၊ ဆင်းရဲဒုက္ခရောက်အောင် တိုက်ခိုက်မယ့် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကလည်း အခု တိုးလို့ လာနေတာ မြင်တွေ့နေရတဲ့ အတိုင်းပဲ” လို့ ဆရာဦးဝင်းတင်က ဖြေကြားပါတယ်။
          အဲသည်မှာ ပြောဖြစ်တဲ့ အကြောင်းအရာကတော့ – သတင်းစာတွေထဲက ၀ါဒဖြန့်ချိရေးဆောင်းပါးတွေ၊ စာတွေနဲ့ ကလောင်ရှင်တွေဟာ ၀ါဒဖြန့်ယန္တရားစက်ကြီးထဲက အာဏာရှင်များအလိုကျ ထုတ်လုပ်ရတာဖြစ်တဲ့အတွက် ပုံစံခွက်ထဲကနေ စက်နဲ့ ရိုက်ထုတ်လိုက်ရသလို ဟိုးအရင်တုံးကလည်း ဒီအတိုင်း၊ အခုကျတော့လည်း ဒီအတိုင်းပဲ မပြောင်းလဲဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။
          ဆရာက သူ့သဘောထားကို ပြောကြားရာမှာ –
          “ကွန်ပျူတာတွေမှာတော့ဗျာ ကျနော်ကြားဖူးတာက အချက်အလက်တွေက ဟောင်းနေရင်၊ အသုံးမ၀င်တော့ရင် ဖျက်ရတယ်။ ထပ်ပြီး ဖြည့်စွက်ရတယ် ဟုတ်လား။ အခုဟာကတော့ ကျနော်ဆိုရင် ကွန်မြူနစ်နဲ့ ပေးစားမယ်။ ပုဆိန်ရိုးတွေ။ စစ်အစိုးရ အကျိုးကို မလိုလားဘူး။ အာဃာတကြီးတယ်။ ဒါမျိုးတွေ ပြောမယ်။ ဒါက အသစ်အဆန်းမဟုတ်တော့ဘူး။ ဒါတွေပဲ ထပ်ကာ ထပ်ကာ ပြောပြီး တိုက်ခိုက်မယ်။ ပုတ်ခတ်မယ်။ စွတ်စွဲမယ်။ အဲသည်လိုဖြစ်နေတယ်။ အဲသည်လိုမျိး စစ်အာဏာရှင်စနစ်၊ အဲသည်ယန္တရားရဲ့ ၀ါဒဖြန့်ယန္တရားအစိတ်အပိုင်းက လည်ပတ်နေတယ်။ ဒါတွေကို မလျော့ချနိုင်ဘူး၊ မဆင်ခြင်နိုင်ဘူး ဆိုရင် ဘယ်လိုလုပ် အပေါ်က စစ်အာဏာရှင်ယန္တရားကြီးက ပြောင်းလဲချင်တယ်ဆိုတာကို မြင်လို့ရကြမှာလဲ။ ၂၀၀၈ အခြေခံဥပဒေကိုယ်တိုင်က စစ်အာဏာယန္တရားကြီးအတွက် ဖြစ်နေတော့ ပိုပြီးတော့ အခုအချိန်မှာ စိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုလိုက်ပါတယ်။
          အဲသည်မှာ ဆရာ့စကားထဲက ဆရာဦးဝင်းတင်က စစ်အစိုးရအပေါ်မှာ “အာဃာတကြီးတယ်” ဆိုတဲ့ အချက်ကို ထပ်မေးဖြစ်ပါတယ်။ ဆရာရဲ့ စာအုပ် “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်မှာ ခေါင်းစဉ်တခု အဖြစ် “အစာမကြေဘူး၊ ကမ္ဘာမကြေဘူး” လို့ ဆရာက ရေးထားပါတယ်။ အဲသည်သဘောက ဆရာအနေနဲ့ လက်စားချေမယ့်သဘော၊ သင်ပုန်းမချေနိုင်တဲ့ သဘောတွေ ပါနေသလား။ အဲသည်အတွက် တဖက်က ထောက်ပြနေတာ၊ စိုးရိမ်နေတာ ဖြစ်နေသလားဆိုတဲ့ အချက်ကို မေးဖြစ်ပါတယ်။
          “၁၉၈၈ အရေးအခင်းနှောင်းပိုင်းမှာ ၀န်ကြီးချုပ်ဦးနုက ချေ ၂ ချေ ကို ထုတ်ပြောတယ်။ လက်စားချေတာနဲ့ သင်ပုန်းချေတာ။ လက်စားချေတာကို လက်မခံဘူးဆိုတာ မှန်ပါတယ်။ သို့သော် သင်ပုန်းချေမယ်လို့ အပေါ်ကခေါင်းဆောင်တွေက လွယ်လွယ်ပြောလို့ မရဘူး။ စနစ်တကျ စဉ်းစား ပြင်ဆင်ထားပြီးမှ ပြောကြရမယ်လို့ အဲသည်တုံးက ကျနော် ပြန်ဆွေးနွေးခဲ့တယ်။
          ပြည်သူတွေက ကာယကံရှင်တွေ ဖြစ်တယ်။ သူတို့တွေကိုယ်တိုင် မတရားအလုပ်ခံခဲ့ရတယ်။ အဓမ္မအကျင့်ခံခဲ့ရတယ် ဆိုရင် သူတို့တွေက ဘယ်လိုလုပ်ပြီး ချက်ခြင်းကြီး သင်ပုန်းချေလို့ ရမှာလဲ။ သူတို့မှာ ခံစားချက်တွေရှိမယ်။ သားသမီးတွေ၊ မိဘတွေ ဆုံးရှုံးထားတယ်။ ကိုယ်ကိုယ်တိုင်မှာလည်း မတရားပြုကျင့်ခံထားရတာတွေ ရှိနေမယ်။ အဲသည်အတွက် နစ်နာသူ ပြည်သူတဦးချင်းစီကို လေးစား လိုက်နာပေးရမယ်။ သူတို့တွေအတွက် တခုခု ပြန်လည် ပေးဆပ်မှုတွေ လုပ်ပေးနိုင်ရမယ်။ ဒါကို ဆိုလိုတယ်။
          ဒါကြောင့် တချိန်ချိန်မှာ ပြည်သူလူထုက လက်စားချေတာတွေ၊ သင်ပုန်းမချေနိုင်တာတွေ ဖြစ်မလာအောင် ခုချိန်ကတည်း ပြင်ဆင်ရမယ်၊ ပြုပြင်ကြရမယ်။ ဒါကို သိရှိနားလည်ကြရမယ်။ ဥပမာ – တောင်အာဖရိကမှာဆိုရင် Truth  Commission  လိုမျိုးတွေ လုပ်ကြရတယ်။ ကြားနာ စစ်ဆေးရတယ်။ တရားမျှတအောင် စီရင်ပေးရတယ်။ ကြေအေးသင့်တာ ကို ကြေအေးတယ်။ အပြစ်တစုံတရာ ရှိရင်လည်း သက်ညှာစွာ စဉ်းစားတိုင်ပင်ညှိနှိုင်းကြရတယ်။
အဲသည်လိုမျိုး လက်စားမချေကြဘူး။ ဘယ်လိုမျိုးတော့ ဖြေရှင်းကြမယ်ဆိုတာ ကိုယ့်ပါတီတွင်းမှာလည်း စည်းရုံးရမယ်။ ပြည်သူလူထုကိုလည်း ရှင်းလင်းပြရမယ်။ သင်ပုန်းချေဖို့ ဘယ်လို ပြင်ဆင်မလဲ။ အခု လက်ရှိ အာဏာရထားသူတွေ ကိုယ်တိုင်ကလည်း အခုလိုအချိန်မျိုးမှာ ပြင်ဆင်ထားရမယ်။ သူတို့ဖက်က တချို့ကိစ္စတွေကို တရားဥပဒေတွေ စည်းမျဉ်းတွေ အရေးယူထားတာတွေကို ပြင်သင့်တာပြင်၊ ဖျက်သင့်တာ ဖျက်၊ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရမယ့် အချိန်ဖြစ်တယ်လို့ ပြောပြချင်ပါတယ်။
အဲလိုမဟုတ်ဘဲနဲ့ တောက်လျောက် စစ်အာဏာရှင်ယန္တရားကြီး လည်ပတ်နေတဲ့အတိုင်း စစ်ထောက်လှမ်းရေးယန္တရားအစိတ်အပိုင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်ချိရေး ယန္တရားအစိတ်အပိုင်းတွေက ပုံမှန်အတိုင်း ပြည်သူတွေကို တိုက်ခိုက် ဖိနှိပ် ဆောင်ရွက်နေမြဲ နေရင်တော့ နောက်ပိုင်းမှာ စိုးရိမ်စရာအများကြီး ရှိပါတယ်”
လို့ ဆရာဦးဝင်းတင်က ဖြေကြားလိုက်ပါတယ်။
အချိန်တိုတိုအတွင်း တွေ့ဆုံခိုက် မေးမြန်းရတာ ဖြစ်လို့ ဆရာ့ပြောကြားချက်များကို အတတ်နိုင်ဆုံး  ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts