>Thagyan Bomb Blasts 40 over Dead, High Security at Shwedagon Pagoda

>

ရန်ကုန်သင်္ကြန်ဗုံးကွဲမှု သေဆုံးသူ ၄၀ ကျော်ပြီ။ ရွှေတိဂုံ လုံခြုံရေး အထူး တင်းကြပ်လျက်ရှိ
ဘားမားပါပါရာဇီသတင်း
ဧပြီ ၂၂၊ ၂၀၁၀
၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်း လုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖက သတင်းဖော်ပြခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန)တွင် အတွင်းလူနာအဖြစ် ၈ ဦး၊ ဒဏ်ရာရသူဦးရေမှာ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆) တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတဦးမှ ပြောကြားခဲ့ပါသည်။ နအဖအစိုးရ၏ အမှတ် (၄) စစ်ဒေသမှုးဗိုလ်မှုးကြီး အုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံ သို့ သွားရောက် ဆေးကုသခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြားသိရပါသည်။
ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖိုးလပြည့်(ခ) နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ သူ မကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း အတွင်းသတင်းအဖြစ် ပြောဆိုနေကြသည်။
နအဖ စစ်အစိုးရက ယင်းဗုံးပေါက်ကွဲမှုသတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များတွင် အကျယ်တ၀င့်ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်း နေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆိုဝေဖန်လျှက်ရှိပါသည်။
ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး၊ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါက ဆုငွေ ၁၀ သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများကိုလည်း မုခ်ဦးအပေါက်ဝများမှနေ၍ နအဖလက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲ ရှာဖွေစစ်ဆေးလျှက် ရှိပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts