မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ လှကျော်ဇော

လှကျော်ဇော – ဖေဖေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး

၁၉၅၈ ခုနှစ်က ဆရာကြီးမှိုင်းနဲ့အတူတွေ့ရသော ဗိုလ်ကျော်ဇော ဗန်းမော်တင်အောင်နှင့် လွှတ်တော်ရှေ့နေကြီးဦးထွန်းတင်
လှကျော်ဇော – ဖေဖေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၅

၁၉၅၇ ခုနှစ်မှာ ဖေဖေတပ်ကထွက်ရပြီးနောက် ဇွန်လ (၂၇) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သူ့အမှုကိစ္စနဲ့ ပတ် သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက ပြည်တွင်းစစ်ရပ်စဲရေးအတွက် အပြုတ်တိုက်ရေးနဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေးမှာ ဘယ်လိုဖြေရှင်းသင့်သလဲဆိုပြီး  ဖေဖေရဲ့သဘောထားကိုမေးတော့ ဖေဖေ က သီးခြားထုတ်ပြန်ပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။ ဖေဖေက သူနဲ့သိပ်အကျွမ်းတ၀င်မရှိလှတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေကို အကျယ်တ၀င့် အချိန်ယူလေ့လာပြီး အောက်တိုဘာ (၂၇) ရက်နေ့မှာ   “ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ် သက်၍ ကျွန်တော်၏သဘောထား” ဆိုတဲ့စာတမ်းတစောင်  ထုတ်ပြန်လိုက်ပါတယ်။ အဲဒီစာတမ်းကိုသတင်းစာတွေက  အပိုင်းတွေခွဲပြီး ဖေါ်ပြပေးကြပြီးနောက်ပိုင်းမှာတော့ ဖေဖေက တလုံးတစည်းတည်းဖတ်နိုင်အောင်ဆိုပြီး စာအုပ်အဖြစ်လည်း ထုတ်ဝေခဲ့ပါတယ်။

အဲဒီစာတမ်းကို အခု (နှစ်ပေါင်း ၆၀ နီးပါးကြာပြီးနောက်) ပြန်ဖတ်ကြည့်တော့ ဖေဖေ ကြိုတင်မှန်းဆချက်တွေဟာ အလွန် မှန်ကန်နေတာတွေ့ရပါတယ်။ ဖေဖေတို့မျိုးဆက် တမ်းတမ်းတတ မျှော်မှန်းခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြီးဟာလည်း ရွှေပြည်တော် မျှော်တိုင်းဝေးဆဲဘဲဖြစ်နေသေးတဲ့အတွက် အဲဒီစာတမ်း အကျဉ်းချုပ်ကလေးကို ရှေးခေတ်ဟောင်း အောက် မေ့ဖွယ်အဖြစ် ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

အဲဒီစာတမ်းမှာ အပိုင်း (၄) ပိုင်းပါရှိပါတယ်။

၁။ ပထမပိုင်းမှာ ပြည်တွင်းစစ် (၁၀) နှစ်ခရီးကို အကြမ်းဖျင်းဖော်ပြထားပါတယ်။ ၁၉၄၈ ခုနှစ် ကုန်ခါနီးကစပြီး တိုက်ခဲ့ရတဲ့ ကေအင်ဒီအို အပါအ၀င် အခြားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ (ထိုခေတ်အခေါ်) အလံဖြူ-အလံနီကွန်မြူနစ် ရဲဘော် ဖြူ ရခိုင်သူပုန် စတဲ့တပြည်လုံးအတိုင်းအတာနဲ့ အနှံ့အပြားဖြစ်ခဲ့တဲ့ တိုက်ပွဲများအကြောင်းဖော်ပြထားပါတယ်။

၂။ ဒုတိယပိုင်းမှာ အဲဒီ (၁၀) နှစ်ခရီးအတွင်း အစိုးရနဲ့သူပုန်များ နှစ်ဦး နှစ်ဖက်ရဲ့လက်ရှိအခြေအနေများကို ဝေဖန်သုံး သပ်ထားပြီး တကယ်လို့ ဒီအတိုင်းဆက်တိုက်နေကြရင် ဖြစ်လာနိုင်မဲ့ အနာဂါတ် အလားအလာများကိုလည်း မှန်းဆ တင်ပြထားပါတယ်။

ဖေဖေက အဲဒီအပိုင်းမှာ ဒီလိုပြောထားပါတယ်။

‘နိုင်ငံရေးသည် ပြည်တွင်းစစ်အတက်အကျ၏ ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ စစ်ရေးသည်အထောက်အကူအပိုင်းသာဖြစ်သည်။ သူပုန်အရေးနိမ့်စေမည့် ထူးခြားသည့်နိုင်ငံရေးပြောင်းလဲမှုမပါဘဲ စစ်ရေးသက်သက်ဖြင့်သာ ရင်ဆိုင်နေလျှင် သူပုန်အရေး မှာ အလွန်ရှည်ကြာခက်ခဲနိုင်ကြောင်း လက်ရှိအစိုးရအနေနဲ့ စစ်ရေးသက်သက်ချည်း အားမကိုးဘဲ နိုင်ငံရေးအရ ကြိုးစား သင့်ကြောင်း ဤအတိုင်းဆက်သွားနေပါက ပြည်တွင်းစစ်ကြီး ရှည်ကြာသွားမည့်အလားအလာရှိကြောင်း စစ်တပ် တိုးချဲ့ရ၍ ပြည်တွင်းစီးပွားရေးလည်း ကျဆင်းနိုင်ကြောင်း” စတာတွေကို အသေးစိတ် အချက်အလက်များနဲ့ ထုတ်ပြရှင်းလင်းထားပြီး စစ်ရေးသက်သက်ဖြင့် နောက်ထပ် (၇) နှစ်ဆက်တိုက်လျှင်လည်း သူပုန်အင်အားမကျဆင်းနိုင်ကြောင်း ရေးထားပါတယ်။

၃။ တတိယပိုင်းမှာတော့ စစ်နဲ့နိုင်ငံရေးရဲ့ရည်ရွယ်ချက်တွေ စစ်နဲ့ပြည်သူလူထု စစ်နဲ့နိုင်ငံရေးခေါင်းဆောင်များရဲ့ဆက်စပ် နေပုံများကို အကျယ်တ၀င့်ရေးသားထားပါတယ်။

အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ စစ်နိုင်ရေးအတွက်သာမက စစ်ကို မူလနိုင်ငံရေးရည်မှန်းချက်က သွေဖီ မသွားအောင်နဲ့ စစ်ပြီးနောက် ငြိမ်းချမ်းရေးကာလတည်ဆောက်ရေးအတွက် တာဝန်ရှိကြောင်း စတာတွေ ပါရှိပါတယ်။ စစ်ဟာဖြစ်ပွားလာဘို့လွယ်ကူပေမဲ့ အပြီးသတ်ဘို့ခက်ခဲတတ်ကြောင်း စစ်ဒဏ်ကိုပြည်သူလူထုကသာအဓိက ခံရကြောင်း တွေ ပါရှိပါတယ်။

၎။ နောက်ဆုံး စတုတ္တပိုင်းမှာ  လက်ရှိပြည်တွင်းစစ်ကို ဘယ်လိုအဆုံးသတ်သင့်တယ်ဆိုတာကို တင်ပြထားပါတယ်။ အဲဒီ တုန်းက ၀န်ကြီးချူပ်ဖြစ်တဲ့ ဦးနုရဲ့ပါလီမန်မိန့်ခွန်းကိုကိုးကားပြီး ပြည်သူလူထုက စစ်အတွက်ပေးရတဲ့အဖိုးအခများကို ထောက်ပြပြီး “ပြည်တွင်းစစ်ဖြစ်ရခြင်းအပေါ် နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တာဝန်ရှိကြောင်း နိုင်ငံရေးခေါင်းဆောင်များ အနေနဲ့ စစ်နဲ့ပတ်သက်၍ ထင်မြင်ယူဆပုံ ပေါ့ဆမှားယွင်းခြင်းအကြောင်းရင်းမှာ ဗမာပြည်လွတ်လပ်ရေးရခါစ အတွေ့အကြုံ ဗဟုသုတနည်းပါးမှုကြောင့်လည်းကောင်း၊ စိတ်ကူးဆန္ဒနဲ့ ဒေါသ-မောဟတွေကို ရှေ့ထားမိသောကြောင်လည်းကောင်း၊ မှားခဲ့ကြပုံ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဟု ဆက်လက်အငြင်းမပွားသင့်တော့ဘဲ အမှားဝန်ခံရုံမကဘဲ အမှားကို ရဲရဲဝံ့ဝံ့ ပြင်ကြရန်” တိုက်တွန်းထားပါတယ်။

လက်ရှိနိုင်ငံရေးခေါင်းဆောင်များအနေနဲ့ လက်ရှိတိုင်းပြည်အခြေအနေ နှစ်ဦးနှစ်ဖက်ရပ်တည်နေရသော အခြေအနေတို့ကို တိတိကျကျ ဆန်းစစ်ကြည့်ရှုပြီး ပြည်သူလူထုအနာဂါတ်အကျိုးကိုမဆန့်ကျင်စေဘဲ ကျိုးကြောင်းမျှတ၍ ယထာဘူတကျ သောနည်းလမ်းများနဲ့ ရပ်စဲကြဘို့ ဖေဖေကနောက်ဆုံးမှာ တိုက်တွန်းထားပါတယ်။

အဲဒီကာလကဆရာကြီးမှိုင်းရဲ့ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု လူထုဆန္ဒပြပွဲကြီးများလည်း တခြိမ့်ခြိမ့်နဲ့ တနိုင်ငံလုံးကျင်းပနေတာပါ။ဒါကြောင့်ဘဲ ဖေဖေက ၂၀၀၇ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ကိုယ်တိုင်ရေးအထုပွတ္တိစာအုပ်မှာ ဒီလိုရေးထားပါတယ်။

“ကျွန်တော် ထိုစာတမ်းရေးသားရန် ပြည်တွင်းစစ်ပြသာနာကို အသေးစိတ်လေ့လာလေလေ ပြည်တွင်းစစ်ရေရှည်ပြီး ပြည် သူတို့၏ဆင်းရဲဒုက္ခ အန္တရာယ်များကို မြင်လေလေဖြစ်ကာ ပြည်တွင်းငြိမ်းချမ်းရေးသည်သာ အနာဂါတ်နိုင်ငံသစ် ထူထောင် နိုင်ရေးအတွက် သော့ချက်ဖြစ်ကြောင်း ပိုမို၍သဘောပေါက်လာပါသည်။ လက်ရှိပြည်သူလူထု၏ ဒုက္ခမျိုးစုံ ဆုံချက်ဖြစ်နေ သည့် ပြည်တွင်းစစ်ကြီးကို ပြည်သူလူထုအကျိုးစီးပွားပြု နိုင်ငံရေးအခြေခံပေါ်တွင် ရပ်စဲနိုင်ပါက တိုင်းပြည်အပေါ်အကြီးမားဆုံး အကျိုးပြုနိုင်ချက်ဟုလည်း ယုံကြည်လာမိပါသည်။”

“ထိုကြောင့်ပင် ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ “ပြည်တွင်းငြိမ်းချမ်းရေး ရှစ်ဦးကော်မတီ” အဖွဲ့ဝင်အချို့နှင့်တိုင်ပင်ဆွေးနွေးပြီး ထိုအဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားရန် စီစဉ်ပါတော့သည်” တဲ့။

အဲဒီစာတမ်းက ဖေဖေရဲ့ တွက်ချက်မှုတခုမှာ စစ်ရေးသက်သက်နဲ့ ချည်ဖြေရှင်းပါက နောက် (၇) နှစ်ကြာတောင် သူပုန်အင်အားကျဆင်းစရာအကြောင်းမရှိလို့ ပြောထားတာပါပါတယ်။ သတင်းစာတစောင်က ဒီလိုဆိုယင် ပြည်တွင်းစစ်ကြီးနောက် (၇) နှစ်တောင် ဆက်ကြာအုံးမှာလားဆိုပြီး အလန့်တကြား ခေါင်းကြီးရေးတာ မှတ်မိနေပါတယ်။ တကယ်လို့သာ ဒီပြည်တွင်း စစ်ကြီး အခုလိုရာစုနှစ်ဝက်ကျော်ကြာနေဦးမယ်မှန်းသိခဲ့ကြရယင်တော့ ဘယ်လိုများရေးမယ်မသိပါဘူး။

ဒီနေရာမှာ ဗမာပြည်ပြည်တွင်းစစ်ရဲ့ရှည်ကြာရမှုကို နားလည်ဘို့လိုပါတယ်။ တိုက်ဆိုင်တာတခုလည်း ပြောရအုံးမယ်။

၁၉၅၃ – ၁၉၆၁ ခုနှစ်အထိ အမေရိကန်နိုင်ငံရဲ့(၃၄) ဦးမြောက်သမတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အိုက်ဆင်ဟောင်ဝါး
(ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်ဖွဲ့များဦးစီးချုပ်-ကြယ် (၅) ပွင့် ဗိုလ်ချုပ်ကြီးဟောင်း) က ၁၉၆၁ ခုနှစ်-သမတရာထူး ကအနားယူတော့မဲ့အချိန် တိုင်းပြည်ကို နှုတ်ဆက်မိန့်ခွန်းပြောရာမှာ သူ့နိုင်ငံအတွက်သူပူပန်တဲ့အချက်တခုကိုထည့်သွင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့  နိုင်ငံရဲ့ဘဏ္ဍာရေးလိုငွေပြမှုကိုဂရုမစိုက်ဘဲ  စစ်လက်နက်ပစ္စည်းများ အဆ မတန်ထုတ်လုပ်နေမှုကိုသတိပေးပြီး အစိုးရကန်ထရိုက်များနဲ့ စစ်လက်နက်ပစ္စည်းထုတ်ဝေသူများအကြား ဆက်စပ်နေမှုတွေ
ကို  သတိပေးသွားခဲ့ပါတယ်။ အဲဒီနေရာမှာ သူက ဝေါဟာရအသစ်တလုံးသုံးခဲ့ပြီး အဲဒီစကားလုံးဟာ နိုင်ငံရေးဝေါဟာရ တ လုံးအဖြစ်တွင် ကျန်ခဲ့ပါတယ်။ military-industrial-complex တဲ့။ စစ်တပ်-စက်မှုစီးပွားရေးလုပ်ငန်းများ ဒွေးရောယှက်တင် ဖြစ်နေမှုလို့ ဆိုလိုပါတယ်။

ဗမာပြည်မှာတော့ ပြည်တွင်းစစ်ကြီးရှည်ကြာလေ သြဇာကြီးလေဖြစ်ပြီး ပြည်တွင်းစစ်တိုက်ရတာကိုအကြောင်းပြပြီး ဗမာ
ပြည်ရဲ့- နိုင်ငံရေးအာဏာ – စီးပွားရေးအာဏာကို ကြာရှည်ကြာများဆုပ်ကိုင်လာခဲ့ရတဲ့  အရသာသိနေပြီဖြစ်တဲ့-ဗမာ့တပ်မ တော်အနေနဲ့ နောက်ဆုတ်ပြီး စစ်တန်းလျားပြန်ရမဲ့အဖြစ် (တိုင်းပြည်ကြီး ငြိမ်းချမ်းသွားမှာကို) လိုလားပါ့မလား။

ဗမာပြည်မှာလည်း နောက်ထပ်ဝေါဟာရအသစ်တလုံးတိုးလာရတော့မယ်ထင်ပါရဲ့။

ဒါကတော့။ စစ်တပ်+ပြည်တွင်းစစ် = စစ်အာဏာရှင်စနစ်– ဆိုတဲ့ ဂဏန်းသချာင်္ပုံသေနည်းပါဘဲ။

ဒါကြောင့်ဘဲ ဖေဖေက သူ့နောက်ဆုံးအချိန်များအတွင်း သတင်းဌာနများနဲ့တွေ့ဆုံမေးမြန်းခန်းများမှာ …. ကျွန်တော်တို့နိုင်ငံ ရဲ့ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ် …. လို့ တဖွဖွပြောပြီး သူချစ်တဲ့ပြည်သူတွေကို အဓိကရန်သူ ဘယ်သူဆိုတာ  မျက်ခြေမပြတ်ဘို့ သတိပေးခဲ့ဟန်ရှိပါတယ်။

လှကျော်ဇော
၆၊ ၆၊ ၂၀၁၅

ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၃၆)
အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၃) ၂၀၁၅-၇-၇ နေ့ထုတ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts