Op-Ed

Dr. Dhamma Piya – Open Talk (1)

မပြောမပြီး မတီးမမည် – အပိုင်း(၁)

ဒေါက်တာဓမ္မပိယ (ITBMU)

            မိုးမခမှာ စာမရေးဖြစ်တာ အတော်ကြာသွားပြီ။ စာရေးသူရေးတဲ့ စာလေးတွေကို မဖတ်ရတာ ကြာသွားလို့ထင်ရဲ့ မေးသူတွေလဲရှိလာတယ်။ မြန်မာပြည်ကို ပြန်ရောက်နေလို့ စာမရေးဖြစ်တာလား၊ ကျန်းမာရေးမကောင်းလို့လား၊ အလုပ်တွေများနေလို့လား၊ ဘာလားညာလားနဲ့ပေါ့။ မေးဖေါ်ရတဲ့ အတွက် ကျေးဇူးအထူးတင်မိခြင်းပါ။

            စာမရေးဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပါ။ မအားတာရယ်၊ ကျန်းမာရေးမကောင်း လှတာရယ်၊ တိုင်းရေး၊ ပြည်ရေး၊ ဘာသာရေးနှင့်စပ်ဆိုင်တဲ့ (ပြည်တွင်း ပြည်ပမှာ ကျင်းပနေတဲ့) ဆီမီနာတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ စာရေးသူအလုပ်လုပ်နေတဲ့ တက္ကသိုလ်အစည်းဝေးတွေ၊ သံဃာ့ အစည်းဝေးတွေကို တက်ရောက်နေရတာရယ်၊  ဒီအကြောင်းတွေကတော့ အဓိကလို့ဆိုရာမှာပါ။  

            မြန်မာပြည်မှာ ရောက်နေတုံး မြန်မာပြည်အကြောင်းတွေကို စာရေးနိုင်ရင် ကောင်းတာပေါ့လို့ အကြံပြု ပြောကြားလာသူများလည်း ရှိလာတယ်။ မြန်မာပြည်အကြောင်းကို ရေးရရင်တော့ စိတ်မကောင်းစရာတွေ အများကြီးရှိနေသလို ၀မ်းသာစရာတွေကလဲ အများကြီးရှိနေခြင်ပါ။  

            ၂၈-၈-၂၀၁၃-ခုနေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာမှာ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ဖေါ်ပြထားတဲ့သတင်းက – ̏မြန်မာနိုင်ငံသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင်အသိုင်းအ၀ိုင်း နှစ်ခုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်ရေးဆိုင်ရာ အာဆီယံလွတ်တော် အမတ်များအဖွဲ့က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာ လိုက်သည်˝ဆိုတဲ့သတင်း။

            အံ့သြသွားမိတယ်။ ဘာကို ဆိုလိုချင်တာလဲ။ အမှန်တကယ်ပင် မြန်မာနိုင်ငံဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခချောက်ကမ်းပါးတွင် ရောက်ရှိနေပြီလော။ တွေးစရာတွေက အများကြီးပါ။  

            မြန်မာလူမျိုးအများစုသည် လူ့အခွင့်ရေးနှင့် နိုင်ငံသားအခွင့်ရေး၊ နိုင်ငံရေးနှင့်အမျိုးသားရေး၊ လူမျိုးရေးနှင့် ဘာသာရေး ရောထွေးနေကြဆဲပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ခုတုံးလုပ်ပြီး လူ့အခွင့် ရေးကို ချိုးဖေါက်နေသူတွေရှိသလို၊ လူ့အခွင့်ရေးကို အကြောင်းပြပြီး အမျိုးသားရေးနှင့် နိုင်ငံသား အခွင့်ရေးကို ၀င်ရောက်စွက်ဖက်နေသူတွေကလည်းအများကြီး။ လူသားချင်းစာနာမှုကို ယိုးမယ်ဖွဲ့ပြီး ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်နှင့် အမျိုးသားရေးယဉ်ကျေးမှုအမွေနှစ်ကို စာနာစိတ်မထားနိုင်တော့ပဲ  ဖျက်ဆီးချင်နေသူတွေကလဲ များမှများ။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ရေမုတ်တစ်ဖက် မီးစတစ်ဖက်ကို ကိုင်ထားသူတွေကလဲ ရှိနေပြန်။ ဒီမိုး ဒီလေ ဒီလူတွေကြောင့် မြန်မာနိုင်ငံကြီးသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခချောက်ကမ်းပါးတွင် ရောက်နေပြီလို့ ပြောဆိုလိုခြင်းလော။ ဝေခွဲဖိုခက်ခဲနေဆဲပါ။  

            ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ဖို့ဆိုတာ လူ့သမိုင်းကိုလည်း မျှမျှတတ သုံးသပ်နိုင်ဖို့လိုတယ်။   နိုင်ငံသမိုင်းကိုလည်း နားလည်ထားဖို့လိုတယ်။ လူမျိုးရေးနှင့်ဘာသာရေးသမိုင်းများကိုလည်း လေ့လာ ထားဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ ထင်ရာမြင်ရာတွေကို တွေးပြီး၊ ထင်တဲ့အတိုင်း မြင်တဲ့အတိုင်း စွပ်စွဲပြောဆိုနေကြမယ်ဆိုရင် ကိုယ်တိုင်က လူ့အခွင့်ရေးတွေကို ချိုးဖေါက်နေသူတွေဖြစ်နေပါလျှက် ထိုသူတွေရဲ့ လက်ညှိုးနှင့် အများကို လူ့အခွင့်ရေးတွေကို ချိုးဖေါက်နေသူများပါလို့ ပါးနပ်စွာ ညွန်ပြနေခြင်းဟာလည်း နိုင်ငံတော်ကို ချောက်ကမ်းပါး ရောက်အောင်  ပြုလုပ်တောမျိုးကော မဖြစ်နိုင် ဘူးလားလို့လည်း တွေးမိနေခြင်းပါ။

            ဒီကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ သဘောထားလေးတစ်ခုကို ပြောချင်တယ်။ အခြားနိုင်ငံကလူတွေ အမေရိကန်နိုင်ငံကြီးမှာ နေချင်သူတွေ ပေါများလွန်းလှတယ်။ သို့သော် လူတိုင်းနေခွင့်မရပါ။ လူတိုင်းကို နေခွင့်မပေးနိုင်ပါ။ ဘာကြောင့်လဲ။ အမေရိကန်နိုင်ငံကြီးက လူ့အခွင့်အရေးကို မလေးစား မလိုက်နာလို့လား။ လေ့စားလိုက်နာတယ်ဆိုရင် အမေရိကန်နိုင်ငံကြီးက လူသားချင်းစာနာစိတ် မရှိလို့လား။ သိုမဟုတ် လူ့အခွင့်အရေး ကြေညာစာတမ်း အမှတ်စဉ် (၁၅) မှာ ဖေါ်ပြထားတဲ့ – ̏သင်သည် နိုင်ငံတစ်ခု၏ တိုင်းရင်းသားအဖြစ် ခံယူခွင့်ရှိသည်။ အခြားနိုင်ငံတစ်ခု၏ တိုင်းရင်းသားဖြစ်လိုကလည်း သင်အား မည်သူမျှ ပိတ်ပင်တားဆီးခြင်း မပြုနိုင်˝ဆိုတဲ့ ဒီကုလသမဂ္ဂကျြေညာစာတမ်းကို အမေရိကန်ခေါင်းဆောင်များ မသိ၍ လူ့အခွင့်ရေးကို ချိုးဖေါက်နေခြင်းမျိုးလား။ စဉ်းစားနိုင်ဖို့ပါ။

            အဖြေကတော့ ရှင်းရှင်းလေးပါ။ အမေရိကန်ခေါင်းဆောင်များသည် အမေရိကန် နိုင်ငံသား များ၏ နိုင်ငံသားအခွင့်ရေးများကို လူ့အခွင့်ရေးထက်ပို၍ လေးစားလိုက်နာလိုသောကြောင့် ထိုကြေညာစာတမ်း၏ အဆိုအမိန့်ကို လိုက်နာနိုင်သမျှ လိုက်နာပေးပြီး၊ အတိုင်းအတာထက် ပိုလွန်သော လူသားအခွင့်အရေးများကို အမေရိကန်နိုင်ငံက ပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းထားခြင်းပါ။ အမေရိကန် (USA) မှာ နေလိုသူတိုင်းကို လက်မခံနိုင်ခြင်း၊ နေခွင့်မပေးခြင်းသည် လူ့အခွင့်ရေးကို ချိုးဖေါက်ခြင်းဟု မပြောနိုင်သလို၊ လူသားချင်းစာနာစိတ်ကင်းသူများဟုလည်း အပြစ်တင်၍ မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတွင်း လူဦးရေ အလွန်များပြားပြီး သိပ်ကိုကျပ်တည်း နေမည်ဆိုလျှင် အလုပ်အကိုင်ရှားပါးခြင်းပြဿနာ၊ ဒုစရိုက်များ များပြားလာခြင်းပြဿနာ၊ နိုင်ငံသား အခွင့်ရေးများ ဆုံးရှုံးနိုင်ခြင်းပြဿနာစသော အခြေခံအကြောင်းတရားများ ရှိလာနိုင်ခြင်းကြောင့် နိုင်ငံသား အခွင့်ရေးကို လေးစားလိုက်နာသော အမေရိကန်နိုင်ငံ၏ ခေါင်းဆောင်များကို လူ့အခွင့်အရေး ချိုးဖေါက်သူများဟု မည်သူက စွပ်စွဲပြစ်တင်လိုသနည်း။

            မြန်မာ့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်လှန်သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံသည် အနော်ရထာ မင်းနှင့် ရှင်အရဟံတို့က ထေရ၀ါဒနိုင်ငံတော်အနေနှင့် အုဋ္ဌ်မြစ်ချခဲ့ကြသည်ကို သမိုင်းပညာရှင်တိုင်း၊ ဘာသာရေးလိုက်စားသူတိုင်း သိရှိနေခြင်းပါ။ ပုဂံနေပြည်ကြီးမှာ နေထိုင်ခဲ့တဲ့ မြန်မာလူမျိုး အများ စုဟာ ရာနှုံးပြည့်နီးပါး ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ခဲ့ကြခြင်းပါ။ အရည်းကြီးများလည်း နောက်ပိုင်း ကာလမှာ ဗုဒ္ဓဘာသ၀င်များ ဖြစ်လာခဲ့ကြခြင်းပါ။ ပုဂံခေတ်မှာ ကုလားလူမျိုးများ ရှိခဲ့သည်ဆို သော်လည်း ထိုကုလားများ (ဗျဝိနှင့်ဗျတ္တ) သည် ဟိန္ဒူကုလားလား၊ မူစလင်ကုလားလား ဆိုတာ မည်သူမျှ သဲကွဲစွာ သိနိုင်မည်မဟုတ်ပါ။ သို့သော် ဘုန်းကြီးကျောင်းမှာ နေကြသော ဘုန်းကြီးကျောင်းသားများဖြစ်ခဲ့ကြ၍ ဗုဒ္ဓဘာသာဝင် ကုလားများဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါ။

            ပုဂံမြေပေါ်က စခဲ့တဲ့ မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာသမိုင်းကြောင်းသည် ရိုးစင်းပြီး သိသာ မြင်သာရှိနေခြင်းပါ။ သို့သော် မျက်မှောက်ခေတ် မြန်မာသမိုင်းကို အကြမ်းဖက်လိုသူ၊ ကျူးကျော်ရန်စ လိုသူတို့၏ ပယောဂကြောင့် မြန်မာနိုင်ငံ၏မြေပုံသည် အသစ်ရေးဆွဲရန်ကိန်း ဆိုက်ရောက်လာ နိုင်ခြင်းကို ရည်ရွယ်၍ ပဋိပက္ခချောက်ကမ်းပါးတွင် ရောက်နေပြီလို့ ပြောဆိုလိုက်ခြင်းလား။ ဝေခွဲနိုင်ဖို့ပါ။

            မီဒီယာကြီးစိုးတဲ့ခေတ်ကြီးမှာ မြန်မာနိုင်ငံတော်ရဲ့အရေးဟာ တွေးမိတိုင်း ရင်လေးစရာကြီးပါ။  သတင်းသမားများက သတင်းကို ချဲ့ကားရေးသားမှု၊ မြန်မာနိုင်ငံသားများ အများစုသည် (ခေါင်းဆောင် များနှင့် သံဃာတော်များအပါအ၀င်) နိုင်ငံရေးပရိယာယ် မကြွယ်ဝမှု၊ ရိုးစင်း ပွင့်လင်းမှု၊ စကားပြောမကျွမ်းကျင်မှုစတဲ့ အကြောင်းတရားများရှိနေ၍ သူ့အမှားကို ကိုယ့်အမှားအလုပ်ခံရ၊ သူ့အပြစ်ကို ကိုယ့်အပြစ်အြလုပ်ခံရနှင့် သူတို့လုပ်သမျှမကောင်းမှုများသည် မြန်မာတို့ရဲ့အမှားတွေသာ ဖြစ်နေခဲ့တယ်။ အမှန်တရားများကို မသိရှာကြတဲ့ ကမ္ဘာ့လူထုကြီးသည် ̏အမှားကြာတော့အမှန်ဖြစ်˝ ဆိုတဲ့အတိုင်း ပြောပါများလာတော့ အမှားကိုပင် အမှန်ထင်၊ အမှန်ကိုပင် အမှားများထင်လာခဲ့ ကြခြင်းပါ။

            လွန်ခဲ့တဲ့ နှစ်ပတ်လောက်က (၉-၁၀-၁၁-၁၂၊ ၉၊ ၂၀၁၃-ခု) အိန္ဓိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ အင်တာနေရှင်နယ် ဗုဒ္ဓဘာသာညီလာခံ (International Buddhist Confederation (IBC) ကြီးတစ်ခုသို့ တက်ရောက်ခွင့်ရခဲ့တယ်။ ထိုညီလာခံကြီး နိုင်ငံပေါင်း (၄၂)နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်။

            ထိုညီလာခံကြီးမှာ ထူးခြားချက်တစ်ခုကို သတိထားမိလိုက်တာက ဘာသာရေးခေါင်းဆောင် ကြီးတစ်ယောက်ပြောသွားတဲ့ အစွန်းထွက် စကားတစ်ခွန်းကြောင့်ပါ။ ပြောသူအား မုန်းတီးစေလို၍ ဤစကားကို ပြောကြားခြင်းမဟုတ်ပါ။ အတွေ့အကြုံတစ်ခုကို မျှဝေပေးခြင်းမျှသာ ဖြစ်တယ်။ သူပြောသွားတာက – ̏ကမ္ဘာ့လူထုကြီးဟာ မတရားဘူးတဲ့။ ဘာကြောင့်လဲဆိုရင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှာ ဗုံးခွဲတိုက်ခိုက်တဲ့ မူစလင်များကိုတော့ ပြစ်တင်ရှုတ်ချကြတယ်။ မြန်မာနိုင်ငံမှာ မူစလင်ပေါင်း ငါးသိန်းကျော်သတ်ခံရတာကိုတော့ နှုတ်ဆိတ်နေကြတယ်ဆိုတဲ့ စကားကြောင့်ပါ။ မြန်မာနိုင်ငံအတွက် အန္တရယ်များလှတဲ့ စကားမျိုးဖြစ်၍ စကားကြွေးချန်မထားလိုတဲ့ စာရေးသူဟာ ထိုညီလာခံကြီးမှာပဲ ထိုစကားကို မဟုတ်မမှန်ကြောင်း ပြန်လည်ခြေပပြောဆိုခဲ့တယ်။ မြန်မာပြည်မှာ ၂၀၁၂-ခုနှစ်မှ ၂၀၁၃-ခုနှစ်အထိ ဘာသာရေးအသွင်ဆောင်တဲ့ လူမျိုးရေး အဓိကရုံးများကြောင့် သေဆုံးသူဦးရေးမှာ (၂၅၀) ကျော်မျှသာရှိကြောင်း သိရခြင်းပါ။

            ဤကဲ့သို့သော မဟုတ်မမှန် လုပ်ကြံ၍ ပြောဆိုကြသော ဤသတင်းများသည် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားများဖြစ်တဲ့ အခြားဘာသာဝင် တိုင်းရင်းသားများအတွက် အတူယှဉ်တွဲ၍ ငြိမ်းချမ်းစွာ နေနိုင်ရေးတို့အတွက် အဟန့်အတားတွေကို ဖြစ်စေပြီး အန္တရာယ်ကြီးမားလှကြောင်း သိနိုင်ကြဖို့ပါ။ သတင်းမှားများသည် မည်မျှအန္တရာယ်ကြီး မားကြောင်း မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများ နေတိုင်းနီးနီး အသတ်ခံ နေခဲ့ရခြင်းကို သမိုင်းမှတ်တမ်းများအဖြစ် ရင်ထဲမှာ သိမ်းဆည်းထားနိုင်ကြဖို့ပါ။

            မျက်မှောက်ခေတ် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းများသည် ပြောပြစရာတွေ များပြားလွန်းလှ၍ ̏မပြောမပြီး မတီးမမည်˝ဆိုတဲ့ ဒီဆောင်းပါးကို အပိုင်း (၁) (၂)ခွဲ၍ တင်ပြလိုက်ခြင်းပါ။ အမှန်ကို လက်ခံ၊ အမှားဆိုလျှင် လျစ်လျူရှုနိုင်ကြဖို့ပါ။ အမှားပြောဆိုနေသူများကိုလည်းကောင်း၊ အမှား ရေးသားနေသူများကိုလည်းကောင်း အမုန်းမပွားပဲ ̏ငြိမ်းချမ်းရေး စည်တော်ကြီး˝ကို အတူတီးခတ် နိုင်ကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts