မောင်မိုးသူ

သေနတ်သံများကြားက ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ

 

သေနတ်သံများကြားက ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ
(မြန်မာသံတော်ဆင့်ဂျာနယ်၊ ရန်ကုန်) မိုးမခ ၊ မတ် ၁၅၊ ၂၀၁၇

၂၁ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ၂၀၁၇ခု မတ်လတွင် ပြုလုပ်ကျင်းပမည်ဟု ကြိုးစားနေကြပါ တယ်။ လူမျိုးစုအလိုက်ဆွေးနွေးပွဲများလည်း ပြုလုပ်နေကြတယ်လို့ တွေ့မြင်ကြားသိနေရပါတယ်။ လက်မှတ်ရေးထိုးထားသည်ဖြစ်တဲ့ UNFC အဖွဲ့က မူဘောင် ၉ချက်တင်ပြထားတာဖြစ်ပြီး အစိုးရကလည်း သဘောတူသည်ဟု ကြားသိရပါတယ်။ ဒီအပုံအတိုင်းဆိုရင် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်လာ သည်နှင့်အမျှ ငြိမ်းချမ်းရေးခရီးစတင်နိုင်တော့မည်လိုလို ဖြစ်နေချိန်တွင် တပ်မတော်ကတာဝန်ရှိသူ တစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ငြိမ်းချမ်းရေးခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ချက်များကို ထောက်ခံတယ်၊ အောင်မြင်မယ်လို့လည်း ရာနှုန်းပြည့်ယုံကြည်တယ်လို့ ပြောဆိုချက်ထွက်ပေါ်လာပါတယ်၊ တပ်မတော်မှ ဒီစကားမျိုး ထွက်လာသည့်အတွက် အများပြည်သူက ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။ တကယ်တော့ မဲဆန္ဒရှင်ပြည်သူလူထုအများစုဟာ တစ်နှစ်အတွင်း ရာနှုန်းပြည့်ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ကြောင်း ထွက်ပေါ်လာသည်ကိုတွေ့မြင်ရ၍ ပြည်သူလူထုများက ထပ်ဆင့်ဝမ်းသာကြရပါတယ်။  အကြောင်းမှာ ငြိမ်းချမ်းရေးနှင့်ပက်သတ်၍ တပ်မတော်က ဤသို့ဤပုံ ဒေါ်အောင်ဆန်းစုကြည်ကို ရာနှုန်းပြည့် ယုံကြည်ကြောင်း၊ အောင်မြင်မည်ကို ငြိမ်းချမ်းရေးကို ရာနှုန်းပြည့်ယုံကြည်ကြောင်း စသည် စသည်များကို ထုတ်ပြန် ပြောဆိုခဲ့ရာ ပြည်သူပြည်သားအများစုက ဝမ်းသာအားရဖြစ်ကြရပါတယ်။

၂၀၁၅ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ သောအထွေထွေရွေးကောက်ပွဲတွင် အန်အယ်ဒီက အနိုင်ရခဲ့ပြီး သမ္မတဦးထင်ကျော်အမှူးပြုသော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ခဲ့သလို တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံးတွင် ဝန်ကြီးချုပ်များခန့်ထားနိုင်ခဲ့ခြင်းရှိခဲ့ ပါတယ်။ သို့ဖြစ်ပေရာ အန်အယ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရပါတီအဖြစ် မတ်လကုန်၊ ဧပြီလဆန်းတွင် သမ္မတဦးထင်ကျော်အမှူးပြုသော ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရတွင် လည်းကောင်း၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များတွင်လည်းကောင်း၊ ဒုတိယနေရာအတွက် နယ်လုံမှ တာဝန်ရှိသူများက ရှိနေဆဲဖြစ်သည့်အပြင် ၄င်းတို့အောက်မှ အစိုးရအဖွဲ့အစည်း အားလုံးသည်လည်း ယခင်အစိုးရလက်ထက်က လူဟောင်းများပဲရှိနေဆဲဖြစ်ပါတယ်။

တရားရေးမဏ္ဍိုင်မယိမ်းယိုင်စေရေးအတွက် တရာစီရင်ရေးတွင် အဂတိကင်းစင်မှုရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးကြရာ တရားရေးတာဝန်ခံက တရားစီရင်ရေးတွင် အဂတိလိုက်စားသူဟု ပြောဆိုသည့်အတွက် တရာစီရင်ရေးမဏ္ဍိုင် သိက္ခာကျရကြောင်းထောက်ပြပြောဆိုသည့်အတွက် လွှတ်တော်ဥက္ကဌက ဟန့်တားခဲ့ရသည့်အဖြစ် အပျက်နှင့် ကြုံရပါတယ်၊ စက်ရုံများ အလုပ်ရုံများနှင့်တကွ မြေသိမ်းယာသိမ်းကိစ္စအဝဝတွင် လူ့အခွင့်အရေးမူအရ ဆန္ဒပြခြင်း ကန့်ကွက်ခြင်းများကို တရားစွဲဆိုထောင်ချခြင်းများပြုလုပ်နေပါတယ်၊ ဆိုလိုသည့်သဘောမှာ တရားစီရင်ရေးမဏ္ဍိုင်သည် ယခင်ကအတိုင်း တည်ရှိဆဲ ရပ်တည်ဆဲရှိနေပါသောကြောင့် ပြင်ဆင်ကြရန် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြဆွေးနွေးနေကြခြင်းဖြစ်ပါတယ်၊ ဒီအချက်ကိုထောက်ရှုလျှင် ရဲအဖွဲ့အစည်း တရားစီရင်ရေးအားလုံးတို့သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဝေဖန်နိုင်ခြင်းသာပြုလုပ်နိုင်ကြပြီး ပြင်ဆင်ခြင်း မလုပ်နိုင်ကြပဲရှိနေပါတယ်၊

တချိန်ထဲတွင် ယခင်အစိုးရက ချမှတ်ခဲ့သော အကောင်အထည်မဖော်ဖြစ် ဘာမှမလုပ်ဖြစ်သော စီမံကိန်းများကိုလည်း ဖျက်သိမ်း၍ ပြုပြင်လုပ်ဆောင်နေကြရခြင်းဖြစ်ပါတယ်၊ တချိန်ထဲတွင် ပြောင်းလဲချိန်တန်ပြီဟူသောကြွေးကြော်သံဖြင့် တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတွင် ပြောင်းလဲမှုဘာမှတိတိပပမလုပ်နိုင်ရှိသည်ကို တွေ့ရပါတယ်၊ တချိန်ထဲတွင် အမေရိကန်ဒေါ်လာဈေးတက်ပြီး မြန်မာကျပ်ငွေဈေးတန်ဖိုးကျလျက်ရှိရာ တိုင်းသူပြည်သားအများအမြင် စီးပွားရေးကြပ်တည်းမှုများခံစားနေကြရသည်ကို ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒပေးရန် စိတ်ဝင်စားမှုအားနည်းသည့်အချက်က ရှင်းရှင်းကြီးထောက်ပြနေပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်က စတင်လုပ်ဆောင်ခဲ့သော အပစ်အခတ်ရပ်ဆဲရေး ပြည်တွင်းငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပိုင်းတန်းလန်းဖြင့်ကျန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအစိုးရက ၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံအဖြစ်လုပ်ဆောင်ကြရန် လှုံ့ဆော်နေကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အားလုံးအဖွဲ့အစည်းအားလုံး သတ္တိရှိရှိလက်မှတ်ရေးထိုးကြပြီး ဆွေးနွေးပွဲကြီးပြုလုပ်ကြရန် လှုံဆော်နေပါတယ်၊ တချိန်ထဲတွင် တပ်မတော်မှတာဝန်ရှိသူများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ငြိမ်းချမ်းရေးလမ်းစဉ်ကို သဘောတူကြောင်း ရာနှုန်းပြည့်အောင်မြင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ကြေညာချက်တွေ့ရ၍ ပြည်သူများဝမ်းသာအားရရှိနေချိန်တွင် တပ်မတော်၏ကြေညာချက်ထဲ လက်နက်ကိုင်အဖွဲ့အစည်းတို့၏ လက်နက်စွန့်ပြီးကာမှ ဆွေးနွေးပွဲသို့လာရောက်ဆွေးနွေးနိုင်ကြောင်း ပြောကြားလိုက်သည်နှင့် တုန့်ဆိုင်းတန့်ရပ်သွားပါတယ်၊ လက်နက်ကိုင်သုံးဖွဲ့ကလည်း နိုင်ငံရေးအရဆွေးနွေးမှုကို ဦးစွာလုပ်ကိုင်လိုကြောင်း ပြောကြားနေကြပါတယ်။

ဤကဲ့သို ဤကဲ့သို့အခြေအနေများတွင် လောက်ကိုင်မြို့တွင် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက ဝင်ရောက်တိုက်ခိုက်ရာ ကျောင်းဆရာမတစ်ဦးနှင့် အရပ်သားများတချို့သေဆုံးကြပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးသလိုလို ပျောက်ဆုံးသလိုလိုထွက်ပေါ်နေပါတယ်။ လောက်ကိုင်ဒေသရှိ အစိုးရဝန်ထမ်းများလည်း နယ်မြေလုံခြုံရေးရှိတဲ့အရပ်ဒေသများသို့ ပြန်လည်ပြောင်းရွှေ့ရန်ကြိုးစားနေချိန်တွင် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ တရုတ်ပြည်ဘက်သို့သွာရောက် ခိုလှုံနေကြရသည်ကိုတွေ့မြင်နေကြရပါတယ်။ တရုတ်အစိုးရက ခိုလှုံလာသောစစ်ပြေးဒုက္ခသည်များကို စောင့်ရှောက်ကျွေးမွေးထားပြီး နယ်စပ်တလျှောက်တည်ငြိမ်အေးချမ်းမှုရှိရန် နှစ်ဦးနှစ်ဖက်လုံးက လုပ်ဆောင်ကြပါရန် တိုက်တွန်းသည့်ကြေညာချက်ထွက်ပေါ်လာပါတယ်။ လောက်ကိုင်ကိုတိုက်ခိုက်ခဲ့သည့် အဖွဲ့မှာ တစ်ဖွဲ့ထဲလား မြောက်ပိုင်းမဟာမိတ်အဖွဲ့အားလုံးလားဟု သတင်းဌာနများကမေးမြန်းကြရာ ရေရေရာရာဖြေကြားနိုင်ခြင်းမရှိပါ။ မည်ကဲ့သို့ပင်ဖြစ်စေ တိုက်ပွဲများကဖြစ် အရပ်သူအရပ်သားများသေဆုံး ဒေသခံများကတရုတ်ပြည်ဘက်သို့ထွက်ပြေး၊ စသည် စသည်အားဖြင့် သေနတ်သံများအကြားမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မည်သို့မည်ပုံခရီးဆက်ကြမည်လောဟု အများပြည်သူများက တွေးတောလက်မှိုင်ချနေကြရပါတယ်။ ဒီတွင် အမျိုးသားဒီမိုကရေစီအစိုးရသည် ကာကွယ်ရေး ပြည်ထဲရေးနှင့် နယ်စပ်တာဝန်များကို ကိုင်တွယ်နိုင်ခြင်းမရှိသည့်အပြင် အစိုးရအဖွဲ့အစည်းအတွင်းမှာလည်း ပြည့်ပြည့်ဝဝကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း တွေးမြင်နေရပါတယ်။

တချိန်ထဲတွင် ယခင်အစိုးရလက်ထက်က စီးပွားရေးလုပ်ငန်းအဝဝတို့သည် ခရိုနီငွေရှင်များ၏ လုပ်ဆောင်မှုများနှင့် လည်ပတ်နေကြခြင်းဖြစ်ရာ အစိုးရပြောင်းလဲလိုက်သည်နှင့် လုပ်ငန်းများ တော်တော်များများရပ်ဆိုင်း ရပ်တန့်သွားပါသောကြောင့် ငွေရေးကြေးရေး၊ စီးပွားရေးအခြေအနေများသည် ခိုင်ခိုင်မာမာ မရှိပဲဖြစ်နေရပါတယ်။ အမှန်အားဖြင့် ကမ္ဘာ့ငွေကြေးစနစ်တွင် အမေရိကန်တန်ဖိုးမှာမြင့်တက်ပြီး အခြားတပါးသောငွေကြေးများက တန်ဖိုးကျနေပါတယ်၊ ထိုနည်းအတူမြန်မာနိုင်ငံကလည်း အမေရိကန်တန်ဖိုးတက်ပြီး မြန်မာတန်ဖိုးကျနေပါတယ်၊ ဤသည်တို့ကိုရင်ဆိုင်ရင်း သေနတ်သံများကြားမှငြိမ်းချမ်းရေးသည် မည်သို့မည်ပုံဖြစ်လာလေမလဲဟု စိုးရမ်နေကြရပါတယ်။ ၂၀၁၇သည် ငြိမ်းချမ်းရေးနှစ်ဟု ဆိုထားကြပါတယ်၊

မောင်မိုးသူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts