ချမ်းမြ (မိုးမခအထောက်တော်) မိုးမခကို ပေးတဲ့စာ

ချမ်းမြ – “မန်းဟန် နဲ့ မန်းသင်္ကြန် ကို ဒီနှစ် နန်းဆန်စေချင်တယ်”


ချမ်းမြ – “မန်းဟန် နဲ့ မန်းသင်္ကြန် ကို ဒီနှစ် နန်းဆန်စေချင်တယ်” 

(မိုးမခ) မတ် ၁၅၊ ၂၀၁၇

ဒီနှစ် မန္တလေးသင်္ကြန် ကို အရင်ရင်နှစ်တွေကလိုမဟုတ်ပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေဆီမှာ ကျန်ခဲ့တဲ့ မန်းသင်္ကြန်ပုံစံလေးကို ပြန်လည်အသက်သွင်းမယ်ဆိုတော့ အားရ၀မ်းသာမိပါတယ်။ ရင်ထဲကဖြစ်ချင်နေတဲ့ ဆန္ဒလေးဖြစ်တော့မယ်။

၁၉၉၀ ၀န်းကျင်က မန္တလေးသင်္ကြန်ဟာ ပျော်ဖို့အရမ်းကောင်းတယ်။ ယဉ်ကျေးစွာ ပျူငှာစွာ မောင်ရင်းနှမလို ဆက်ဆံပြီး ရေကစားကြတယ်။ ကျွန်တော်နေတဲ့ ၂၈ လမ်းဘက်မှာဆို မန္တလေးမြို့ရဲ့ နာမည်ကြီးမဏ္ဍပ်တွေ ရှိတယ်။ ရပ်ကွက်ထိပ်မှာဆို “လှသူဇာ” ဆိုတဲ့ရေကစားမဏ္ဍပ် ရှိတယ်။ နောက်ပြီး ယခု ဒေါ်ထားကြည်-ပန်းကန်ငှားတဲ့အိမ်ရှေ့မှာ “ရွှေမန်းမေ” အဆိုတော်၊ သရုပ်ဆောင် ၀င်းဦး ရေကစား သီချင်းဆိုတဲ့ မဏ္ဍပ်။ ၂၉ လမ်းဘက် ထုံးဘူးတန်းဘက်မှာဆို “ယဉ်သူဇာ”ရေကစားမဏ္ဍပ်။ ပြီးတော့ မန္တလေးမြို့ မန်းသင်္ကြန်နဲ့ လိုက်ဖက်တဲ့ “ဈေးချိုသူ” ရေကစားမဏ္ဍပ်။ ဒါက ကျွန်တော်တို့ရပ်ကွက် ပတ်ချာလည်က နာမည်ကြီးမဏ္ဍပ်တွေ။

နှစ်တိုင်းလိုလို သင်္ကြန်ရောက်ဖို့ တလအလိုလောက်ကတည်း အက တိုက်နေကြနေပြီ။ သံချပ်တွေ တိုက်နေကြပြီ။ သံချပ်အဖွဲ့တွေဆို ဘိုသခင်တို့၊ မြင်းခြံသံချပ်အဖွဲ့တွေ သိပ်ကောင်းတယ်။ နားထောင်လို့ အရမ်းကောင်းတယ်။ တိုင်းပြည်မှာ လိုအပ်ချက်လေးတွေကို အပြုသဘောမျိုးနဲ့ သံချပ်ထိုးသွားကြတာ။ သိပ်ပျော်ဖို့ကောင်းတယ်။

သင်္ကြန်ရောက်ပြီဟေ့ ဆိုရင်လည်း ဟိုနေရာ စတုဒီသာကြွေးနဲ့ အအေးတိုက်နဲ့ မန်းသင်္ကြန်က ပျော်ရွှင်စရာပါ။ ဒီနှစ် မန္တလေးသင်္ကြန်ကိုလည်း အရင်နှစ်တွေနဲ့မတူပဲ ရပ်ကွက်လေး တွေမှာ ရေကစားမဏ္ဍပ် ချပေးမယ်။ လမ်းလျှောက်သင်္ကြန်လေး လုပ်ပေးမယ်။ ကျုံးဘေးမှာလည်း မဏ္ဍပ်အနည်းငယ် ချပေးမယ် ပြီးတော့ အဲဒီမဏ္ဍပ်တွေကလည်း ကျုံးကိုကျောပေးပြီး မဆောက်ရဘူးလို့ သတင်းစာတွေမှာဖတ်ရတယ်။ သိပ်ကောင်းတယ်ပါတယ်။ သရုပ်ပျက်ယဉ်ကျေးမှုမန်းသင်္ကြန် ပျောက်တော့မယ်ဆိုတော့ ကျွန်တော်တို့တွေ ကြိုဆိုရမယ်လေ။

ဈေးချိုသူမဏ္ဍပ်ကိုလည်း ပြန်လည်အသက်သွင်းစေချင်ပါတယ်။ နာရီစင်နဲ့ ဈေးချိုတော်ရုံကြီးရှေ့မှာ တူးပို့ တူးပို့ သီချင်းသံနဲ့ ယိမ်းသမလေးတွေကကွက် သိပ်ပြီး ကဗျာဆန်တယ်။ ပြန်လည် အသက်သွင်းစေချင်တယ်။

၁၉၉၀ ၀န်းကျင် မန်းသင်္ကြန်ပုံစံလေးနဲ့ စည်စည်ကားကားလေး ပြန်မြင်ချင်မိပါတယ်။

“မန်းသင်္ကြန်”

သင်္ကြန်မိုး ရဲ့ မန္တလေး
ငွေငန်းကြီး ရဲ့ မန္တလေး
ရှာပုံတော် မင်းသားကြီး ရဲ့ မန္တလေး
တူးပို့တူးပို့ နဲ့ မန္တလေး
မြနန္ဒ နဲ့ မန္တလေး
မန်းဟန် နဲ့ မန်းသင်္ကြန် ကို
ဒီနှစ် နန်းဆန်စေချင်တယ် … ။ ။

ချစ်ခြင်းအားဖြင့်  – ချမ်းမြ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts