နရီမင်း ● မူးနေရင် အေးဆေးနေ
(မိုးမခ) မတ် ၁၀၊ ၂၀၁၇
စားသောက်ဆိုင်မှာ အသားတုံးတွေက သေးသေးသွားပြီး
လေလုံးတွေ ထွားလာတယ်။
ဘီယာခွက်ရဲ့ သုံးပုံတပုံက အမြှုပ်တွေနဲ့
“ခင်ဗျား အခုလို အေးအေးလူလူ ဘီယာသောက်နေချိန်မှာ
ငတ်တဲ့လူတွေက ငတ်ကုန်ပြီ” တဲ့ …
ဒီကောင် ခွက်ကို အရင်မမော့ဘဲ စကားအရင်ပြောတယ်။
အေးဆေးနေစမ်းပါ
လက်ဝဲဝါဒဆိုတာ
ဘီယာနဲ့ မြည်းလို့ကောင်းတာ မဟုတ်ဘူး။
ချိစ်တပွဲပေးကွာ။
တတိယကမ္ဘာက တောသားတွေ
ချိစ်ကို သကြားဖြူးရတယ်
ဘယ်သူပြောလဲ။
လက်ဝဲဖြစ်ဖြစ် လက်ယာဖြစ်ဖြစ်
လာသာလာခဲ့ကွာ
သကြားတွေဘာတွေ ဖြူးမနေပါနဲ့။
ဘူဇွာဆိုလည်း
ဘူဇွာပီပီသသနေစမ်းပါ။
ဘယ်အရာမှ အစစ်မရတာ
မင်းတို့ တတိယကမ္ဘာရဲ့ပြဿနာပဲ။
အပိုတန်ဖိုးထုတ်လုပ်မှုဆိုပြီး
ဆိုရှယ်လစ်ဘောဂဗေဒနဲ့
အရင်းရှင်ဝါဒကို ဝေဖန်သူက
ဗော်လံတီယာတွေ ဘာတွေ လာမလုပ်နဲ့။
မင်း ဘယ်နှရက် ဗော်နိုင်မလဲ။
ဗော်တွေ ဘာတွေ မလိုဘူး။
ကိုယ့်တာဝန် ကိုယ်ယူပြီး ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ လိုတယ်။
ကိုယ့်ကိုယ်ကိုယ် သေချာသူဟာ
ဘာလော်ဘီမှ မလိုဘူး။
ခက်တာက
ဖရိဇာကာရီးယား ပြောတဲ့
illiberal democracy ပေါ့။
လွတ်လပ်ခွင့်မရှိတဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးက
ဒေါသသင့်နေတယ်။
ဒေါသသင့်နေတဲ့ စကားလုံးက
ငါ့ကို ဒေါသဖြစ်စေတယ်။
ဆက်ပြောရင် ထောင်စော်နံမယ်
စကားကို ကုန်အောင် မပြောဘဲ
ခွက်ထဲက ဘီယာပဲ
ကုန်အောင်သောက်ပြီး
ငါတို့ ပြန်ကြစို့။
နရီမင်း