ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

အရှင်ဇဝန ● ကျေးဇူးတင်ပါတယ်

(မိုးမခ) မတ် ၁၀၊ ၂၀၁၇

ကျေးဇူးစကားကိုကြားရတိုင်း မြန်မာလူမျိုးတွေနှင့် ကျေးဇူးစကား ကျေးဇူးတရား၏ အနီးအဝေးကို ပုံဖော်ကြည့်မိသည်။ ကျေးဇူး နှင့်ပတ်သက်တာတွေကို တသီးတတန်းတွေးရင်း ထိတွေ့မိသော ကျေးဇူးမြင်ကွင်းကို ဖြန့်ခင်းကြည့်လိုက်သည်။

လူမျိုးတိုင်းတွင် ကျေးဇူးစကားရှိသည်။ ထိုအထဲ ဂျပန်ကိုရောက်တုန်းက ဂျပန်လူမျိုးတွေ၏ ကျေးဇူးတင်စကားနှင့် ကျေးဇူး တင်ဟန်ကို တငေးတမောဖြစ်ခဲ့ရသည်။ သူတို့ ကျေးဇူး မြင်ကွင်းကြောင့် ရင်ထဲထိ  ကြည်နူးရသည် ။ သာမန် ဝတ်ကျေတန်း ကျေ လောကဝတ်အမှုထက်ပိုသော ကာယကံအမူအရာကြောင့်ဟုဆိုရမည်။ ကျေးဇူးတင်စကားကိုဆိုကြသော လူမျိုးတွေ ကို တော်တော်များများတွေ့ဘူးသည်။  ဂျပန်လူမျိုးတို့၏ ကျေးဇူးတင်စကားပြောပုံက ခါးကိုညွှတ်လိုက်သည်။ ဦးခေါင်းနှင့် ဒူးထိမတတ်။ သူတို့ပြောသော အာရိဂတ်တော စကားသံနှင့် ဟန်အမူအရာက မြင်ရသူတိုင်း စိတ်ထဲတသသ။

ထိုင်းနိုင်ငံမှာ အနေကြာလာတော့ ထိုင်းတွေ၏ခပ်ဖွန်အသံက နေရာတကာ ကြားရပြန်သည်။ ဥရောပ အမေရိကတွေ ရောက်တော့ကော သိုင်းကျူးသံကို တရစပ်ကြားရပြန်ပါသည်။ နိုင်ငံခြားရောက် မြန်မာမိသားစုများနှင့်ဆုံတော့ကော- ခ လေးလေးတွေကို မုန်းလေးတွေပေး စားစရာတခုခုကို လက်ခံယူပြီးသည်နှင့် သူတို့ကလည်း ကျေးဇူးတင်ပါတယ်ဆိုတာကို တာဝန်တခုလို ပြောတာကို တွေ့ရပြန်ပါသည်။ မြန်မာပြည်တွင်းက မြန်မာတွေအများစုကကော …

မြန်မာတွေကျေးဇူးတင်စကားပြောလျှင် အပြောခံရသူကကော ကျေးဇူးတင်စကားပြောတာမကြားမိခဲ့။ ဒီတော့ မြန်မာအ များထံက ကျေးဇူးဆိုသောစကားကို ကြားရခဲခဲ့ခြင်းဖြစ်မည်လားဟု တွေးမိခဲ့သည်။ နောက် မြန်မာတွေရိုင်းတယ် ကျေးဇူး တင်စကားကို မဆိုတတ်ဟု အပြစ်တင်သူကိုပါ တွေ့ဘူးသေးသည်။ တကယ်ပဲ သူတို့ပြောသလို မြန်မာတွေ ကျေးဇူးစကား မဆို တတ်ပြီလော။ ဒီမေးခွန်းက ကိုယ့်ကိုယ်ကို အခါခါမေးနေမိသည်။

ကျေးဇူးတင်စကားပြောရမည့်သူကို ကျေးဇူးတင်ပါတယ်ပြောရမည့်အချိန်တိုင်း ပြန်ပြောတတ်သည့်မြင်ကွင်းကို သတိထားမိ မည်ထင်သည်။ မြန်မာအများစုတွင်တွေ့ရတတ်သော အပြုအမူသည် ကျေးဇူးတင်စရာမလိုပါဘူး ဟုဖြစ်သည်။ ဤအရာက အများစု တွင် တကယ်တွေ့ရသော အခြေနေဖြစ်သည်။ ထိုအခြေနေကြောင့်လည်း မြန်မာတွေကျေးဇူးတင်စကားမဆိုတတ်သူများ ဟု ကမ္ဗည်း တပ်ခံရခြင်း ဖြစ်မည် ထင်သည်။ ဒီတော့ ထိုအဖြစ်ကို ကိုယ်ဉာဏ်မှီသလောက် ဆန်းစစ်ကြည့်မိချင်သည်။
မြန်မာလူမျိုး အများစုသည် ဗုဒ္ဓဘာသာမှပေးသောအသိအမြင်တို့ဖြင့် ဘဝကိုတည်ဆောက်ကြသူများဖြစ်သည်။ ဗုဒ္ဓဘာသာ ၌ ကျေးဇူးနှင့်ပတ်သက်သော ဟောပြောချက်ကဘယ်လိုရှိသနည်းဟု ခက်ခက်ခဲခဲ ရှာနေစရာမလို အပေါများဆုံးနှင့်တန်းဖိုးအထားဆုံးတွေ့ရသော စကားသည် ထိုကျေးဇူးတရား နှင့်ပတ်သက်တာဖြစ်မည်ထင်သည်။ ငယ်စဉ်ထဲက သင်ကြားရွတ်ဆိုရ သော မင်္ဂလာလင်္ကာ၌ …

ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး
အထူးသိတတ်စေ-
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာပေ-

အကြိမ်ကြိမ်ရွတ်ဆိုခဲ့သော စာသားဖြစ်သည်။ ဘာမှန်းမသိခင်ထဲက မိဘတော်တော်များများက ကိုယ့်သားသမီးကို သင် ကြားပေးမှုတွေအထဲ အနန္တော အနန္တ ငါးပါးရှိခိုးတာပါဝင်သည်။ အနန္တဆိုတာ ကျေးဇူးဆပ်မကုန်တာကို ရည်ရွယ်တာဖြစ် သည်။ မာဃဒေဝထဲက လင်္ကာတပိုဒ်မှာ မေတ္တာရှေ့ဦး၊ ပြုပေဖူးဟု၊ ကျေးဇူးသိမှု၊ ကတညုတည့်၊ ထိုသူထက်ပင်၊ ကျေးဇူး အင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊ ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ပဲ၊ ကတညုတ၊ ကတဝေဒီ၊မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမနိုင်ဘူး။ ဓမ္မကရိုဏ်းစစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုးနေ့ည၊ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ (မဃ ဒေ၀)

ထိုမျှမကသေးငယ်စဉ်ကသင်ကြားခဲ့ဖူးသော ဖတ်စာထဲက ငခင်ညိုအကြောင်း။ အရှင်သခင်၏စေခိုင်းချက်ဖြင့် သတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း စားလိုက်မိဖူးသော ထမင်းတနပ်၏ကျေးဇူးက သူ့လက်ကိုရွံ့သွားစေခဲ့သည်။ သူတွန့်သွား သော လက်ကား အခြားသူက အတင်းတွန်းဖယ်လိုက်သည်မဟုတ်။ ကျေးဇူးရှင်ကို မစော်ကားအပ် ကျေးဇူးဆိုတာဆပ်ရ မည်ဆိုသော သွန်သင်ထားချက်က သူ့ဓားချက်ကို တွန်းထုတ်လိုက်ခြင်းဖြစ်သည်။ ဒီလိုအဖြစ်မျိုး မြန်မာရာဇဝင်မှာရှိခဲ့ဖူး သေးသည်- အင်းဝဘုရင်က “ပြည်မြို့ကိုသိမ်းသည့်အခါ၌ ရှင်တစ်ဆူ၊ လူတစ်ယောက်ရခဲ့တယ်” ဟု မိန့်တော်မူခဲ့သည့် စကားတခွန်းက စပြောရမည်။ တမြို့လုံးကျသွားသော်လည်း သတ္တိပြောင်ပြောင်ပြန်လည်ခုခံနေသော ၁၃ နှစ်သားလေး ငထင်ငယ်ဆီမှ မိမိအရှင်သခင်အပေါ် ထားရှိသော ကျေးဇူးနှင့်သစ္စာတရားကို တွေ့မြင်ခဲ့ရသည်။ လူမျိုးတမျိုး၏ အတွင်း စိတ်ဓာတ်ကို သိရှိလိုပါက သူတို့နေ့စဉ်ပြောဆို သုံးနှုန်းသော စကားပုံတွေထဲ ခြေရာခံလျှင်ပင်တွေ့မြင်နိုင်မည်ဖြစ်သည်။ မြန်မာတွေ၏ စကားပုံတွေထဲတွင် ကျေးဇူးတရားကို တမြတ်တနိုး အလေးထားသော စကားပုံတို့ပြည့်နှက်နေသည်။ ဤ သည်ကပင် မြန်မာတွေနှင့်ကျေးဇူး အကွားအဝေးကို မှန်းဆ နှိုင်မည်ထင်သည်။

ကျေးဇူးနှင့်ပတ်သက်တာ တင်ပြရလျှင် မဆုံးနှိုင်အောင်ရှိမည်။ ထိုသို့ကျေးဇူးနှင့်ပတ်သက်ပြီး ကြွယ်ဝပါလျှက် ဘာကြောင့် မြန်မာတွေနှုတ်ဖျားက ကျေးဇူးတင်စကား ဆွံ့နေရသနည်း။ ထိုမေးခွန်းနှင့်အတူ ကျေးဇူးစကားဆိုတတ်ကြသော လူမျိုးများ ၏ ဘဝအနေအထားတို့ကို လှမ်းကြည့်မိတော့သည်။

သူတို့ဆီက လူနေမှုဘဝတွင် ၁၈ နှစ်ပြည့်သွားပါက မိဘနှင့်ခွဲပြီး နေတတ်ကြသူတွေ များများလာပြီဟုဆိုသည်။ အထီးကျန် ဆန်သော မိအိုဖအိုတို့၏ ဘဝနေညိုချိန်အနီးနားမှာ ကူသူမဲ့နေကြတာကို မြင်ကြရသည်။ဒီလိုဆို  မြန်မာတို့ကကော  အနန္တ စာရင်းထဲထည့်ထားသော မိဘတို့အတွက် ဆပ်မကုန်သောကျေးဇူးကိုကျေဖို့ မြန်မာလူမျိုးတိုင်း၏ စိတ်ခံစားချက်ရှိသည်ဆို လျှင် မှန်သောစကားပင်ဖြစ်မည်။

မိဘတွေနှင့်ပတ်သက်သော မြန်မာလူမျိုးတို့၏ခံစားချက် သည် တာဝန်ကျေသော သားသမီးဖြစ်လိုခြင်းပင်။  မလေး-ထိုင်းစ သော နိုင်ငံတို့ရောက်စဉ်အခါက မြန်မာလူငယ်များနှင့်စကားပြောဖြစ်သည်။ သူတို့တွေ  နိုင်ငံခြားတိုင်းပြည်၌ ပျော်နေကြ သည်မဟုတ်။ မပြေလည်သော အိမ်၏စီးပွားရေးအတွက် မိသားစုအရေး အနစ်နာခံရုန်းကန်နေကြသူတွေဆိုတာ သိလိုက် ရသည်။ ရသမျှငွေကို မြန်မာပြည်ရှိ မိဘတို့ထံ ပြန်လည်ပို့နေကြသူတွေက အများစုဖြစ်သည်။ ဒီအဖြစ်လေးတခုနှင့်ပင် အဖြေကထွက်သွားပါပြီ။

မြန်မာတွေကို ကျေးဇူးစကားမဆိုတတ်သောလူများဟု စိတ်ထဲက လက်ညှိုးထိုး ခေါင်းထဲက အထင်သေးနေကြသော လူတွေထက် ကျေးဇူးတရား အပေါ် လက်တွေ့ကျင့်သုံးပုံ အကွာအဝေးကို မြန်မာတို့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ကြည့်လျှင် မြင်ရမည်ဖြစ်သည်။ ကျေးဇူးတင်စရာ မလိုပါဘူးဟု မြန်မာတိုင်းပြောနေကြခြင်းသည် ကျေးဇူးကိုမသိ၍ မဟုတ်။ ကျေးဇူး တရားကို နှုတ်ကရွတ်ဆိုရုံနှင့် ကျေသည်မထင်တတ်သောအမြင်က မြစ်ဖျားခံသည်ဟုထင်မိသည်။ နောက်တချက်က ကျေးဇူးတင်ပါတယ် ဆိုစကားသည်  တစိမ်းဆန် သည်ဟု မြန်မာတို့ခံယူထားကြခြင်းပင်။ ဤခံယူချက်ကိုသာ သိရှိကြပါက မြန်မာတွေအပေါ် အမြင် ပြောင်းမည်ဖြစ်သည်။ ကျေးဇူးတင်စကားပြောတိုင်း ရပါတယ်- ကျေးဇူးတင်စကားဆိုတာ တစိမ်းဆန်လိုက်တာစသောတုန့်ပြန်မှုတွင် မေတ္တာဓာတ်တွေပါနေတာကို မြင်ရမည်ဖြစ်သည်။ တစိမ်းဆန်သည်ဟု အထင် မခံ လိုခြင်းက တရင်းတနှီးရှိမှုကို အဝေးမပို့ချင်ခြင်းမဟုတ်လား။

ထို အနှစ်သာရပါသောကျေးဇူးတရားအပေါ် မြန်မာတို့ခံယူချက် လုပ်ဆောင်ချက်တွေအထဲ ဘာတွေ ထပ်လောင်းသင့်နည်း ။ဤကိစ္စကို ဆွေးနွေးချင်ပါသည်။  နိုင်ငံတော်တော်များများသုံးနေသော ကျေးဇူးတုန့်မှုသည် မှားနေသလားဆိုတော့ မမှား ပါ။ မိမိတို့ဘာသာတရား အဆုံးအမ၌ ကျေးဇူးမဆပ်နိုင်လျှင်တောင်မှ ကျေးဇူးသိတတ်ခြင်းကို ကတညုဟု ဆိုထားခြင်း ဖြစ်သည်။ ထိုအရာသည် အာရိဂတ်တော- ခပ်ဖွန်- သိုင်းကျူး စသည်မှာ ပါဝင်နေသည်ဟု ထင်သည်။

မြန်မာတွေ ခံယူထားသော လက်တွေ့ကျကျ တာဝန်ကျေသော ကျေးဇူးတုန့်ပြန်မှုအထဲ ကတညု မင်္ဂလာဆင့်ပြီး ကျေးဇူးနှင့် အလုပ်ကို တထပ်တည်း ထားလိုက်ကြလျှင်– အချိုအပေါ် သကာလောင်းသလိုဖြစ်မည်ဟု မြင်လိုက်မိပါသည်။ မြန်မာတွေ၏ ရင်ထဲက အကျေဆပ်ချင်သောလုပ်အားနှင့် ကျေးဇူးတန်ဖိုးသတ်မှတ်ထားမှုအထဲ ချက်ခြင်းလက်ငင်းပင် ကျေးဇူးပါ-ကျေးဇူး တင်ပါတယ်ဟူသော အလေ့အကျင့်ကို ထပ်ထည့်လိုက်ခြင်းသည် အလုပ်အပိုမဟုတ်ပဲ ပိုမိုလှပသော မြန်မာလူနေမှုတခု ဖြစ်သွားမည်ဟု ထင်မြင်ကြည့်မိသည်။

အရှင်ဇဝန
(ခေတ္တ အမေရိကန်ပြည်ထောင်စု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts