ဝင်းအောင်ကြီး မောင်အောင်မွန်

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊

ဝင်းအောင်ကြီး (မောင်အောင်မွန်) -မြန်မာဝတ္ထုတို နှစ်၁၀၀ ပြည့်၊
 မောင်အောင်မွန်ဝတ္ထုတိုလည်း ၆၁ နှစ် ပြည့်
ကျနော်တွေးမိသလို ရေးပါမည် (၂၂၉)

(မိုးမခ) မတ် ၁၁၊ ၂၀၁၇

(၁)
ခေါင်းငုံ့ထားရာကနေ မ၀ံ့မရဲမဆိုစလောက်မေ့ကြည့်လိုက်သည့် မျက်လုံးရွှန်းပပနှင့် ဟုတ်ကဲ့ရှင့် ဟူသော စကားသုံးလုံး ရင်တွင်းအောင်းနေ၏။ အိပ်ချိန်-စားချိန်–စာသင်ခန်းထဲ- သည်မျက်လုံးနှင့် သည်စကားလုံး လွှမ်းခြုံထားလေပြီ။ ပန်းချီဆွဲတတ်ဖို့မလို မျက်စိဖွင့်ထားထား ပိတ်ထား အကောင်းဆုံး ပန်းချီကား။ သီချင်စပ်ဖို့မလို ဟုတ်ကဲ့ရှင်က အကောင်းဆုံး ဂီတသံလေ။
ရင်တွင်းက ထွက်ပြေးသွားမှလည်း စိုးရိမ်မိ၊ သူကလေးကိုလည်း သိစေချင်၏။
သည်လိုနှင့်ပင် စာရေးဆရာ တယောက်မွေးဖွား ၀တ္ထုတို တပုဒ်ဖန်တီး ( A writer is born and a story is created) လိုက်လေပြီ။ အချိန်က ၁၉၅၅ ခု၊ နေရာက ရန်ကုန်တက္ကသိုလ်။ အင်ဂျင်နီယာမဟာဌာနတွင် အတူတက်နေသူ အတန်းကြီးသမား ကိုလှတင် (ကေတု ၀င်းတင့်) တာဝန်ခံ အယ်ဒီတာလုပ်နေသည့် တက္ကသိုလ် မူစလင်မဂ္ဂဇင်းကလည်း မလှမ်းမကမ်းမှာ။
မကြာလိုက်ပါ၊ ဗလာစာအုပ်ထဲက စာရွက်ဖြဲကာ ရင်တွင်း၌တချိန်လုံးလှုပ်နေသည်များကို နားလည်သလိုရေးချ၊ စိတ်ကူးနှင့်ရှေ့မှာ သူကလေးကိုထားပြီး ပြောနေသလိုလိုလေ။ စာမေးပွဲအဖြေလွှာကိုပင်လျှင် ပြန်စစ်လေ့မရှိသူမို့ ခုလည်း—ရေးပြီးသွားတော့ ရော့ဖတ်ကြည့်ဟုဆိုကာ ကိုလှတင် (ကေတု ၀င်းတင့်) လက်ထဲထည့်လိုက်၏။
၁၉၅၆ ခု၊ ဇွန်လကျောင်းဖွင့်သောအခါ တက္ကသိုလ် မူစလင်မဂ္ဂဇင်းထွက်လာပြီ။
ဝတ္ထုကဏ္ဍတွင် မောင်အောင်မွန် ရေးသော “သိင်္ဂီရယ်မေ့ပါနိုင်” ပါလာသည်။
ယခုလိုမြန်မာဝတ္ထုတို နှစ်တရာပြည့် အထိန်းအမှတ်ကာလ မောင်အောင်မွန်၏ ပထမဆုံးဝတ္ထုလည်း ၆၁ နှစ်ပြည့်ခဲ့ပြီးကိုး။

(၂)

စဟေ့ဆိုကတည်းက ဂယက်ရိုက်သည်။ အကြောင်းသိ သူငယ်ချင်းများက ၀င်းအောင်ရဲ့ မပေးရဲသည့် ရည်းစာဟုဆိုကြပြီး အယ်ဒီတာကမူ ၀တ္ထုကောင်းတပုဒ်ဟူ၍ အခိုင်အမာဆို၏။ ၁၉၅၇-၅၈ ခု၊နှစ်တွင် ကိုယ်တိုင်ဦးစီးသော ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းတွင် “ချစ်ဖူးတငုံ” ရေးသည်၊ မြန်မာစာ အယ်ဒီတာ ကိုခင်မောင်ညို၊ အတိုင်ပင်ခံ အယ်ဒီတာ ဆရာဦးလှရွှေ တို့လည်းဖတ်ပြီး ခွင့်ပြု၍ ပန်းချီမောင်ငွေထွန်းထံ ပုံအပ်ကာ ထည့်သွင်းခဲ့သည်။
ပဲခူးမဂ္ဂဇင်း ထွက်လာသောအခါ နှစ်လည်အစည်းအဝေးတွင် အသင်းသားများအား အခမဲ့မေတ္တာလက်ဆောင် ပေးသည့်တိုင် စာရူးတွေဟုဆိုသူဆို အတွင်းရေးမှူး ၀င်းအောင်က ၀တ္ထုရေးချင်လို့ မဂ္ဂဇင်းထုတ်တာဟူ၍ ပြောသူပြော။ ကျနော်တို့စာပေရူးတွေ ဆိုသည်ကိုမငြင်းလိုပါ၊၀တ္ထုရေးချင်ကလည်းအမှန်ပါ။
သို့သော် ၀င်းအောင်ထက် စာပေပိုရူးသော၊ ၀တ္ထု ပိုရေးချင်သော ကိုကျော်စိန် ( နောင် စာရေးဆရာ ဒေါက်တာကျော်စိန်) ကလည်း မောင်သက်ခိုင် (ပဲခူး) ကလောင်နာမည်နှင့် ၀တ္ထုဝင်ရေးသည်။

(၃)

ရန်ကုန်တက္ကသိုလ်တွင် အသင်းအဖွဲ့များက အခါအားလျော်စွာ မဂ္ဂဇင်းစာစောင်များ ထုတ်ဝေကြရာ၊ အသင်းသားများသာမက အခြားကျောင်းသားများလည်း ၀င်ရောက်ကလောင်စမ်း ရေးသားကြ၏။ အမြင့်ဆုံးကမူ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အာဘော် အိုးဝေမဂ္ဂဇင်း တို့ဖြစ်၏။
တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းအတွက် ကျောင်းသားတိုင်းထံမှ ကောက်ယူထားသော ငွေများကို တက္ကသိုလ်ရုံးက ထုတ်ပေးပြီး ကြီးကြပ်လုပ်ဆောင်မည့် မဂ္ဂဇင်းကော်မတီကို ကျောင်းသားထုအစည်းအဝေးက ရွေးကောက်တင်မြှောက်၏။ အိုးဝေမဂ္ဂဇင်းကိုမူ တကသ အမှုဆောင်အဖွဲ့ဝင် အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာခေါင်းဆောင်ပြီး မဂ္ဂဇင်းကော်မတီကို တကသ အမှုဆောင်အဖွဲ့က ရွေးချယ်တာဝန်ပေသည်။
ထို့ကြောင့် အဆင့်မြင့်စာများသာ ထည့်သွင်းလေ့ရှိ၍ ပါဝင်နိုင်ဖို့ တော်ရုံတန်ရုံနှင့် မဖြစ်နိုင်။

(၄)

မောင်အောင်မွန်သည် စာရေးဆရာ ဖြစ်နိုင်သူဟုတ်ပါလေစ။
စမ်းသပ်ခံဖို့လိုလာပြီ။ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းအတွက် အစည်းအဝေးများသွားတက်၊ ဆွေးနွေးကြပုံများကို နားထောင်ကာ ကြိုက်သူကိုမဲပေးရသည်။ တကသ သို့မူမကြာခဏ ရောက်၍ ခေါင်းဆောင်အချို့နှင့်လည်း ခင်မင်နေပြီ။ အတန်းမတူ ဘာသာတွဲချင်းလည်းကွဲသော စာပေ၀ါသနာရှင်များနှင့်လည်း ခင်မင်ကာစာအကြောင်း ပေအကြောင်း ပြောဖြစ်နေပြီ။ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ညွန့်ကား ကျနော်တက္ကသိုလ်မရောက်မီကတည်းက အိုးဝေမဂ္ဂဇင်းပါ ငြိမ်းချမ်းရေး ကဗျာရှည်ရေးသူ မင်းလှညွန့်ကြူး တည်း။

(၅)

မောင်အောင်မွန် စာရေးဆရာဖြစ်လာရေး၌ အထူးအရေးပါ အားထားရသူကား ကိုမောင်မောင်ညွန့် (မင်းလှ ညွန့်ကြူး) ဖြစ်ကြောင်း ကျေးဇူးတင်စွာ ဖော်ပြပါရစေ။ သူက “သိင်္ဂီရယ်မေ့ပါနိုင်” သည် ၀တ္ထုကောင်းတပုဒ်ပါ၊ “ချစ်ဖူးတငုံ” သည်လည်း မဆိုးပါ ဟုဆိုကာ ဆက်ရေးဖို့ တိုက်တွန်းသည်၊ ရေးပြီးပြပါက ထင်မြင်ချက်ပေးမည်ဟူ၍ပင် ကမ်းလှမ်း၏။
မိမိ၏ဘ၀ သရုပ်ဖော် “တက္ကသိုလ်မြေခြေအချ” ကိုရေးအပြီး သူ့ကိုပြရာ၊ အိုးဝေမဂ္ဂဇင်းအတွက် ပြိုင်ပွဲဝင်ဝတ္ထု ကဗျာ ဆောင်းပါးများ အပြီးသပ်ဖတ်ပေးနေသူ ဆရာမင်းသုဝဏ်က အကွက်ကျဲသည် မှတ်ချက်ရေးထားပုံ ပြန်ရ၏။ အင်း ကိုယ့်ဝတ္ထုကို ဆရာမင်းသုဝဏ်လိုပုဂ္ဂိုလ်ကပင် ဖတ်ပေသကိုးဟု ၀မ်းသာကာ၊ စာမူကိုသိမ်းထားပြီး နောင် ၁၀ နှစ်ကြာမှ ငွေတာရီမဂ္ဂဇင်းက တောင်း၍ပေးလိုက်သည်။
ကိုမောင်မောင်ညွန့် (မင်းလှ ညွန့်ကြူး)မိတ်ဆက်ပေး၍ ဆရာမင်းသုဝဏ်နှင့် ဆုံခွင့်ရလိုက်၏။ မောင်အောင်မွန်ရေ ၀တ္ထုရေးတဲ့အခါ အကွက်သိပ်မကျဲနဲ့ကွာ ဟုပြောရာ အံ့သြ၀မ်းသာရပြန်သည်။ အိုးဝေအတွက် တခြားတပုဒ် ရေးပေးရ၏။ ပုံမှာ ဟင်္သာဖိုပေါ်မှဟင်္သာမ–ပဲခူမဂ္ဂဇင်းအဖုံး–ပန်းချီ မောင်ငွေထွန်း၏လက်ရာ၊ “ချစ်ဖူးတငုံ” သည်လည်း သူ၏သရုပ်ဖော်။
ရေကောင်း မြေကောင်း ဆရာကောင်းသမားကောင်း မိတ်ကောင်းဆွေကောင်းကြောင့် မောင်အောင်မွန် စာရေးဆရာဖြစ်လာရပုံ စာဖတ်သူများ စိတ်ဝင်စားပါက ဆက်ရေးဖို့ တွေးမိကြောင်းပါ။

၂၀၁၇ ခု၊ မတ်လ (၁၀)ရက်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts