ကဗျာ

နေစိမ့် ● တွင်းနက်များ

နေစိမ့် ● တွင်းနက်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

ပုန်းနေတဲ့အမေရိကတိုက်ကို
ကိုလံဘတ်စ် ရှာတွေ့ခဲ့သလို
စကြဝဠာကဖွက်ထားတဲ့ တွင်းနက်တွေ
စတီဖင်ဟော့ကင်း ရှာတွေ့ခဲ့။

တွင်းနက်တွေဟာ
အရာရာကို ဆွဲငင်စုပ်ယူနိုင်ပြီး
အလင်းရောင်ကိုပင် မျိုချနိုင်သတဲ့။

တွင်းနက်ထဲရာက်သွားတဲ့အရာမှန်သမျှ
မည်သည့်အခါမှ မလွတ်မြောက်။

တွင်းနက်ထဲမှာ
နှစ်သန်းပေါင်းများစွာကတည်းက
ခေတ်အဆက်ဆက်ပညာရှင်တွေ
ပဟေဠိဖြစ်ဆဲပုစ္ဆာတွေ
အံ့သြဘနန်းအဖြစ်အပျက်တွေ
ဟိုးဟိုးကျော် ပြဿနာတွေ
တခုနဲ့တခု ထွေးလုံးရစ်ပတ် ဆွဲငင်ပွတ်တိုက်နေကြ။

တွင်းနက်တွေအချင်းချင်းဟာလည်း
အာကာသဥပဒေနဲ့ ဆွဲငင်ကျုံးသွင်း
ရှင်သန်ကြီးထွားနေကြ။

အခုဆိုတွင်းနက်တွေကမ္ဘာ အနှံ့အပြား
တိတ်တဆိတ် ကိုယ်ရောင်ဖျောက်
ရောက်ရှိ စားကျက်အသစ်တွေ
အလုအယက် ရှာဖွေခုတ်ထွင်နေပါပြီ။

စကြဝဠာရဲ့အစနဲ့အဆုံးကို မသိနိုင်သလို
တွင်းနက်တွေကို
သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ။

နေစိမ့်
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts