ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်မိုးသူ ● ကလေးတွေရဲ့ အင်တာနက်ထဲကအန္တရာယ်နှင့် မောင်မိုးသူ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

မြန်မာနိုင်ငံမှာ တယ်လီဖုန်း၊ အင်တာနက်ဆက်သွယ်ရေးဟာ အတော့်ကိုတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ လောလောဆယ် မှာပင် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ အော်ပရေတာ သုံးဖွဲ့ (အမ်ပီတီ၊ တယ်လီနော၊ အူရီဒူး) ဟာ အပြိုင်အဆိုင် သူ့ထက်ငါ မြန်အောင် ပိုကောင်းအောင် လုပ်နေကြတာတွေ့ရပါတယ်။ ဒီအတိုင်းဆက်လက်ပြိုင် ဆိုင်နေကြမယ်ဆိုရင် အပြိုင်အဆိုင်ရှိမှတိုးတက်မယ်ဆိုသလို ဆက်သွယ်ရေးလုပ်ငန်းဟာ ပိုပြီးတော့မြန်ဆန် တိုးတက်လာမှာ အသေအချာပါပဲ၊ ကြားသိရတဲ့ သတင်းအရ ဒီသုံးဖွဲ့အပြင် နောက်တဖွဲ့လည်းဝင်လာတော့ မည့်ဆဲဆဲရှိနေပြီဟု သတင်းကြားရပါတယ်။ နံပါတ်လေးအဖွဲ့အ နေနဲ့လည်း ရှေ့ကရောက်ရှိနေတဲ့ သုံးဖွဲ့ကို ပြိုင်ရဆိုင်ရပေအုံးမှာပေါ့။ ပြီးတော့ အပြိုင်အဆိုင်ရှိရင် ပိုတိုးတက်တယ်ခင်ဗျ၊ မိုဘိုင်းကွန်ရက်နဲ့ အင်တာနက် ကောင်းမွန်လာတာနဲ့အမျှ အကျိုးကျေးဇူးတွေက အများကြီးမှအများကြီး ရှိလာပါတယ်။ ဥပမာ- ဆိုရှယ်မီဒီယာဟာ သတင်းနဲ့ပြန်ကြားရေးတွေမှာ အရေးပါတဲ့ကဏ္ဍတရပ်ဖြစ်နေပါတယ်။

ဖုန်းဆင်းကဒ်တွေရဲ့တန်ဖိုးက ၁၅၀၀ ပဲရှိနေတော့ ဘယ်သူမဆိုဝယ်သုံးနိုင်တယ်။ လက်ကိုင်ဖုန်း တလုံးကလည်း ဟိုရှေး ယခင်က အစိုးရကပေးမှ ပတ်သက်ရာပတ်သက်ကြောင်းက ရတဲ့ ၁၅ သိန်းတန်  လက်ကိုင်ဖုန်းတလုံးရဲ့ အပြင်ပေါက်ဈေးဟာ သုံးလေးဆယ်အထိဖြစ်ခဲ့ဖူးတာ ရှိခဲ့ဖူးပါတယ်။ အခုတော့ ကိုယ်ထည်လက်ကိုင်ဖုန်းတလုံးရဲ့ဈေးနှုန်းဟာ ၁သိန်း ၁ သိန်းခွဲ ကနေ လေးငါးသိန်းအထိ ဝယ်လို့လွယ် သုံးလို့လွယ်ဖြစ်လာပါတယ်။ တကယ့်နာမည်ကြီးဖြစ်တဲ့ အိုင်ဖုန်းတို့ ဘာတို့သာ တဆယ်ကျော် ပေးရတယ်ဆိုသကို၊ ဆင်းကဒ်တခုက ၁၅၀၀ လက်ကိုင်ဖုန်းတလုံးက ၁ သိန်း ၁ သိန်းခွဲဆိုတော့ အလုပ် လုပ်တဲ့လူတယောက်မှာပဲ ဆင်းကဒ်သုံးခု ဖုန်းနှစ်လုံးနဲ့ ကိုင်ဆောင်လာကြတာတွေ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတလုံးထဲမှာ ဆင်းကဒ်နှစ်ခုထည့်ပြီးသုံးစွဲနိုင်ကြောင့် ဖုန်းနှစ်လုံးနှင့် ဆင်းကဒ်သုံးခုလို့ပြောရတာပါ၊ မိသားစုငါးယောက်ရှိ ရင် ကလေးပါမကျန် ဖုန်းငါးလုံးတော့ရှိတယ်။ အလုပ်လုပ်ကိုင်ရတဲ့လူကြီးတွေက ဆင်းကဒ်သုံးခု ဖုန်းနှစ်လုံး ကိုင်လေ့ရှိကြ တယ်။ ကျန်တဲ့အိမ်သူအိမ်သားနှင့် ကလေးတွေက အနည်းဆုံး ဆင်းကဒ်တခု ဖုန်းတလုံး ကိုင်ဆောင်လာကြတာတွေ့ ရပါတယ်။ လူကြီးမိသား စုဝင်တွေ ကျောင်းသူကျောင်းသားတွေသာမက အိမ်ဖော်မိန်းကလေးတွေက အစ ဒါရိုင်ဘာတွေပါ ဖုန်းတလုံးစီပေးထားတဲ့အဖြစ်ကိုရောက်နေပါတယ်။ ၉ နှစ် ၁၀ နှစ် တဆယ့်လေးငါးနှစ်အရွယ်တွေ ကလေးတွေကတော့ တယ်လီဖုန်းပြောဖို့ ဂိမ်းဆော့ဖို့ဝယ်ပေးရတာကို၊ ဒါ့ကြောင့် မြန်မာ့ရိုးရာထမင်းစားဝိုင်းတခုမှာ မိသားစုငါးယောက် ထမင်း စားနေကြရင် ဟိုရှေးယခင်ကလို အလာပသလာပမပြောကြတော့ပဲ လစ်ရင်လစ်သလို ကိုယ့်တယ်လီဖုန်းနဲ့ကိုယ် ပွတ်နေကြ တာ တွေ့ကြ ရပါတယ်။ အင်တာနက်ဖြစ်ပေါ် ထွန်းကားလာတာဟာ သတင်းဆက်သွယ်မှုရဲ့ ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ် ပါတယ်။

ဟိုရှေးယခင်က စက်မှုလုပ်ငန်းရှင်များဖြစ်တဲ့ မော်တော်ကားလုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းပိုင်ရှင်များ၊ ရေနံတွင်းပိုင်ရှင်များ စသည်စသည်အားဖြင့် သူဌေးကြီးများရဲ့ခေတ်တွေဟာ တယ်လီဖုန်း၊ အင်တာနက်ဆရာကြီး ဘီးလ်ဂိတ်ရဲ့နောက်မှာ အ ဝေးကြီး အဝေးကြီးကျန်ခဲ့ပြီဖြစ်ပါတယ်။ အင်တာနက်ဆိုတာ တကယ့်ကို သုတဘဏ်တိုက်ကြီးတခုဖြစ်ပါတယ်။ အနုပညာ ရှင်များဖြစ်တဲ့ စာပေ၊ ပန်းချီ။ ဂီတ၊ သဘင်၊ ရုပ်ရှင်ပညာသည်ကြီးများရဲ့ ပုဂ္ဂိုလ်အကြောင်း၊ သူတို့ရဲ့အနုပညာလုပ်ရပ်တွေအကြောင်း အကုန်လုံး အကုန်လုံးကို ခလုတ်တချက်နှိပ်လိုက်တာနဲ့ အကုန်လုံးပြုတ်ကျလာနိုင်တာတွေ့နိုင်ပါတယ်။

ထိုနည်းအတူပဲ သတင်းအချက်အလက်တွေဟာလည်း လူမှုကွန်ရက်ဖေ့ဘွတ်ခေတ်မှာ ခုဖြစ် ခုပို့ ခုကြည့် ခုတွေ့နိုင်ကြပါ တယ်။ ဥရောပမှာ ကန်တဲ့ ဘောလုံးပွဲတွေကိုလည်း တချိန်ထဲ LIVESHOW ထုတ်လွင့်တာ တိုက်ရိုက်ဖမ်းယူ ကြည့်ရှုနိုင်ပြီလေ၊ ထိုနည်းတူ ကျောင်းသင်ခန်းစာတွေ၊ သိသင့်သိထိုက်တဲ့ဗဟုသုတတွေ အထွေထွေတွေကိုလည်း ခလုတ်တချက်နှိပ်လိုက် ရုံဖြင့် သိန်းနှင့် သောင်းနှင့်ချီပြီး ပြုတ်ကျလာ တာဖြစ်လေတော့ လက်ကိုင်ဖုန်းတလုံး အင်တာနက်ဆက်သွယ်မှုတခု ရှိနေရုံနဲ့ သတင်းအချက် အလက်ရော ဗဟုသုတရော ကျောင်းသင်ခန်းစာရော ရသရော အားလုံးအားလုံးကို ရှာဖွေကြည့်ရှုလာနိုင် တာဖြစ်ပါတယ်။ အဲဒီလို အဲဒီလို ကောင်းကျိုးတွေနဲ့အတူ ပူးတွဲပါလာလေ့ရှိတာကတော့ လူမှုကွန်ရက် ဖေ့ဘွတ်ပေါ်တွေမှာ သတင်းအမှားတွေ ထုတ်လွှင့်ဖြင်း၊ တိုက်ခိုက်ဆဲဆိုတာတွေပြောဆိုခြင်း၊ မလိုလားအပ်တဲ့ လူမျိုးရေးဘာသာရေး ပုတ်ခတ် တိုက်ခိုက်မှုများ တွေ့ရှိလာတာတွေကတော့ ဝမ်းနည်းစရာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ဆိုတာ မဲဆန္ဒပေးနိုင်ပြီဖြစ်လေတော့ အရွယ်ရောက်ပြီလို့သတ်မှတ်ရတော့မှာပေါ့နော်။ ၁၈ နှစ်အထက် ကျောင်းသူကျောင်းသားများ အလုပ်အကိုင် လုပ်ကိုင်ရသူများ၊ မိဘများဦးလေးများ၊ အဘိုးအဘွားများကိုတော့ ဘာမှမပြောချင်တော့ပါဘူး။ သူတို့အသိဉာဏ်နဲ့သူတို့ ချင့်ချိန်ပြီး အင်တာနက်ထဲဝင် ရှာချင်တာရှာ ကြည့်ချင်တာကြည့် ဖတ်ချင်တာဖတ် လိုအပ်သလို အသုံးပြုကြပေါ့။ ဒါတောင်မှ အင်တက်နက်ထဲမှာ ပါတဲ့သတင်းတွေ၊ သတင်းစာစောင် မဂ္ဂဇင်းထဲမှာပါတဲ့ သတင်းတွေလို့မသတ်မှတ်တော့ပဲ အင်တာနက် ဥပဒေနဲ့ ငြိတယ်ဆိုပြီး ၆၆ ဃနဲ့ တရားစွဲရင် အာမခံမရဘူးဆိုတာ သတိပြုကြဖို့တော့လိုတာပေါ့လေ။

မောင်မိုးသူပြောချင်တာက အင်တာနက်ထဲမှာ သတင်းတွေ အချက်အလက်တွေ ဗဟုသုတွေ ရသတွေ အစုံ ထုတ်ကြည့် လို့ရသလို ပေါ်နိုဂရပ်ဖီ ဝက်ဆိုဒ်တွေဟာ သန်းနဲ့ချီပြီးရှိတယ်တဲ့။ ၁၈ နှစ်အထက်လူကြီးတွေအတွက်တော့ မောင်မိုးသူဘာမှ မပြောချင်တော့ပါဘူး၊ ၁၈ နှစ်အောက် ၈ နှစ် ၉ နှစ် ၁၀ နှစ်ကနေ တဆယ့်သုံးလေးနှစ်အထိ အင်တာနက်ထဲဝင် ဂိမ်းတွေ ဆော့၊ ကာတွန်းတွေကြည့်၊ သီချင်းတွေနားထောင်၊ ရုပ်ရှင်တွေကြည့်ရာက စောစောကပြောတဲ့ ပေါ်နိုဂရပ်ဖီတွေ ကြည့်မိ မြင်မိ စွဲမိသွားမှာကို မောင်မိုးသူ အရမ်းအရမ်းကိုစိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့မြန်မာပြည်မှာ အပစ်အခတ် အညစ်အသတ် ရုပ်ရှင်ဇာတ်ကားတွေအကြောင်းပြုပြီး ပစ်ကြခတ်ကြ သတ်ကြတာတွေကို ထွန်းကာလာတဲ့နည်းတူ အညစ် အပတ် ပေါ်လိုဂရပ်ဖီတွေကြောင့် မဒိန်းမှုတွေ၊ သက်ငယ်မဒိန်းမှုတွေ အဖြစ်များလာမှာကို အင်မတိအင်မတန်မှ စိုးရိမ်ပူပန်မိ ပါတယ်။ အခုလက်တော့သဘောတရားအရ ဟမ်းဖုန်းတလုံးရှိရင် ဂိမ်းဆော့လို့ရတယ်။ မိဘတွေကလည်း ကလေးတွေငြိမ် ရင်ပြီးတာနဲ့ ဟမ်းဖုန်းကိုယ်စီ ဝယ်ပေးထားလေ့ရှိတယ်။ ကလေးတွေကလည်း ဟမ်းဖုန်းကိုယ်စီနဲ့ ဂိမ်းတွေဆော့ကြတယ်။ သူတို့ကြိုက်နှစ်သက်တဲ့ ကာတွန်းတွေကြည့်ကြတယ်။ တယ်လီဖုန်းကုမ္ပဏီများရဲ့ အဓိကဝင်ငွေဟာ တယ်လီဖုန်းပြောဆိုခ က ရတာမဟုတ်ပါဘူး၊ အင်တာနက်သုံးစွဲခက အများဆုံးရတာပါ၊

ဒီတော့ အင်တာနက်များများသုံးစွဲဖြစ်လာအောင် ဆက်သွယ်မှုနှုန်းထား မြန်သထက်မြန်အောင်လုပ်လာကြတယ်။ ဈေးနှုန်း ကလည်း သူ့ထက်ငါအပြိုင်အဆိုင် လျော့ပေးလာကြတယ်။ တယ်လီဖုန်းပြောခဆိုရင်လည်း ပြောချင်သလောက်ပြော ဒီ လောက်ပဲကျမယ်လို့ ကြော်ငြာတွေရှိလာကြတယ်။ ဘယ်အချိန် ဘယ်အချိန်အတွင်းမှာ အမျိုးတူ တယ်လီဖုန်းချင်းပြော မယ်ဆိုရင် အခမဲ့ကြော်ငြာတာမျိုးတွေ့ရတာမျိုး အင်တာနက်သုံးစွဲခွင့်ကိုလည်း 3G 4G စသည်အားဖြင့် ဝယ်ယူသုံးစွဲရင် ပိုမိုမြန်ဆန် လွယ်ကူ ဈေးသက်သာနိုင်ကြောင်း လှုံ့ဆော်တာတွေလည်း တွေ့ရပါတယ်။ တယ်လီဖုန်းကုမ္ပဏီများဘက်က တော့ များများသုံးကြလေလေ ပိုက်ဆံများများရ လေလေဆိုတော့ ပိုကြိုက်ကြတာပေါ့။ တယ်လီဖုန်းဘိုး ငါးထောင်ထည့်ရင် ၇၀၀၀ဖိုးသုံးရမယ်တို့ တသောင်းဖိုးထည့်ရင် ၁၅၀၀၀ ဖိုးရမယ်ဆိုပြီး ဆွဲဆောင်မှုတွေလုပ်လာ ကြတာတွေ့ရပါတယ်။ သုံးစွဲ သူတွေကလည်း သူ့ထက်ငါသုံးစွဲ ပိုက်ဆံရှာတဲ့သူများကလည်း ပိုက်ဆံပိုရကြတာတွေဖြစ်လာကြတော့ ဒါတွေကိုတော့ မောင်မိုးသူ ဘာမှမပြောချင်တော့ပါဘူး၊ မုဒိတာပွားပြီး ပြောနိုင်ကြပါစေ၊ သုံးနိုင်ကြပါစေ၊ ရနိုင်ကြပါစေလို့ မုဒိတာရှေ့ထားပြီး သာဓု ခေါ်ဆိုလိုက်ရတာပဲရှိပါတယ်။

ဒါပေမယ့် ဒါပေမယ့် ၁၈ နှစ်အောက် ၈နှစ် ၉နှစ်က တဆယ့်သုံးလေးနှစ်အထိ တယ်လီဖုန်းတလုံးနဲ့ ဂိမ်းတွေဆော့တာတောင် မှ စာသင်ကျောင်းတွေမှာဆိုရင် လက်ကိုင်ဖုန်းများ အတန်းထဲယူမလာရတဲ့အထိ တင်းကျပ်တဲ့စည်းမျဉ်းတွေ ထုတ်လုပ်လာရ တာတွေရှိပါတယ်။ ဒါပေမယ့် ကျောင်းစာသင်နေတဲ့အချိန် လူကြီးမိဘရှေ့မှောက်မှာ ရှိနေတဲ့အချိန်တွေမှာ မဟုတ်တာတွေ ကြည့်ဖို့ မဖြစ်နိုင်ကြပေဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ စောစောကပြောတဲ့ အညစ်အပတ် ပေါ်နိုဂရပ်ဖီ ဝက်ဆိုဒ် တွေကိုဝင်ပြီးကြည့်ကြမှာကို အင်မတိအင်မတန်မှ စိုးရိမ်လှပါတယ်။ အပစ်အခတ်ဇာတ်ကားတွေကြောင့် လူသတ်ရဲ၊ ပစ်ရဲ ခတ်ရဲ သတ်ရဲတာတွေ ပေါ်ထွန်းလာခဲ့တာကြောင့် စစ်ပွဲမှာမဟုတ်ပဲ အရပ်ထဲ အိမ်ထဲတွေမှာတောင်  သေနတ်နဲ့ပစ် သတ် တာတွေ ဓါးနဲ့ထိုးသတ်တာတွေ စတဲ့ စတဲ့ လူသတ်မှုအမျိုးမျိုးတွေ ဖြစ်ပေါ်ထွန်းကားလာတာတွေ အများကြီးမှအများကြီး တွေ့မြင်နေရပါတယ်။

နောက်ဆုံးပေါ်တွေ့ရှိချက်ကတော့ လူသူလေးပါးမြင်ကွင်း လေဆိပ်က အငှားကားနေရာမှာ နိုင်ငံရပ်ခြားကော်မရှင်အဖွဲ့နဲ့ ပါလာတဲ့ NLD အဖွဲ့ရဲ့ ဥပဒေအကြံပေး ဦးကိုနီကို ဒီလောက်ကောင်းတဲ့ခေါင်း သေနတ်နဲ့ ပစ်ခွဲလိုက်ရမှာပဲ လုပ်လေသ လားမသိ၊ ကြည်လင်းဆိုတဲ့ ဘုရားခိုးဂိုဏ်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့ငနဲက မည်သူကခိုင်းစေသည်မသိ ပစ်သတ်သွားတဲ့အပြင် ထွက်ပြေးတာကို အငှားယာဉ်မောင်းထဲက အုတ်နီခဲနဲ့လိုက်ပေါက်တဲ့ ကိုနေဝင်းကို တချက်ထဲလှည့်ပြီး အသေပစ်သတ်သွားနိုင်တာကို တွေ့ရပါတယ်။ ဒီငနဲမှာ သေနတ် ၂ လက်ပါတယ်လို့ သတင်းတွေထဲမှာဖတ်ရတယ်။ ဦးကို နီရဲ့ခေါင်းကို အနီးကပ်မှန်အောင်ပစ်နိုင်တာတော့ထားလိုက်ပါတော့ နောက်ကနေအုတ်နီခဲနဲ့ ပစ်လိုက်ပေါက်တဲ့ ကိုနေဝင်း ကို ပြေးရင်းလွှားရင်း နောက်ပြန်ပြီး ဆီးအိမ်ကိုမှန်အောင်ပစ်နိုင်တဲ့ သေနတ်ပစ်စွမ်းရည်ကတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး၊ ဒါကတော့ လုံခြံမှုဆိုင်ရာ လူသတ်မှုကိစ္စ အဖြစ်အပျက်တွေကိုပြောတာပါ။ အခုမောင်မိုးသူပြောနေတာက ကလေးငယ်တွေ မတော်တဆပဲဖြစ်ဖြစ် တော်တဆပဲဖြစ်ဖြစ် စောစောကပြောတဲ့ ဝက်ဆိုဒ်တွေကတဆင့် အညစ်အပတ် ပေါ်နိုဂရပ်ဖီတွေကို ကြည့်မိနေကြပြီး အဲဒီကိစ္စတွေနဲ့ ယဉ်ပါးရင်းနှီးလာကြမှာကို စိုးရိမ်မိလာပါတယ်။ အပစ်အခတ် အညှစ် အသတ်တွေကြောင့် လက်ရဲဇတ်ရဲ လူသတ်မှုတွေဖြစ်လာကြတဲ့နည်းတူ အညစ်အပတ်တွေကိုကြည့်ကြပြီး အဲဒီအပြုအမူ အလေ့အထတွေကို ယဉ်ပါးလာမှာကိုစိုးရိမ်လာပါတယ်။ တချိန်ထဲမှာပဲ အဲဒီလိုစိတ်မျိုးကို လူကြီးတွေမှာလည်း ဖြစ်ပေါ်လာ နိုင်ပြီး မသိတတ်သေးတဲ့ ကလေးသူငယ်တွေကို ဖျားယောင်းသွေးဆောင် ကျင့်ကြံလာတာတွေရှိလာတာကြောင့် သက်ငယ် မုဒိန်းမှုတွေ အဖြစ်များလာတာနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာအထိ အဲဒီလို သက်ငယ်မုဒိန်းမှုမျိုးကို သေဒဏ်ပေးရမယ်လို့ အဆိုတင်သွင်းလာတာတွေလည်း တွေ့နေရပါတယ်။

တကယ်တော့ မောင်မိုးသူဟာ ခေတ်ပေါ်နည်းပညာနဲ့ပတ်သက်ပြီး ဘာမှသိတဲ့သူမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ကွန်ပြူတာကို ဘေးကပဲပြောရုံပဲပြောတတ်တာ စာလုံးတွေမရိုက်တတ်ပါဘူး။ ကွန်ပြူတာပေါ်မှာ မောင်မိုးသူ ရိုက်တတ်တာကတော့ အ လွန်ရှင်းပြီးတော့ လွယ်ကူခက်ခဲလှတဲ့ စပိုက်ဒါဆိုတဲ့ ဖဲချပ်စီတဲ့ ဖဲရိုက်နည်းတခုပဲတတ်တာပါ။ အရင်တုန်းက ကွန်ပြူတာနဲ့ စစ်တုရင်ကစားတာတို့ ဘိလိယက်ထိုးတာတို့ လုပ်ဖူးသေးတယ်ခင်ဗျ။ နောက်တော့ ကွန်ပြူတာငနဲက တဆင့်တိုးလာ လေလေ သူကပိုကျွမ်းလာ လေလေဖြစ်ပြီး မောင်မိုးသူလိုက်မမီတော့တာနဲ့ စစ်တုကစားခြင်း၊ ဘိလိထိုးခြင်းအလုပ်ကို လက်မြှောက်လိုက်ပြီး ဖဲချပ်စီတဲ့ ဖဲရိုက်နည်းတခုပဲ တခါတရံ လုပ်မိပါတော့တယ်။ မောင်မိုးသူက သက်ငယ်ကလေးတွေကို စောစောက ပေါ်နိုဂရပ်ဖီ ဝက်ဆိုဒ်တွေကိုဝင်ကြည့်ပြီး အညစ်အပတ်ကားတွေ ယဉ်ပါးလာမှာကို စိုးရိမ်ပူပန်တာကို၊ ဘယ်လိုပိတ်ဆို့တားစီးရမယ်ဆိုတာတော့ မသိဘူးခင်ဗျ။ နိုင်ငံတကာမှာတော့ ၁၈ နှစ်အောက် ကလေးငယ်မှန်သမျှ အရက်ဆိုင် ထဲမဝင်ရ အရက်မဝယ်ရဆိုတဲ့ ဥပဒေရှိသတဲ့။ ရုပ်ရှင်ကားတွေမှာလဲ ၁၈ နှစ်အောက် ကလေးများမကြည့်ရဆိုတဲ့စာတမ်းများ ရေးထိုးပါရှိသတဲ့၊ ဒီတော့ဒီတော့ ၁၈ နှစ်အောက်ကလေးများ ပေါ်နိုဂရပ်ဖီ ဝက်ဆိုဒ်ထဲမဝင်ရ ကန့်သတ်ပိတ်ဆို့လို့ရသလား မရသလားမပြောတတ်ပါ။ ရအောင်လုပ်ပြီး တားစီးပိတ်ဆို့မှုတော့ လုပ်စေချင်တာအမှန်ပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts