ခေတ်ပြိုင်အတွေ့အကြုံ

အောင်သူငြိမ်း – အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ “မြန်မာအိပ်မက်”

 

အောင်သူငြိမ်း – အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ “မြန်မာအိပ်မက်”
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

ကျနော်တို့ မြန်မာတွေမှာ “မြန်မာအိပ်မက်” (Myanmar dream) ရှိရဲ့လား။ စဉ်းစားမိတယ်။ အမေရိကန်အိပ်မက်ဆိုတာ ရှိတယ်။ တရုတ်အိပ်မက်ဆိုတာ ရှိတယ်။ ဒါနဲ့ပဲ မြန်မာအိပ်မက်ဆိုတာ ရှိရဲ့လား… စဉ်းစားမိတာပေါ့။

အမေရိကန်အိပ်မက် (American Dream) ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတွေရဲ့တဦးချင်း မျှော်မှန်း ချက်တွေ ဟုတ်သလို အမျိုးသားရေး မျှော်မှန်းချက် (national ethos) ပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု (liberty)၊ အခွင့်အလမ်း၊ တန်းတူညီမျှမှုတွေပါသလို၊ လူတဦးအောင်မြင်မှုအတွက် အခွင့်အလမ်းတွေလည်း ပါဝင်ပါ တယ်။ လူမှုအဖွဲ့အစည်းမှာ ကြိုးစားရင်ကြိုးစားသလောက် အပေါ်အလွှာကို တက်လှမ်းနိုင်ခွင့် (upward social mobility) ကိစ္စ၊ အဟန့်အတား ပိတ်ဆို့မှု နည်းနိုင်သမျှနည်းစေရေးကိစ္စတွေလည်း ပါဝင်ပါတယ်။ အမေရိကန်အိပ်မက်ကို ဖွင့်ဆိုရာ မှာ ဂျိမ်းစ် အဒမ်စ် (James Truslow Adams) က “လူတိုင်းအတွက် သူတို့စွမ်းဆောင်ရည်၊ သို့မဟုတ် အောင်မြင်မှုများ အပေါ် မူတည်ပြီး၊ လူမှုအဆင့်အတန်း ဘယ်လိုရှိသည်ဖြစ်စေ၊ မွေးဖွားစဉ်က အခြေအနေ ဘယ်လိုများရှိသည်ဖြစ်စေ ဘဝဟာ ပိုကောင်းလာစေရမယ်။ ပိုလို့ ကြွယ်ဝလာ စေရမယ်၊ ပိုပြည့်ဝလာစေရမယ်” လို့ ဆိုပါတယ်။ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းမှာလည်း ဒီသဘောတရားတွေ ပါဝင်ပါတယ်။

အလားတူ တရုတ်အိပ်မက် (China Dream) ဆိုတာလည်း ၂၀၁၃ ခုနှစ်က စလို့ ရေပန်းစားလာခဲ့ပါတယ်။ ဒီအသုံးကို စတင်သုံးစွဲသူက သမ္မတရှီကျင့်ဖျင်ပါ။ တရုတ်လူမှု အသိုက်အဝန်းမှာ လူတဦးချင်းရဲ့ အခန်းကဏ္ဍကို ဖော်ပြကြတဲ့အခါ အစိုးရအရာရှိတွေ၊ ပါတီခေါင်းဆောင်တွေ၊ သတင်းစာဆရာတွေက ဒီ”တရုပ်အိပ်မက်” ဆိုတဲ့ အသုံးအနှုန်းကို စတင် သုံးစွဲကြတာ ဖြစ်ပါတယ်။ အလားတူ တရုတ်နိုင်ငံကြီးရဲ့ ပန်းတိုင်ကို ဖော်ပြလိုတာလည်း ဖြစ်ပါတယ်။ ရှီကျင့်ဖျင်က တရုတ် ဆိုရှယ်လစ်အတွေးအခေါ် ဆိုပြီး စတင်ဆွေးနွေးခဲ့တာပါ။ ရှီက တရုတ်လူငယ်တွေဟာ “အိပ်မက် မက်ရဲရမယ်။ အိပ်မက် တွေပြည့်ဝဖို့ အားကြိုးမာန်တက် လုပ်ကိုင်နိုင်ရမယ်။ အမျိုးသားနိုင်ငံ ပြန်လည်သက်ဝင်ထမြောက်ရေးအတွက် ပါဝင် ဖြည့်ဆည်းနိုင်ရမယ်” လို့ ပြောခဲ့ပါတယ်။ တရုတ်ပါတီရဲ့ သဘောတရားရေး ဂျာနယ် Qiushi ကတော့ တရုတ်အိပ်မက်ဆို တာ တရုတ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှု၊ စုပေါင်းကြိုးပမ်းမှု၊ ဆိုရှယ်လစ်ဝါဒနဲ့ နိုင်ငံတော်ရဲ့ ရွှေခေတ် (national glory) ဖြစ်ပါတယ်လို့ ညွှန်းပါတယ်။

ဒီလို အိပ်မက်တွေဟာ နိုင်ငံတခု စတင်တည်ထောင်ခဲ့ကြတဲ့ ဗိသုကာကြီးများရဲ့ ကြီးမားတဲ့ အမြော်အမြင် (vision) ကို လည်း ဖော်ပြရာ ရောက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သူတို့ရဲ့ လွတ်လပ်ရေးကြေညာစာတမ်းကစလို့ သန္ဓေတည်ခဲ့ပါတယ်။ တရုတ်ပြည်မှာလည်း သူတို့ရဲ့နိုင်ငံတော်အတွေးအခေါ် ဆိုရှယ်လစ်အယူအဆအပေါ် အခြေခံနေ ပါသေးတယ်။ ကျနော်တို့ မြန်မာအိပ်မက်ကရော ဘယ်လိုဖြစ်မှာပါလဲ။ ကျနော်တို့ကို စာသင်ခဲ့ဖူးတဲ့ ဆရာထိန်ဝင်းက တော့ မြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းကို၊ “ကြည့်ပါဦးကွာ၊ နိုင်ငံတခုအတွက် သူ့ မြော်မြင်ချက် (Vision) တွေက ဘယ်လောက်မြင့်လိုက်ပါသလဲ” ဆိုပြီး ချီးကျူးဖွင့်ဆိုတာ ကြားခဲ့ရဖူးပါတယ်။
ကစားခုန်စား စွမ်းအားဘက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်
သန်မြန် ယောကျာ်းဘသားပင်

လျှပ်စစ်အား အသုံးများတဲ့ပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓာတ်တွေ
ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်

ကမ္ဘာမြေ ပထဝီဝင် ကမ္ဘာ့သမိုင်း ရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံဉာဏ် ဝေဖန်မြော်လို့မြင်
ငါတို့ ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်း အစုတွင်
ပါဝင်တစ်ယောက်ဆို တစ်အားပင်…

နိုင်ငံတခုဟာ တိုးတက်လာဖို့ဆိုရင် လျှပ်စစ်အား အသုံးများရမယ်ဆိုတာ မြို့မငြိမ်းကာလ ကတည်းက မြင်ထားတယ်လို့ ဆိုပါတယ်။ ခုထက်ထိတိုင် ဓာတ်အားမလုံလောက်မှုတွေ ကြုံနေရဆဲပါ။ ဒါတွင်သာမက သယံဇာတ ထုတ်ယူအသုံးချရေး၊ အားကစား၊ ကာယဉာဏ၊ ပင်လယ်ရေကြောင်း စသည်ဖြင့် ဖက်ပေါင်းစုံကို မြင်ထားတော့တာပါပဲ ဆိုပြီး၊ ဆရာထိန်က အားရပါးရ ပြောပြပါတယ်။ ဒီလိုမြော်မြင်မှုတွေက နိုင်ငံတည်ဆောက်ရေး (nation building) အတွက် အားဖြစ်စေပါ တယ်။ နိုင်ငံသားတိုင်းကို တူညီတဲ့ တူရှုချက်ကိုပေးပါတယ်။ ကျနော်တို့နိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ ဘိုးဘေးတွေကရော ဘယ်လိုစဉ်းစားခဲ့ကြပါသလဲ။ အရေးကြီးတဲ့ စာချုပ်စာတမ်း၊ ဖော်ပြချက် အများအပြားရှိပါတယ်။

တောင်တန်းပြည်မ ချစ်ကြည်ရေးနဲ့ လွတ်လပ်ရေးကို အတူတကွ ယူခဲ့ကြတဲ့ “ပင်လုံစာချုပ်”ဟာ ဒီလိုမြော်မြင်ချက်တွေထဲ က တခုပါ။ နောက်တခါ ရန်ကုန်မြို့လယ် လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထိုးထားတဲ့ လွတ်လပ်ရေးကြေညာစာတမ်း ဟာလည်း အရေးကြီးတဲ့ ဘိုးဘေးများရဲ့ မြော်မြင်ချက်ပါပဲ။ ဒီလွတ်လပ်ရေးကြေညာစာတမ်းမှာတော့ သူတို့ကို “ကုတို့မှူး ခေါင်းဆောင်ကြီးများ” လို့ ခေါ်ဆိုထားတာ တွေ့ရပါတယ်။

လွတ်လပ်ရေးကြေညာစာတမ်းကို ရေးကြသူတွေကတော့ ဦးသိန်းဟန် (ဆရာ ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊ ဆရာယော (ဆရာဇေယျ)၊ ဆရာဦးအုန်းဖေ (တက်တိုး)၊ ဦးဝင်းစိန် (တင့်တယ်) စတဲ့ပုဂ္ဂိုလ်တွေလို့ သိရပါတယ်။ အဲသည်ကြေညာ စာတမ်းမှာ ခုလိုမြော်မြင်ချက်တွေ တွေ့ရပါတယ်။

“၄။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသားရင်းသား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသား အပေါင်းတို့ ဇာတိချက်ကြွေ နေထိုင် မြန်မာနိုင်ငံတော်တဝှမ်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ တစ်စိတ် တဝမ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စု အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တဖွဲ့ တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလ၌၎င်း၊ ယခုမျက်မှောက်က၎င်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌၎င်း၊ ငါတို့ ပြည်ထောင်စုကြီး အတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုး ခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသောအခွင့်အရေး တူညီသော အဆင့် အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သည့် သမ္မတ မြန်မာနိုင်ငံတော် တည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ”

ကျနော်တို့ လွတ်လပ်ရေးကြေညာစာတမ်းမှာ တန်းတူမှု၊ လူ့ဝါဒ၊ မခွဲခြား မဖိနှိပ်မှု၊ အနာဂတ်အတွက် မြော်မြင်ချက်တွေ ပါပါတယ်။ ဒါတွေဟာ မြန်မာတွေအိပ်မက်မက်ဖို့ လုံလောက်တဲ့ အခြေခံအကြောင်းတွေပါပဲ။ ကျနော်တို့ရဲ့ ခေါင်းဆောင် တွေက အမြော်အမြင်ကြီးစွာ မြန်မာ့အိပ်မက်ကို ချပြဆွေးနွေး၊ ကျနော်တို့ နိုင်ငံသားတွေကလည်း တက်ကြွစွာ အိပ်မက် မက်၊ အကောင်အထည်ဖော်ကြဖို့ ကျနော်စိတ်ကူးယဉ်နေဖူးပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတွေ နဲ့အတူ မြန်မာ့ရွှေခေတ်ဆိုတာလည်း အိပ်မက်ထဲမှာ တစိတ်တပိုင်း ပါဝင်နိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ တရက်၊ ပြည်ထောင်စုနေ့က ပင်လုံမှာ အထင်ကရ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့ပါတယ်။ ဒီလိုအပြင် အဆင် ဒီလိုနေရာ၊ ဒီလိုသမယမျိုးမှာ ကျနော်တို့ရဲ့ မြန်မာအိပ်မက် (Myanmar dream) ကို ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဆိုပြောပြခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ စဉ်းစားမိပါသေးတယ်။ သူ့မိန့်ခွန်းမှာ မြော်မြင်ချက်တွေကိုလည်း ပြောပါတယ်။ ကျနော်စောင့်ပြီး နားထောင်ကြည့်တယ်။ ကျနော်တို့ မြင်ချင်တဲ့ “မြန်မာအိပ်မက်” မဟုတ်သေးဘူးလို့ ထင်မိ တယ်။

အောင်သူငြိမ်း

(ပုံကို သည်က ယူပါတယ် – http://www.chinadaily.com.cn/bizchina/2014-04/21/content_17449219.htm )

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts