သရော်စာ

မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ


မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇

အမှန်အတိုင်း ဝန်ခံရရင် ဒီရက်အတွင်း အခက်ဆုံးအလုပ်က စာရေးခြင်း။ ပြောချင်စရာ ရေးဖို့အကြောင်းအရာတွေ မရှိလို့မဟုတ်။ စာချစ်သူများ သိတော်မူတဲ့အတိုင်း ရွှေပြည်ကြီးမှာ ရေးစရာပြောချင်စရာတွေက ဒု့နဲ့ဒေး။ ဒါပေမဲ့ ဘယ်သူ အချုပ်အခြာအာဏာပိုင်ဆိုင်၊ ဘယ်သူဘယ်ဝါ ဘယ်လိုချုပ်ကိုင်အုပ်ချုပ်နေမှန်း မသိတဲ့ခေတ်ကြီးမှာ – နောက်ကွယ်က လက်မည်းကြီးတွေကလည်း များသပါ့။ တရားဥပဒေ စိုးမိုးရေး ဆိုတာကြီးကလည်း အပြောနဲ့စာရွက်ပေါ်မှာသာရှိပြီး၊ ကျုပ်တို့ပြည်သူတွေမှာ အုတ်ခဲ၊ တုတ်ဆွဲ ဖြေရှင်းနေရ။ အခြေအနေက စားသတိသွားသတိ ရင်တထိတ်ထိတ်နဲ့ မြင်တွေ့စိတ်ထဲရှိတာတွေ ပြောဖို့ဆိုဖို့ အကြောက်ကြီးတဲ့ ကျုပ်က လက်ရဲဇက်ရဲ ကားသမားတွေလို သွေးမရဲတော့ မပြောရဲပေါင်။ ကွေးသောလက် မဆန့်မီ အန္တရာယ် များပါဘိ။

အဲ့ဂါကြောင့် ဒီနေ့ ပွင့်လင်းလွတ်လပ်လာပြီဆိုတဲ့ ခေတ်ကြီးမှာ ရှေ့ ၊ နောက်/အထက်က ချုပ်ကိုင်ထားတဲ့ မင်ပြစ်မင်းဒဏ်၊ အမြတ်တော် ကင်းလွတ်မယ့် (အများနည်းတူ) ကိုယ့်ဘဝကိုယ့်ကုသိုလ်နဲ့ အောင့်ခံအံကြိတ် ကြုံတွေ့ခံ(စား)နေရတဲ့ အောက်ခြေလွှာ ငြိမ်းချမ်းရေး ဒုက္ခပြဿနာတခုကို သစ်ပင်အောက်ကို မခေါ်တော့၊ မိုးမခစာမျက်နှာက မဝံ့မရဲ ရင်ဖွင့်လိုက်တာပါ။ ကယ်နိုင်ကူနိုင်သူတွေ ကယ်ကြကူကြ၊ ဖြေရှင်းပေးကြပေါ့။

စာရှုသူများ သိကြတဲ့အတိုင်း ဤလဤရာသီရောက်ပြီဆို ကျုပ်တို့ ရွှေမြန်မာတွေ ဂုဏ်ယူဝံ့ကြွား မောင်းခတ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးဘာသာ၊ ဗုဒ္ဓသာသနာ ပြည့်လျှံထွန်းကားနေတဲ့ ဤတိုင်းဌာနေမှာ ဘာသာတရား အလွန်ကိုင်းရှိုင်းသော၊ ဝေနေယျသတ္တဝါအပေါင်းကို (ခြွင်းချက် – တချို့  ဘာသာ၊ လူမျိုးအုပ်စုများမပါ) အာရုံမိုးသောက်ကနေ ညဥ့်နက်သန်းခေါင်အထိ အထက်ဘဝဂ်ကြားသိအောင် မေတ္တာပို့သကြသော၊ ကမ္ဘာ့နံပတ်တစ် အလှုအတန်းရက်ရောသော* ကျုပ်တို့ မဟာသာကီနွယ်များ အပြိုင်အဆိုင် Celebrate လုပ်ကြတဲ့ ဘုရားပွဲ၊ ဓမ္မသဘင်ပွဲများ ကျင်းပချိန်ဖြစ်လေသည် မဟုတ်ပါလား (*အမေရိကန်၊ ဥရောပ နိုင်ငံများ လှုဒါန်းမှုများမှာ မဖွံ့ဖြိုးမတိုးတက်သော တိုင်းနိုင်ငံများ၏ လူသားချင်းစာနာ အရေးပေါ် လိုအပ်ချက်များကို ကူညီလှုဒါန်းကြခြင်းဖြစ်ပြီး၊ ရွှေမြန်မာများ လှုဒါန်းခြင်းမှာ ကိုယ့်မြေကိုယ့်ရွာရှိ သာသနာဆိုင်ရာ အလှူဒါနများ ဖြစ်လေသည်)။

အဲ့ဂလို ဗုဒ္ဓသာသနာ အလွန်ထွန်းကားသော ရွှေပြည်ကြီးမှာ ဝရုန်းသုန်းကား စမ်းတဝါးဝါး ပြုပြင်ပြောင်းလဲမှုတွေလုပ်ခြင်း ကြိတ်ခံနေရသော ရွှေမြို့ တော်ဟောင်းကြီးအတွင်း ကျုပ် မှီတင်းနေထိုင်ရာ မြို့ နယ်ခရိုင်တွင်လည်း ပူအိုက်စပ် ဆောင်းအကုန်နွေအကူး ရောက်ပြီဆို … အခုဘဝထက် နောင်ဘဝအရေး အလွန်ပူတွေးကြတဲ့ ရွှေဗမာများက နောင်ဘဝကူးကောင်းဖို့၊ အခုဘဝမှာ ကြုံခဲ့ရတဲ့ မင်းဆိုးမင်းညစ် ရန်သူမျိုး (၅) ပါး၊ ဒုက္ခအန္တရာယ်အပေါင်းမှာ ကင်းလွှတ်စေဖို့၊ နောက်ဘဝကို ရည်မျှော်ပြီး လုပ်ကြတဲ့… အလှူခံပွဲတွေ၊

လွတ်လပ်တဲ့ခေတ်ကြီးမှာ ပြန်လည်ခေတ်စားလာတဲ့ လမ်းစုံလမ်းခွပိတ် အပြိုင်အဆိုင် ပြောဟောကြတဲ့ နိဗ္ဗာန်ရောက်ကြောင်း (ဘုန်းတော်ကြီးတွေ သိန်းချီရတဲ့#) ဓမ္မသဘင်ပွဲတွေ၊ မိုးလင်းမိုးချုပ် တဝုန်းဝုန်း တရုန်းရုန်း ဖုန်တလုံးလုံးနဲ့ မိုးခြိမ်းညံ ဘယ်နိုင်ငံဘယ်ဒေသမှာမှ မတွေ့မမြင်မရှိတဲ့ ဘုရားပွဲတွေနဲ့ စည်းကားနေတော့တယ် (# စာရေးသူ စကားပြောဖြစ်တဲ့ စာသင်ကျောင်းလေးမှာ ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးတော့ ကျောင်းသားလေးတယောက်က ဘုန်းကြီးလုပ်ပြီး တရားဟောစားမယ်တဲ့။ တရားတပွဲဟောရင် ဆယ်သိန်းအထက်ရတယ်လို့ ကလေးက ထပ်ဖြည့်ပြောတယ်။ ဟုတ်ပါလေစ)။

အပြောင်းအလဲတွေ တခုပြီးတခု ဖြစ်နေလတံ္တ … မဟာရန်ကုန်မြို့ ကြီးမှာ ဝုန်းကနေ ပေါ်လာခဲ့တဲ့ YBS – Yes, Bullshit အပြောင်းအလဲလို့ မဟုတ်။ ပွဲမဝင်ခင် ကြိုပြင်ဆိုသလို ခုနှစ်ရက်ဆယ်ရက် ခြိမ့်ခြိမ့်သဲ ဘုရားပွဲအတွက် ပွဲမတိုင်ခင် တစ်လလောက်ကတည်းက အတွေ့အကြုံရှိ လုပ်စားလာတဲ့ … အဲ လုပ်တတ်စီမံတတ်ကြတဲ့ ပွဲတော်ဖြစ်မြောက်ရေး ဘုရားလူကြီးတွေ၊ ဂေါပကအကျိုးဆောင်တွေ၊ ကန်ထရိုက်တွေက ဘုရားတဝိုက် နဲ့ ရပ်ထဲရွာထဲ လော်စပီကာနဲ့ (၂၄) နာရီအချိန်ပြည့် “အလှူဒါန ရေစက်နဲ့မကွာ” လှူကြတန်ကြဖို့ ဗိုလ်အောင်ဒင်နဲ့ကြမ်း၊ အလှုကောက်ခံမှုတွေကလည်း ကြောက်စရာလန့်စရာ …

ဒီဘဝမှာလည်းမွဲ၊ မလှူနိုင်လို့ နောက်ဘဝမှာလည်း မွဲကိန်းရှိတဲ့ (ဟောပြောသူများ အဆိုအရ … မရှိလို့မလှူ၊ မလှူလို့မရှိ) ကျုပ်မှာ “ဝတ်စုံပြောင်း လူမပြောင်း မူ (ေ-ာက်ကျင့်) မပြောင်းကြတဲ့ ဟိုမြို့ က လူတွေလို” ဘယ်ဘုရားအတွက်၊ ဘယ်ကျောင်းအတွက်၊ ဘယ်ဘုန်းဘုန်းအတွက် “သေနတ်ကိုင် ဟိုဒင်းဟိုအဖွဲ့တွေ အခွန်ဆက်ကြေးကောက်နေသလို” တဖွဲဖွဲရောက်လာကြတဲ့ အလှူခံတွေကို ပြတင်းပေါက် နောက်ကွယ်က အသာချောင်းကြည့် ရှောင်ပုန်းရတာအမော။ အိမ်တံခါးတောင် မလပ်ထားရဲတဲ့ ဒီဒုက္ခက မသေး။

အဲ့ဂလို ဘုရားပွဲ တရားပွဲ၊ အလှူခံတွေ အပြိုင်ဝုန်းဒိုင်းကြဲချိန်သည် ကျုပ်တို့ချစ်လှစွာသော အနာဂတ် နိုင်ငံ့ခေါင်းဆောင်များလို့ မြှောက်ပင့်ပြောဆို (indoctrinate) ထားသော ကလေးငယ် (ကျောင်းသူ/သား) များ အတန်းတင် စာမေးပွဲကြီး ဖြေဆိုချိန် မဟုတ်ပေလော။ ဤကဲသို့ မိုးလင်းမိုးချုပ် ပျော်စရာမော်စရာများကြောင့် အမောင်ကျောင်းသူ/သားတို့သည်လည်း ခေတ်အဆက်ဆက် ဥာဏ်အမျှော်အမြင်ကြီးမားသော မင်အပေါင်း စီမံပေးခဲ့သည့် အာဂုံဆောင် ကြက်တူရွေးပညာရေးကို ပွက်လော်ရိုက် တရားပွဲ၊ ဘုရားပွဲတွေကို ကျော်လွှာမအော်နိုင်၊ စိတ်နဲ့ကိုယ်နဲ့မကပ်နိုင် အတော်ဒုက္ခရောက်တာကို တွေ့ရတယ်။ ဒီတော့လဲ ဘုရားသွား ဆုတောင်းကြရပေါ့။

အဲ့ဂလိုနဲ့ နေ့ညဆက် နားမုဒိမ်းကျင့်ခံရလို့ (အသိနိုင်ငံခြားတယောက်ရဲ့  အသုံးအနှုန်း) သက်ကြီးသက်ငယ် အိပ်စက်မနားနိုင်၊ သူများပျော်လို့ မပျော်နိုင်ဖြစ်နေတဲ့ ကျုပ်မှာ … အိမ်နဲ့မနီးမဝေး ပွက်ပွက်ညံ ဘုရားပွဲတပွဲကို စာထဲစိတ်မရောက်၊ စိတ်ထဲစာမရောက်ကြတဲ့ အိမ်ကကြက်တူရွေးတွေကို လိုက်ပို့ရလို့ ဒီအကြောင်း ရေးဖို့ဖြစ်ခဲ့။

ဆူဆူပူပူ၊ အဲဒီမှာ တွေ့ကြုံရတဲ့ Shock and Awe က … ရွှေဗမာတွေ အထွဋ်အမြတ် ခင်းကျင်းပြုလုပ်တဲ့ (ဒီနေ့)ဘုရားပွဲတော်ဆိုတာ အတွဲတွေ၊ အကွဲတွေအတွက် နေရာကောင်း ကစားကွင်း ဖြစ်နေပါလားလို့ အလန့်ထန်းညှက် သံဝေဂ ဖြစ်မိ။ OMG … အမှောင်ရိပ်၊ ချောင်ကြိုချောင်ကြားတောင် ကြည့်စရာမလို ချစ်ဆုပန်နေကြတဲ့ မြွေမကြောက် ကင်းမကြောက် ဘယ်သူမှမကြောက်တဲ့ အတွဲတွေက … မရှက် မြင်သူရှက် မြင်မကောင်း ရှုမကောင်း။

ဘုရားစူး … အကျွန်ုပ်တို့ ဗမာတွေများ ပြောတတ်လိုက်ကြတာ … ဗမာဆိုတာ ဟီရိသြတ္တပ္ပကြီးကြတဲ့ မဟာသာကီနွယ်ဝင် အမျိုးအနွယ်တွေ။ ဘုရားပေါ် တိုနန့်နန့်၊ ဟိုဖော်ဒီပေါ် ဝတ်လာသူတွေ တက်ခွင့်မပြုဆိုပြီး … အဲဒီလို တင်းကြပ်တာ။ ဒါပေမဲ့ အပေါ်ရောက်မှ ချွတ်ချင်ချွတ်ပေါ့ … ကျုပ်ကတော့ ကိုယ်မြင်တာကို ပြောကြည့်တာ … ဘုရားပေါ် ဓါတ်ပုံတက်ရိုက်တဲ့ တိုင်းတပါး ယိုဒယားမယ်ထက် မြန်မာသာကီနွယ်အတွဲတွေ ကျုပ်တို့လို အဖိုးကြီးကို အားမနာတောင် …မြတ်ဗုဒ္ဓကိုတော့ အားနာဖို့ကောင်းပေါ့။

အဲ့ဂလို ဣနြေ္ဒမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အတွဲတွေအရေး ရတတ်မအေးလို့ ချောင်ထဲအမှောင်ထဲမကြည့် ပွဲဈေးလျှောက်တော့ ဟိုတစုဒီတစု အကွဲတွေ (အရက်ကွဲ၊ ဆေးကွဲ၊ ကော်ကွဲ) ကလည်း ကြမ်းကြမ်းရမ်းရမ်း — ကံဆိုးသူ ကျုပ်က အပျိုပေါက် (teenager) တူမလေးတွေနဲ့ ပွဲလမ်းတိုးမိတော့ သမ္မတသက်တော်စောင့်တွေထက် လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ … မျက်စိကြီးနားကြီး ခြေလက်မအား တူမတွေကို ကာကွယ်ရတာအမော — ဘုရားပေါ် တက်ကွဲတဲ့ ငမူးတွေက မိန်းကလေး အမျိုးသမီးတွေကို ရုန့်ရင်းကြမ်းတမ်း ရုပ်ပျက်ဆင်းပျက် ထိကပါး ရိကပါး ပြောဆို မူးလိုက်ရူးလိုက်ကြတာ ဘုရားနဲ့ ဘား (Bar) မှားနေသလားလို့ မသိ။ စာချစ်သူများလည်း မိမိတို့ ရောက်ဖူးသမျှ ဘုရားပွဲတွေမှာ အဲ့ဂလို ကိုကြီးကျော်လို့ အကွဲများ၊ အမေဂျမ်းထက် အပြောအဆိုကြမ်းတဲ့ ငပေါက်များကို တွေ့ကြုံဖူးမှာပါ။ ကျုပ်တို့ သာသနာဝင်တွေ ဘုရားစည်း လူ့စည်း အသိဥာဏ်လေးရှိရင် ကောင်းပေါ့လို့ တွေးမိ။

အဲ့ဂလို ရှက်ကြောပျက်ပြီး ဖြစ်ချင်ရာဖြစ် အင်တာနက်ပေါ်တက်တက် ဘယ်ပေါ်တက်တက်ေ-ာက်ဂရုမစိုက် ဘုရားရိပ်၊ တရားရိပ်မှာ ဟိုဒင်းဟိုဝါ ပြုချင်သူတွေ၊ သေရေမူးယစ်ဆေးဝါးနဲ့ အနှောင့်အယှက်ပြုသူတွေက ဗုဒ္ဓဘာသာဝင်မဟုတ်၊ လူမျိုးခြား၊ ဘာသာခြားဆိုရင် ကျုပ်တို့မျိုးချစ်တွေ ဘယ်လိုတုံ့ပြန်ကြမလဲ။ စာရှုသူတွေ သိပါတယ် … ကျုပ်တို့မျိုးချစ်တွေ မာန်စောင်ရန်ပြုနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဆိုရင်တော့ ဘုရားကျောင်းထဲ အဲ့ဂလိုမျိုး လုပ်ကြည့်ပါလား xxxx အဖြတ်ခံရမှာ။ ခရစ်ယာန်ဘုရားကျောင်းတွေလည်း ခွင့်မပြုလက်မခံပါ။ ကဲ ဘုရားလူကြီး သာသနာပိုင်တွေ ဘာလုပ်မလဲ။

အတော်လေး Liberal ပွင့်လင်းလွတ်လပ်တယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် အဲ့ဂလို သာသနာနယ်မြေ မပြောနဲ့ ပြည်သူ့ပန်းခြံ၊ ကန်ဘောင်၊ သစ်ပင်ခြုံပုတ် လူမြင်ကွင်းမှာ အရှက်မဲ့တွဲခုတ်ခြင်း၊ သောက်စားမူးယစ်ခြင်း မထီမဲ့မြင် Public exposure and intoxication လုပ်တာတွေကို ခွင့်မပြု၊ ပြတ်ပြတ်သားသား၊ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးတယ်။ အရှက်အကြောက်ကြီးတယ်ဆိုပြီး ဘုရားရိပ်တရားရိပ်မှာ (အထူးသဖြင့် ဘုရားပွဲကာလမှာ)

ကိုယ့်ဘာသာ၊ သာသနာကို ဖျက်ဆီးနေတဲ့ ရုပ်ပျက်ဆင်းပျက် ပါးစပ်ကဘုရား လက်ကကားယား ရမ်းနေကြတဲ့ အတွဲအကွဲတွေကို “အမျိုးဘာသာ သာသနာကို စောင့်ရှောက်တော်မူသော အာဏာပိုင်များ၊ ပြည်ထဲရေးရာ အာဏာပိုင်များ … အချိန်ပြည့် ဖုန်းပွတ်နေသော ‘ကူညီပါရစေတို့’ တခုခုလုပ်ဖို့” တွန်းလှုပ်နှိုးလိုက်တာပါ။

အဲ့ဂလို လုပ်သင့်တာကို အချိန်မီ မစွမ်းနိုင်ရင်တော့ မျိုးချစ်တွေ လက်ညှိုးထိုး စွပ်စွဲပူပန်နေတဲ့ ဟိုဘာသာ ဒီဘာသာတွေကြောင့် ကိုယ့်ဘာသာမပျောက် … ကိုယ့်သာသနာ ကိုယ်ဖျက်လို့ အနိစ္စသဘော ပျက်ကိန်းရောက်မှာ ဧကန်မလွဲဖြစ်ကြောင်း ဘုရားဖြစ်မယ့် အုတ်နီခဲ ကျုပ်က အားအားယားယား မိုးမခ ပြည်သူအသံက ဟစ်အော်လိုက်ခြင်း ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts