တူမောင်ညို သူတို့အာဘော်

တူမောင်ညို – “သင့်/ငြိမ်း မူ ၇ ချက်” နဲ့ “တပ်/ ငြိမ်း မူ ၆ ချက်”

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

တူမောင်ညို – “သင့်/ငြိမ်း မူ ၇ ချက်” နဲ့ “တပ်/ ငြိမ်း မူ ၆ ချက်” 
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

“အတွင်းမီးတွေကို ငြှိမ်း၊ အကောင်းဆုံးအမွေအနှစ်ဟာ ငြိမ်းချမ်းရေးသာဖြစ်တယ်” ဆိုတဲ့ မေတ္တာရပ်ခံချက်နဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ်က “နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး မူဝါဒ” ကို (NCA) စာချုပ် နှစ်ပတ်လည်အခမ်းအနား စင်မြင့်ပေါ်ကနေ ဖော်ထုတ်တင်ပြလာခဲ့ပါပြီ။

ပထမဦးဆုံးသတိပြုမိတဲ့အချက်ကတော့ (NCA) စာချုပ် နှစ်ပတ်လည် အခမ်းအနားစင်မြင့်ပေါ်ကနေ “နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်”ကလည်း “နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ” (သင့်/ငြိမ်းမူ ၇ ချက်) ကိုတင်ပြခဲ့သလို၊ ကာချုပ်ကလည်း သူတို့ရဲ့လက်စွဲတော် “တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူ ၆ ရပ် ” (တပ်/ ငြိမ်းမူ ၆ ချက်) ဆိုတာကို အပြိုင် တင်ပြခဲ့ကြတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီချုပ်အစိုးရရဲ့ “သင့်/ငြိမ်းမူ ၇ ချက်” နဲ့ စစ်တပ်ရဲ့ “တပ်/ငြိမ်းမူ ၆ ချက်” ထိပ်တိုက်ရင်ဆိုင်တွေ့နေကြပါပြီ။ ဒီချုပ်ပါတီ အစိုးရရဲ့ “သင့်/ငြိမ်းမူ ၇ ချက်” ရဲ့ ခရီးဆုံးပန်းတိုင်ဖြစ်တဲ့ “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ” သို့ ရှေ့ရှုရာမှာ “တပ်/ငြိမ်းမူ ၆ ချက်” နဲ့ “ပုဒ်မ ၄၃၆ ” ဆိုတဲ့ ကန့်လန့်ဖြတ်အတားအဆီးကြီး နှစ်ခု ကားဆီးနေပါတယ်။

ကာချုပ်က သူတို့ရဲ့ “တပ်/ငြိမ်းမူ ၆ ချက်” ကို ဘယ်လောက်ထိ အမွှမ်းတင်ထားသလဲဆိုတာပေါ်လွင်အောင် လိုသလောက်ပဲ ကွက်ပြီး ကောက်နုတ် ဖော်ပြပါရစေ။

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်သလို၊ လက်ရှိငြိမ်းချမ်းရေး တည်ဆောက်မှုကို ခိုင်မြဲစေဖို့ “အရှိတရား” လည်းဖြစ်ပါတယ်” တဲ့ ။

ဆိုလိုချင်တဲ့သဘောက “အသိတရား နဲ့ အရှိတရား” (တပ်/ငြိမ်းမူ ၆ ချက်) ဆိုတာ ဘယ်သူမှ ရှောင်လွှဲ ငြင်းဆန် ပယ်ဖျက် လို့မရဘူး၊ လက်ကို လက်ခံရမယ်လို့ ပြောတာပါပဲ။ “ပြည်ထောင်စုရဲ့ထွက်ရပ်လမ်း” လို့လည်း ဆိုပါတယ်။ အင်မတန်ကြီးမားတဲ့ လေလုံး ထွားမှုပဲဖြစ်ပါတယ်။

ဆန်းစစ်ကြည့်လိုက်တော့ ဒီလိုပြောတာဟာ “စစ်အုပ်စု အကျိုးစီးပွား သားစဉ်မြေးဆက် တည်တံ့ခိုင်မြဲရေး” ဆိုတဲ့ သေးသိမ် ကျဉ်းမြောင်းလှတဲ့ ကိုယ်ကျိုးအတ္တအုတ်မြစ်ပေါ်မှာ မိုက်မိုက်မှားမှား ရပ်တည်နေကြသူတွေရဲ့ ဆန္ဒစွဲအသိတရားနဲ့ဆန္ဒစွဲအရှိတရား သာ ဖြစ်ပါတယ်။

ဒုတိယသတိပြုတဲ့အချက်က“နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ” လို့ ကြေညာခဲ့ပြီးမှ နောက်တနေ့သတင်းစာတွေမှာ “ မူဝါဒ” လို့ ပြောင်းလဲပြင်ဆင်လိုက်တာပါပဲ။ “လမ်းပြမြေပုံ” လို့ ကနဦး ဖော်ပြ ထားရာ ကနေ “မူဝါဒ” လို့ ပြင်ဆင်ပြောင်းလဲလိုက်တာမှာ အကြောင်း နှစ်ခုကြောင့်ဖြစ်မယ်လို့ ယူဆပါတယ်။

၁။ ဗိုလ်ခင်ညွန့်ရဲ့ “ လမ်းပြမြေပုံ ၇ ချက်” နဲ့ ကွဲပြားခြားနားစေချင်ပုံရတယ်။

၂။“လမ်းပြမြေပုံ” ထက်စာရင် “မူဝါဒ” က အစိုးရတစ်ရပ်အဖို့ ပိုပြီးလေးနက်ခိုင်မှုရှိတယ်ဆိုတဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါ တယ်။

တတိယသတိပြုမိတဲ့အချက်က မူဝါဒ အချက်အမှတ် ၇ မှာ “ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု” ဆိုတဲ့ အသုံးအနှုန်းသို့ (မဆိုစလောက်) ရွေ့သွားတာဖြစ်ပါတယ်။ ဒီချုပ်ပါတီအစိုးရရဲ့ မူလပထမ အသုံးအနှုန်းက “ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု” ဖြစ်ပါ တယ်။ ဒီအသုံးအနှုန်းကို “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ပြဋ္ဌာန်းတဲ့အခါနဲ့ “၂၁ ရာစုပင်လုံညီလာခံ” ကြိုဆိုကြောင်း ပြည်ထောင်စု လွှတ်တော်က ကြေညာချက်ထုတ်ရာမှာ စစ်ဗိုလ်အမတ်တွေက ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။

“လမ်းပြမြေပုံ”နောက်တော့ “မူဝါဒ” လို့ပြောင်းသွားတဲ့ ဒီချုပ်ပါတီ အစိုးရရဲ့ “ သင့်/ငြိမ်း မူ ၇ ချက် ” ကို လေ့ လာကြည့်တော့ စတုတ္တအချက်အနေနဲ့တွေ့ရတဲ့ ထူးခြားချက်ကတော့ မူဝါဒ ၇ ချက်ဟာ “ (NCA) စာချုပ်ဘောင်” နဲ့ “၂၀၀၈ အခြေခံ ဥပဒေဘောင်” ထဲကနေသွားနေရမယ့် မူဝါဒတွေဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

“ သင့်/ငြိမ်းမူ ၇ ချက် ”ရဲ့ ပထမနဲ့ ဒုတိယအဆင့်တွေ ပြီးမြောက်အောင်မြင်ဖို့ဆိုရင် (NCA) စာချုပ်ကို လက်မှတ်ထိုးဖို့ လိုအပ် တယ်။ ဒါမှ တတိယအဆင့်ဖြစ်တဲ့ “ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ” ကျင်းပနိုင်ပါလိမ့်မယ်။

(NCA) စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာ ပထမနှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်သော်လည်း တပြည်လုံး အတိုက်အခိုက်တွေရပ်စဲ နိုင်ခြင်းမရှိသလို၊ နောက်ထပ်လည်း (NCA) စာချုပ်မှာ ပါဝင်လက်မှတ်ထိုးတဲ့ အဖွဲ့ဝင်တိုးလာတာမရှိသေးပါဘူး။

လက်ရှိ အနေအထားက (NCA) စာချုပ်ကို“အားလုံး”ပါဝင် လက်မှတ်ရေးထိုးခြင်းမရှိသေးတာပါပဲ။ “အားလုံး” ပါဝင် လက်မှတ် ထိုးလာအောင် ဒီချုပ်ပါတီအစိုးရက “ သင့်/ငြိမ်းမူ ၇ ချက် ”ရဲ့ ပထမနဲ့ ဒုတိယအဆင့်တွေနဲ့ ကြိုးပမ်းနေတာပါ။ ဆွဲဆောင်နေတာပါ။ ဒီခြေလှမ်းကို ကာချုပ်က “NCA ကိုလက်မှတ်ထိုးခြင်းမရှိဘဲ၊ NCA ကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့်ဆွေးနွေးပွဲများသို့ သွားနိုင်ရန်ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး ” ဆိုပြီး ကြိမ်နဲ့တို့သလို သတိပေးနေပါတယ်။

ပဉ္စမအချက်က အစိုးရသစ်ရဲ့ (သင့်/ငြိမ်းမူ ၇ ချက်) ပေါက်မြောက်အောင်မြင်ဖို့ “ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ” တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် အောက်ပါ ကန့်လန့်ဖြတ်အတားအဆီးကြီးနှစ်ခုကို မဖြစ်မနေ ရင်ဆိုင်ကျော်လွှားရပါလိမ့်မယ်။

၁။ (NCA) စာချုပ်ဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ (တပ်/ငြိမ်းမူ ၆ ချက် ကိုကျော်လွှားဖို့)

၂။ ပုဒ်မ ၄၃၆ ကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ ( “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်နိုင်ဖို့ )

အထက်ပါ အတားအဆီးကြီး ၂ ခုစလုံးဟာ လက်ရှိကာချုပ်နဲ့ စစ်အုပ်စုက ချုပ်ကိုင် ဖန်တီးထားတာတွေချည်းဖြစ်ပါတယ်။

“ပုဒ်မ ၄၃၆”ဟာ ပြည်သူ့ဆန္ဒမှန်သမျှကို ပစ်ပယ်ငြင်းဆန်နိုင်တဲ့ (၂၀၀၈အခြေခံဥပဒေအတည်ဖြစ်နေသမျှ) စစ်တပ်လက်ထဲ မှာ ထာဝရကိုင်ထားတဲ့ အနိုင်ဖဲချပ်ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ “၂၀၀၈ အခြေခံဥပဒေ” မှအပ အခြားတည်ဆဲဥပဒေတွေကို ရုပ်သိမ်း၊ ပယ်ဖျက်၊ ပြင်ဆင်၊ အစားထိုး၊ အသစ်ရေးဆွဲတာမှာ လွှတ်တော်ထဲမှာရှိတဲ့ ဒီချုပ်အမတ် အင်အားနဲ့ ကျော်လွှား အနိုင်ယူနိုင် မှာဖြစ် ပေမယ့်၊ “၂၀၀၈ အခြေခံဥပဒေ” ကို ပြင်ဆင်ဖို့ ကြိုးစားရာမှာတော့ ကာချုပ်သဘောမတူဘဲ ဘယ်နည်းနဲ့မှ ပြင်ဆင်နိုင်မှာမဟုတ်ဘူး ဆိုတာကို ဒီချုပ်ပါတီအစိုးရနဲ့ ဒီချုပ်ပါတီလွှတ်တော်အမတ်တွေအားလုံး သိရှိနားလည်ပြီးသားဖြစ်ပါတယ်။

ကာချုပ်ပြောတာတွေထဲမှာပါတဲ့ “ ဒီမိုကရေစီဆိုရာမှာ လူများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်/ နိုင်ငံတော်ကာကွယ်ရေးဆိုတာ ဥပဒေနဲ့ညီညွတ်တဲ့ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်တယ်” ဆိုတဲ့ စကားတွေဟာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ “ပုဒ်မ ၄၃၆” ဆိုတဲ့ဘောင်ကို ကျော်ပြီးမလုပ်နဲ့ ဒီလိုလုပ်တာတွေကို သည်းခံမှာမဟုတ်ဘူးလို့ သွယ်ဝိုက်ခြိမ်းချောက်နေ တာတွေသာဖြစ်ပါတယ်။

တကယ်တော့ “လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို ကျွန်မတို့တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့လုပ် သွားမှာဖြစ်ပါတယ်” ဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ကို တုန့်ပြန်နေတာပါ။

အတွင်းမီးတွေကို“ငြှိမ်း”၊ အကောင်းဆုံးအမွေအနှစ်ဟာ “ငြိမ်းချမ်းရေး” သာဖြစ်တယ်ဆိုတဲ့ မေတ္တာရပ်ခံချက်ဟာ အင်မတန် သင့်မြတ်ကောင်းမွန်လှပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အတွင်းမီးတွေကို ငြှိမ်းဖို့ခက်သလို၊ နောင်လာနောက်သားတွေအတွက် ငြိမ်းချမ်းရေး အမွေပေးရစ်ခဲ့ ဖို့ ကလည်း ထင်သလောက် မလွယ်ကူလှပါဘူး။ အချိန်မှန်မှန်၊တာဝန်သိသိနဲ့ ငြိမ်းနေတဲ့ မီးကတော့ လျှပ်စစ်မီးပဲရှိပါတယ်။

အာဏာမီး၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ အတ္တမီး၊ အာဃာတမီး စတဲ့ စတဲ့ မီးတွေအားလုံး အနက် စစ်တပ်ကို ခါးပိုက် ဆောင်တပ်သဖွယ်လုပ်ပြီး တတိုင်းပြည်လုံးနဲ့ပြည်သူတစ်ရပ်လုံးအပေါ်က ဖိစီးနှိပ်စက်နေတဲ့ စစ်အုပ်စုဆိုတဲ့ မီးကို အပြီးအပိုင်ငြှိမ်းသတ် နိုင်မှသာ တတိုင်းတပြည်လုံး အမှန်တကယ် ငြိမ်းချမ်းသာယာလာနိုင်မှာပါ။

ညွန်း

မြန်မာ့အလင်းသတင်းစာ (၁၆-၁၀-၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts