သားကြီးမောင်ဇေယျ သူတို့အာဘော်

သားကြီးမောင်ဇေယျ – အစိုးရ နဲ့ မီဒီယာ အပြန်အလှန် စိန်ခေါ်မှုများ

သားကြီးမောင်ဇေယျ  – အစိုးရ နဲ့ မီဒီယာ အပြန်အလှန် စိန်ခေါ်မှုများ 
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

ကျနော် နေပြည်တော်ကပြန်ကြားရေး ဌာန ခန်းမထဲကို ၀င်လိုက်တော့ U ပုံ သဏ္ဍန် ထိုင်ခုံ၊စားပွဲတွေ စီထားတာတွေ့လိုက်ပါတယ်။ စင်နောက်ခံ အပြာရင့်ရင့် ကားလိပ်ပေါ်မှာ စာလုံးဖြူဖြူတွေနဲ့ ရေးထားတဲ့ သတင်း အချက်အလက်ရယူခြင်းနှင့် ပါတ်သက်သော စိန်ခေါ်မှုများ အလုပ်ရုံ ဆွေးနွေးပွဲ ။ နေပြည်တော်၊ ၁၉-၁၀ ၂၀၁၆ ဆိုတဲ့ စာတန်းကိုတွေ့လိုက်ရပါတယ်။

မီဒီယာ ကောင်စီက တဖက်၊ အစိုးရပြောရေးဆိုခွင့်ရှိသူတွေက တဖက်။ မျက်နှာချင်းဆိုင်ပါ။ ထိုင်ခုံ အနေအထားရ အခြေအတင် ဆွေးနွေးညှိနိုင်းရမယ် ဆိုတဲ့ ပုံစံမျိုးလို့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။ ကြားလူ အဖြစ်ပြန်ကြားရေး ဌာန က ညှိနိုင်း ဆောင်ရွက် ပေးမယ်လို့ ကျနော်ခန့်မှန်းမိပါတယ်။

ဆွေးနွေးပွဲပုံစံက Chatham House Rule ပုံစံ ဖြစ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြ ဆိုကြမှာ ဖြစ်သလို စည်းကမ်း အရ ဘယ်သူက ဘာပြောတယ်ဆိုတာကိုသတင်းရေးခွင့်မရှိပါဘူး။

ဒီ စိန်ခေါ်မှုအအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ပြန်ကြားရေး ၀န်ကြီးဌာနနှင့် သတင်းမီဒီယာကောင်စီ တို့ပူးပေါင်းပြုလုပ်ကြတာဖြစ်ပါတယ်။

တနည်းအားဖြင့် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနဲ့ အစိုးရ ၀န်ကြီးဌာန တွေကို ကိုယ်စားပြုတဲ့ ပြောရေးဆိုခွင့် ရ ပုဂ္ဂိုလ်များ ပွင့်လင်းမြင်သာ စွာဆွေးနွေး ကြတဲ့ပွဲလည်းဖြစ်ပါတယ်။

မီဒီယာဖွံဖြိုးတိုးတက်မှုအတွက် ၂၀၁၂ ခုနှစ် မှ ၂၀၁၅ ခုနှစ်ထိ လေးကြိမ်ထိဆောင်ရွက်ခဲ့ပြီး ငါးကြိမ်မြောက် ညီလာခံကို နိုဝင်ဘာလ ပထမပတ် အတွင်းမှာ ကျင်းပမယ်ဆိုတဲ သတင်းတွေကိုကြားထားပြီးမို့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ အလွန်အရေးကြီးပါတယ်။

သတင်းမီဒီယာ ကောင်စီ ဒု ဥက္ကဌ ဦးအောင်လှထွန်း က သတင်းဆိုတာ မြန်ရမယ်၊ (Fast)၊ တိကျရမယ် ( accurate )သမာသမတ်ကျရမယ် (inpertial ) ၊ အဲဒီလို မှန်ကန်တိကျတဲ့အချက်အလက် ရယူရာမှာ ဆရာတို့ ဆရာမတို့ ( အစိုးရပြောရေးဆိုခွင့်ရှိသူများကို ဆိုလိုသည်) ကူညီပူးပေါင်းမှု မရှိရင် လုံးဝ မဖြစ်နိုင်ပါဘူး လို့ပြောပါတယ်။

သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဆရာသီဟစော ကလည်း ကျနော်တို့ လိုချင်တာက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အပြစ်တင်မယ့်အစား အခက်အခဲ စိန်ခေါ်မှုကိုပြောမယ်၊ မီဒီယာ၊ ပြန်ကြားရေးနဲ့ ၊ အစိုးရပြောရေးဆိုခွင့်ရှိသူတွေ ၊ စုပေါင်းပြီး အဖြေရှာကြမယ်၊ လို့ သဘောပါတဲ့ မိန့်ခွန်းနဲ့ အခန်းအနားကိုဖွင့်လိုက်ကြပါတယ်။

မီဒီယာရဲ့ စွမ်းရည် ကို တိုင်းတာရာမှာ လူအဖွဲ့ အစည်းရဲ့ လိုအပ်ချက်တွေကို ဘယ်လောက် ဖြည့်ဆည်းနိုင်သလဲ ဆိုတဲ့ အချက် ဟာ အလွန် အရေးပါပါတယ်။ အဲဒါ ဟာ သူတို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုလည်းဖြစ်ပါတယ်။

ပထမ ပိုင်းမှာ သတင်မီဒီယာကောင်စီဝင်တွေက သတင်းရယူရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိ တစ်ယောက်ပြီးတစ်ယောက် တင်ပြကြပါတယ်။

နောက်ပိုင်းမှာ တော့ အစိုးရပြောရေးဆိုခွင့်ရှိသူတွေ ဖက်က ပြောတဲ့ အလှည့်ပါ။

အစိုးရပြောရေးဆိုခွင့်ရှိသူတွေက သူတို့ဟာ အစိုးရ ၀န်ထမ်းတွေဖြစ်တဲ့ အတွက် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် ဥပဒေ ကို သူတို့လိုက်နာရပါတယ်။ အဲဒီတော့ သတင်းကို ဘယ်လောက်ထိပြောရမလဲ၊ ပြောဖို့ ဆိုဖို့အခက်အခဲ အကန့်အသတ်တွေ ရှိတယ်။

အစိုးရ ၀န်ကြီးဌာနများရဲ့ ပြောရေးဆိုခွင့်နဲ့ ပါတ်သက်တဲ့ ကျောထောက်နောက်ခံပြုတဲ့ ဥပဒေ နည်းဥပဒေ၊ အမိန့် လူပ်ထုံး လုပ်နည်း ညွန်ကြားချက်မရှိပါဘူး။

ပြောရေးဆိုခွင့််ရှိသူတွေမှာ မူလ တာဝန်တွေရှိတယ်၊ အစည်းအဝေးတွေရှိတော့ သတင်းထောက်တွေ မေးတာကို ဒိုင်ခံဖြေကြားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ ဌာနတွင်း မှာရှိတဲ့ သတင်းတွေကို သူတို့ အားလုံးသိဖို့ဆိုတာ အခက်အခဲရှိနေပါတယ်။

မီဒီယာတွေကို ဖိတ်ကြားတဲ့ အခါ တန်းတူရည်တူ မဖိတ်ကြားတာဟာ ၊ နေရာထိုင်ခင်း အခက်အခဲရှိလို့ဖြစ်တယ်။

စတဲ့ လက်တွေ့ရင်ဆိုင်နေရတာတွေကို တစ်ယောက်ပြီးတစ်ယောက်ထပြောပါတယ်။

တကုယ်တော့ အစိုးရကလည်းပြည်သူ တင်တဲ့ အစိုးရဖြစ် ရောက်ရှိလာ မကြာသေးသလို မီဒီယာကလည်း ခုမှ ဖွံဖြိုးကာစ ၊ အစိုးနဲ့ မီဒီယာ ဆက်ဆံရေး ယဉ်ကျေးမှုကလည်း ကောင်းကောင်းမထွန်းကားသေးတဲ့ အချိန်၊

မို့ ဒီလိုပြ ဿနာ တွေ ရှိနေတာ သဘာဝ ကျပါတယ်။

ဒီပြ ဿနာတွေကို အမိန့်နဲ့ မဖြေရှင်း ၊ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းနဲ့ ဖြေရှင်းတာ ဒီမိုကရေစီ ယဉ်ကျေးမှု အစ ပြုနေခြင်းပဲဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ အတော်ကလေးပွင့်လင်း ပါတယ်။ မီဒီယာတွေက တဖက်၊ အစိုးရပြောရေးဆိုခွင့်ရှိသူတွေက တဖက် ၊ ပြန်ကြားရေးက တဖက် ၊ ဖက်သုံးဖက် အပြန်အလှန် တင်ပြချက်တွေပြီးတော့ နောက်ဆုံး ရလဒ် အဖြေ ၂၁ ချက် ထွက်လာပါတယ်။

အဲဒီအချက် ၂၁ ချက်ထဲမှာ

ပြောရေးဆိုခွငိ့ရ ပုဂ္ဂုလ်များ အနေဖြင့် လုပ်ပိုင်ခွင့် အတိုင်း အတာများကို သတ်မှတ်ပေးရန်၊ သတင်းအချက်အလက်မားပေးလိုက်ပြီးနောက် ပြဿနာ ဖြစ်လာပါက အကာအကွယ်ပေးနိုင်သည့် အမိန့်ညွန်ကြားခက် ဥပဒေများ ရေးဆွဲပေးရန်၊

ပြောရေးဆိုခွင့် ပုဂ္ဂိုလ် များအနေဖြင့် ဌာန တခုလုံး ၏ အချက်အလက်များ များသိရှိထားရန်၊

သတင်းမီဒီယာ သမားများ အနေဖြင့် ပြောသည့်အတိုင်း မ ဟုတ်ပဲ လိုချင်သည့် အပိုင်းကို ဖြတ်ယူပြီး သတင်းဖတ်သူ အနေဖြင့် အဓိပ္ပါယ် ကောက်လွဲနိုင်သည့် ရေးသားခြင်းမျိုး မပြုလုပ်ရန်

အစိုးရနှင့် မီဒီယာကြား ယုံကြည်မှု တည်ဆောင်ရန်

ဝန်ကြီးဌာန ၏ Website များတွင် မီဒီယာများ မေးတတ်သည့်သတင်းမျိုး ကို update တင်ပေးရန်

ပြောရေးဆိုခွင့် ပုဂ္ဂိုလ် များ အနေဖြင့် မီဒီယာများကို သတင်းပေးရမည်ဆိုသည်ကိုခံယူထားရန်

ဆိုရှယ်မီဒီယာ ကိုပိုမို အသုံးချကြရန်

ဝန်ကြီးဌာန အလိုက် ပြောခွင့်ရ ပုဂ္ဂုလ်များ အနေဖြင့် သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေပါ အချက်အလက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန်

တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ တွင်း သတင်းနှင့် ပါတ်သက်သည့် သတင်းဆက်ဆံရေး အရာရှိများ ခန့်အပ်နိုင်ရေးဆောင်ရွကပေးရန် ထားပေးရန်

စသော အချက် ၂၁ ချက်ပါသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။

သတင်းမီဒီယာဆိုတာကလည်း မှန်ကန်မှု တိကျမှု၊ မြန်ဆန်မှု၊ နဲ့ သမာတမတ်ကျမှုတွေနဲ့ ယက်လုပ် ထားတာမို့ အစိုးရဌာန တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိရင် ခိုင်ခန့် အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။

ဆွေးနွေးပွဲပြီးလို့ ၀န်းကြီး ဒေါက်တာဖေမြင့်နား ကပ်ပြီး ဆရာ မနက်က ကိုဘီအာနန် အဖွဲ့တွေ့တာ ဘယ်လို အခြေအနေရှိလဲ ဆရာ ရ ခိုင် အခြေနေ ကောင်းရဲ့လား ဆရာ လို့ ခတ်တိုးတိုးမေးပါတယ်။ သတင်းသမားတစ်ယောက် အနေနဲ့ အတဲ့ အခွင့် အရေး လေးကို အသုံးချပြီး လူတွေ စိတ်ဝင်စားမယ့် သတင်းကို ရသလောက် နိုက်ယူ လိုက်ပါတယ်။

ဆရာက လည်း သူ့လေသံ အသံ တိုးတိုးညှင်ညှင်သာသာ နဲ့ ကောင်းတယ်ဗျာ ကောင်းတယ်။ အများကြီးကောင်းတယ်။

ဆရာမျက်နှာ ပေါ်မှာ တိမ်ညိုကင်စင် နေတဲ့ ကောင်းကင် တခု ကိုတွေ့လိုက်ရပါတယ်။ မေးသူနဲ့ ဖြေသူကြားမှာ စကားလုံးတွေ ကိုသာ ကျနော်တို့ အသုံးပြုကြတာ မဟုတ်ပါဘူး။ ကိုယ်အမူအရာ နူတ် အမူအရာတွေနဲ့ပါ မေးကြ ဖြေကြတာပါ။ ဆရာ မျက်နှာ အရိပ်ကြောင့် ကျနော့်ရင်ထဲ အေးကနဲဖြစ်သွားပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ ရလဒ်တွေကလည်း ကောင်း၊ ကျနော်တို့ စိတ်ပူနေတဲ့ ရခိုင်ပြည်နယ်က သတင်းကောင်းတွေကိုလည်း သိလိုက်ရတော့ ဒီညနေဟာ ကျနော့်အတွက်တော့ ကောင်းသော ညနေခင်းတခု ပါ။

ရန်ကုန် အပြန်လမ်း ကားပေါ်မှာ ကျနော့်ဖုန်းထဲကို ရခိုင်သတင်းတွေ တခုပြီးတခု တက်နေပါတယ်။ တိုင်းရင်းမီဒီယာက ကိုခိုင်မြတ်ကျော် က လည်း ကျနော်တို့ ရခိုင်တွေက ဘူးသီးတောင် ၊ မောင်တော က တပ်မတော်သားတွေဆီ ငါးခြောက်ကျော်တွေ ပို့နေတယ်။ တပ်မတော်ကို ကျနော်တို့ ရခိုင်တွေ ထောက်ခံ အားကိုးနေကြတယ်လို့ ရခိုင်သံ ၀ဲဝဲ နဲ ပြောပါတယ်။

ခေါင်းဆောင်ကောင်းရဲ့ မဟာဗျူးဟာ ကောင်းပြီ ဆိုတော့ ကျနော်တို့ အောင်ပွဲတွေ တပွေ့တပိုက် နဲ့ အိမ်ပြန် ရပါပြီ။

စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အားသစ်တွေလည်း ရှိနေပါပြီ။

သားကြီးမောင်ဇေယျ ( ၂၀-၁၀-၂၀၁၆ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts