ကဗျာ

နှင်းခါးမိုး ● မီးခိုးတွေကိုမြင်နေရတုန်းပဲ

နှင်းခါးမိုး ● မီးခိုးတွေကိုမြင်နေရတုန်းပဲ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆


ရင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေက
ငြိမ်းချမ်းရေးလိုချင်တယ်ပြောတာ ငါမယုံဘူး

မေတ္တာတရားမရှိရင်
တရားမျှတမှုမရှိရင်
အစာမ၀တဲ့အသွေးအသားတွေဟာ
မနက်မိုးလင်းတာနဲ့ စစ်တိုက်နေကြမှာပဲ

ခင်ဗျားတို့ရဲ့ အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေး
မြွေအလမ္မါယ်ဆန်တဲ့ငြိမ်းချမ်းရေး
ကြေးစားဆန်တဲ့ငြိမ်းချမ်းရေး
ဧည့်ခန်းဆောင်နိုင်ငံရေးရဲ့သားပြော မယားပြော ပြက်လုံး

ဇာတ်ခုံပေါ်ကငြိမ်းချမ်းရေး
ဆိုင်းဘုတ်ပေါ်ကငြိမ်းချမ်းရေး
သတင်းစာခေါင်းစီးထဲကငြိမ်းချမ်းရေး
သံချပ်ထဲကငြိမ်းချမ်းရေး
ကျမ်းသံပေသံငြိမ်းချမ်းရေး
လက်ဖက်ရည်ပန်းကန်လုံးထဲက ငြိမ်းချမ်းရေး
ပွဲဈေးရှိရင် လူဆူမယ် ဖုတ်ထူမယ် ညှော်နံ့လည်းပူမယ်

ကျောင်းတက်ချင်တယ်
ရုပ်ရှင်ကြည့်ချင်တယ်
လရောင်အောက်က တောင်ယာတဲလေးမှာ
ချစ်သူသဘက်လေးကို ခဏယူခြုံချင်တယ်
အဲဒီလိုညလေးတညအတွက်
ဘဝတွေကိုပေးခဲ့ကြတာပါ
တန်ရာတန်ဖိုးတွေပေးခဲ့ကြတာပါ

မြို့ကြီးသားတွေယူလာမယ့်လက်ဆောင်က
ဒီနေရာကိုလမ်းမပေါက်သေးဘူး
လျှိုထဲကိုရေဆင်းခပ်တာ
သူ့ခြေထောက်တဘက်ကျန်ခဲ့တယ်
ပလပ်စတစ်ကလစ်ကလေးတချောင်းဟာ
အဲဒီအပျိုမလေးရဲ့အိပ်မက်ပဲ
လူကြီးမင်းများငြိမ်းချမ်းကြပါစေ
နေလောင်ထားတဲ့ ဆံတောက်ကလေးပေါ်မှာ
တောပန်းကလေးပွင့်ပါစေ။   ။

နှင်းခါးမိုး

Credit : စိတ်ကူးတေးသီ Blog
http://nykomme.blogspot.com/2013/11/blog-post.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts