ရသဆောင်းပါးစုံ

လင်းထင် ● ဆော့ဖ်ပါဝါ

လင်းထင် ● ဆော့ဖ်ပါဝါ
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆

ဟားဗတ်က ဂျိုးဆက်ဖ် နိုင်း ပြောတဲ့ ဆော့ဖ်ပါဝါဆိုတဲ့သဘောကို … ဟို.. ဗမာပြည်ရောက်လာတယ်ဆိုတဲ့ ဗီယက်နမ် ကလေးလေးကို ကြည့်ရင်း အတော်သဘောပေါက်လာတယ်။

 

မြန်မာပြည်ကိုလာတဲ့ လူမှုကွန်ရက် အွန်လိုင်းမှာ နာမည်ကျော် လူချစ်လူခင်များသူ ဗီယက်နမ်ကလေး Bibo
Photo Credit : ‎Edn Shwe Wutt Mhone‎ @ We Love BIBO ♡ Myanmar Facebook Page

 ဗီယက်နမ်တွေ ခွေးသားသိပ်စားတာ.. ဗီယက်နမ် ကွန်စထပ်ရှင်ရှိတဲ့ ရပ်ကွက်ဆို ခွေးတွေကုန်ရောဆိုတဲ့ ပုံရိပ်ကနေ… တပွေ့တပိုက် ကလေးလေးပုံရိပ်နဲ့ လူတွေကြား ထိုးဖောက်နိုင်တာ ဆော့ဖ်ပါဝါပေါ့။

ကိုရီးယား အပျော့ပါဝါလည်း အတော်စွမ်းတာနော်.. အလက်ထရောနစ် ပစ္စည်းတွေတင် ထိုးရောင်းတာမဟုတ်ဘူး.. ကေ ပေါ့ပ် ကင်မ်ချီ ပဲခေါက်ဆွဲ အညာဆီယော် အကုန်တွဲထည့်ရတာ။

ဂျိုးဆက်ဖ် နိုင်း  (အငယ်) Joseph Samuel Nye, Jr.
(ဖွား ဇန်နဝါရီ ၁၉၊ ၁၉၃၇)


ဆိုတာ ပေါ့ပ် ကားလ်ချားထဲမှာ နေရာ စပေ့စ်ရအောင် လုပ်တာပဲ။  ထစ်ကနဲရှိ ပုဂံအဝတ်အစားဆိုပြီး ဇာတ်ဝတ်ဇာတ်စားတွေ ဝတ်တာလောက်နဲ့ ဘယ်ရမလဲ။

နောက်.. ကိုယ့်ယဉ်ကျေးမှု တင်သွင်းမယ်.. ဈေးကွက်ထဲ အောင်မြင်အောင်လုပ်နိုင်ဖို့ဆို ကိုယ်နှိုက်က စိတ်နှလုံးသား ကျယ် ပြောဖို့ လိုမယ်။  မျိုးချစ်စိတ်တွေ ဘာတွေပြောပြီး ဘယ်လို ချစ်ရမလဲဆိုတာ မသိဘဲ ပညာမဲ့ နုံနဲ့နေရင် ဗိုလ်စိန်မှန်ကွင်းထဲက အရူးအုပ်ထဲပဲ ရောက်သွားလိမ့်မယ်။  ဘယ် တိုင်းခြား ပြည်ခြား ရေမြေခြားသူကိုမှ ဆော့ဖ်ပါဝါနဲ့ သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး။

ဂျိုးဆက်ဖ် နိုင်း (အငယ်) စာအုပ် (၂၀၀၄)


ပညာမဲ့ တဇောက်ကန်းလေ ပုံရိပ်ပျက်လေပဲ။  ၂၀၀၇ တုန်းက ဆာဖရွန် တော်လှန်ရေးဆိုပြီး ချစ်ခြင်းကို အခြေခံ.. အားနည်း မွဲငတ်သူတို့ဘက်က ရပ်တည်ပြီး အာဏာရှင်ကို ဖီဆန်ခဲ့တဲ့ အင်မတန် အင်အားကောင်းလှတဲ့ပုံရိပ်ဟာ သူခိုး ဂျပိုး ဇရိုက်နဲ့ လူမိုက်ဂိုတ်ထုတ်နေတဲ့ ဘုန်းကြီးတချို့ကြောင့် ရစရာမရှိတော့ဘူး။

ဒီတော့ တရားမှုမျှတမှုဘက်ကိုင်းညွတ်တဲ့ ကောင်းမြတ်ခြင်းအခြေခံမူက သွေဖည်ရင်လည်း ဘာ ဆော့ဖ်ပါဝါမှ မကယ်နိုင် ဘူး.. သူယုတ်အဖြစ် ကဲ့ရဲ့ခံရမှာပဲ။  အထင်သေး စက်ဆုပ်ခံရမှာပဲ။

လင်းထင်
စင်တင်ဘာ ၁၆ ၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts