စာစုတို မေငြိမ်း

မေငြိမ်း ● ဒီနေ့ ပိုလွမ်းတယ် ဂျွန်..

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မေငြိမ်း ● ဒီနေ့ ပိုလွမ်းတယ် ဂျွန်..
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆

 ဘယ်သူဟာ သေခြင်းအတွက် အဆင်သင့်ဖြစ်လဲ စဉ်းစားရင် ပထမဆုံးသတိရတာ.. ခင်ဗျားပါပဲ ဂျွန်။ အဲလ်ဗစ်လို ကိုယ့် ဘာသာ မရွေးချယ်ခဲ့ပေမဲ့ အနုပညာနဲ့ လူသားဖြစ်တည်မှုကို ခန့်ညားလေးစားတဲ့ ခင်ဗျားဟာ သေခြင်းအတွက် အဆင် သင့်ရှိနေခဲ့ပြီးသားလို့ ယုံတယ်။ ငြိမ်းချမ်းရေးကို ချစ်တာက လူသားဖြစ်တည်မှုကို ချစ်တာလို့ ခင်ဗျားပြလို့ ကျမ တွေ့ခဲ့တာ သိလား။ ဘာအရေးကြီးလဲ စဉ်းစားတော့ ဒီကနေ့ကို တည့်တည့်ရင်ဆိုင်ဖို့သာ အရေးကြီးတာလို့ ကျန်ရစ်သူ ယိုကိုဆီက ကျမရတယ်.. ဟုတ်လား.. မိန်းမတယောက်ကြောင့် ဂီတ အမြုတေတခု ပြိုကွဲခဲ့တယ်တဲ့လား။ ဒါဆို ရော့ခ်ဘုရင် ၄ ပါးရဲ့ ဂုဏ်သိက္ခာနဲ့ ချစ်ခြင်းတရားရဲ့နက်ရှိုင်းမှုကို ထိခိုက်ပါ့မယ်… ။ အချစ်ဆိုတာရယ်.. အနုပညာရယ်ဟာ တူတူပဲ.. တခါတ လေမှာ နားလည်ရ ခက်လောက်အောင် လျို့ဝှက်တယ် .. မဟုတ်လား..။ လောကထဲအနေရခက်လာရင်လည်း ခင်ဗျားကိုပဲ သတိရတာပဲ ဂျွန် .. ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ ယိုကို ရင်ဆိုင်နိုင်ခဲ့ကြတယ်။ ခင်ဗျား ယောဂကိုလည်း တွေ့ခဲ့တယ်.. ယောဂီကို လည်း ကြုံခဲ့တယ်.. ကြေကွဲ တာတွေ ပျောက်ရှတာတွေ .. ကိုယ့်ကိုယ်ကိုအတွက် လုပ်ချင်တာလုပ်တာတွေ.. လူတွေအတွက် ခင်ဗျားရဲ့ အချစ်တွေ.. ခင်ဗျားဟာ အနုပညာပဲ ဂျွန်.. ဒါနဲ့ ခင်ဗျား သစ္စာရော မဲ့ခဲ့ဖူးမလား..။ သစ္စာမဲ့ ခံခဲ့ရဖူး မှာတော့ သေ ချာသလောက်ပဲ … အနုပညာသမားမှန်ရင် တစုံတယောက်.. ဒါမှမဟုတ်.. ဒါ့ထက်မက သစ္စာဖောက် ခံခဲ့ကြရတာ လောကနိ ယာမ တခုလိုပါပဲ။

ဂျွန်ရယ်.. ခုထိတော့ ကျမ နှလုံးသားမှာ ဘယ်အရာကမှ ခင်ဗျားရဲ့ Imagine ကို မကျော်နိုင်သေး.. ခင်ဗျားပြောခဲ့ဖူးသလိုဆို ခင်ဗျားရဲ့ ယိုကိုဆီက မြစ်ဖျားခံတာပါဆိုတဲ့ Imagine က ခုထိ ကျမကို တမြည့်မြည့် နာကျင်နေစေဆဲ…။ အို.. လူအများ ကြီးကို.. ဒါမှမဟုတ်.. လူတိုင်းကို နာကျင်နေစေဆဲ ဖြစ်နိုင်ပါတယ်..။ ခင်ဗျားပြောတဲ့  I’m not the only one … I hope someday you’ll join us .. ဆိုသလို။

ဒီနေ့ သိပ်လွမ်းတာပဲ ဂျွန် ..
ဒီနေ့ သေခြင်းအကြောင်း စဉ်းစားမိတယ်..
ဒီနေ့ တာရာမင်းဝေ ပြောဖူးတဲ့ ‘ကိုယ့်ကိုယ်ကို လေနဲ့ မှုတ်ပြီး ငြှိမ်းပစ်လိုက်ချင်တယ်’ ဆိုတာကို သတိရတယ် ..

ဒီနေ့ … သမီးတယောက်ရဲ့ စာတိုလေးတစ်စကနေ အတွေးရပြီး သစ်ပင်တွေကြားထဲ .. ဒါမှမဟုတ် ပင်လယ်လှိုင်းသံတွေ ကြားထဲပဲ နေရရင် ကောင်းမှာပဲလို့ ခံစားရတယ်..

ဒါနဲ့ ခင်ဗျားကို ပိုသတိရတော့တာပဲ ဂျွန် .. ကောင်းကင်ဘုံမှာ နေလို့ပျော်လား ဂျွန်…

မေငြိမ်း
စက်တင်ဘာ ၁၆၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts