သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● ချေးငွေများအကြောင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင် (မုံရွာ) ● ချေးငွေများအကြောင်း
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆

(၁)
ဆင်းရဲမွဲတေ အကြွေးတင်နေသူတဦးကို  မိတ်ဆွေ သူဌေးတဦးက ရောင်းမစားနိုင်တဲ့ဆိုင်ခန်း ငွေချေးဆောက်ပေးပြီး အ ခန်းငှားစားတာနဲ့ နှစ်အတန်ကြာတဲ့အခါ အကြွေးတွေကျေပါတယ်။ ဆင်းရဲသားကနေ သူဌေးတောင် ဖြစ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံလဲ ဆင်းရဲမွဲတေရာကနေ ချေးငွေ များစွာရရှိပြီး စီမံခန့်ခွဲတတ်ရင် ချမ်းသာကြွယ်ဝလာနိုင်ပါတယ်။

ချေးငွေ ဆိုရင် ဘယ်သူမှမကြိုက်ကြပါဘူး။ ချေးငွေကို စီမံခန့်ခွဲမှုအားနည်းရင် (တနည်းအားဖြင့် ခြစားမှုများရင်) အကျိုးထက် အဆိုးဖက် များပါတယ်။ ချေးငွေ စီမံနိုင်တဲ့ ဘောဂဗေဒပညာရှင်၊ ကုန်ထုတ်လုပ်ငန်းပညာရှင်များ ပွင့်လင်းစွာလုပ်ကိုင်ကြဖို့ (ခြမစားနိုင်ဖို့) စနစ်တခု ရှိနေရင် ချေးငွေက အလွန်ကောင်းလှပါတယ်။ မြန်မာအစိုးရကတော့ ရသရွေ့ချေးမှာပဲ ဖြစ်ပါတယ်။ လွှတ်တော်က လွှတ်တော်ငွေကြေးစိစစ်ရေးအဖွဲ့လည်း ရှိပါတယ်။ ပြင်ပအဖွဲ့အစည်း အင်စတီကျူးရှင်းများကလည်း ပံ့ပိုး ကူညီဖို့လိုပါတယ်။

မြန်မာနိုင်ငံတော် အစိုးရ ထုတ်ပြန်ချက်အရ ၂၀၁၆ အထိ ချေးငွေပမာဏနဲ့ ဂျီဒီပီ အချိုး Debt per GDP = 16.7% ရှိနေပါတယ်။ မြန်မာ မီဒီယာတွေမှာ ချေးငွေဆိုရင် စိတ်ပျက်တဲ့အကြောင်းတွေ ဝေဖန်ကြပါတယ်။ နိုင်ငံတကာအဆင့်မှာတော့ မြန်မာပြည် အကြွေး US$6.6 billion (2014) ရှိတဲ့အတွက် နိုင်ငံတကာအကြွေးပမာဏ နည်းပါးနေပေမဲ့ မကြာခင် အ ကြွေးတွေ များပြားလာတော့မယ် ဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေ စီမံခန့်ခွဲမှု၊ ချေးငွေ အကျိုးသက်ရောက်မှုတွေကို စနစ်တ ကျ စစ်ဆေးမှတ်တမ်းတင်ဖို့ လိုအပ်နေပါတယ်။ ချေးငွေ ကမ်းလှမ်းလာတိုင်း ယူမယ်ကွာ ဆုံးဖြတ်ခြင်းဟာ အနာဂါတ်မြန်မာ မျိုးဆက်သစ်အတွက် ဝန်ထုပ်ကြီး ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် ချေးငွေနဲ့ပတ်သက်တဲ့အကြောင်းတွေ ရှာဖွေဖတ်ရှု ရင်း ဒီဆောင်းပါးကို ရေးပါတယ်။

● ကမ္ဘာ့နိုင်ငံများ
နိုင်ငံအလိုက် ချေးငွေစာရင်း ၂၀၁၆ ကိုကြည့်ရင် အကြမ်းဖျင်း ၁။ချေးငွေပမာဏနဲ့ ၂။ ချေးငွေ-ဂျီဒီပီ အချိုးအစားဆိုပြီး ၂ မျိုး ခွဲပြီး စီးပွားပညာရှင်များက လေ့လာသုံးသပ်ပါတယ်။ ချေးငွေအများဆုံး နိုင်ငံများဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများဖြစ်ပြီး သူတို့ရဲ့ ချေးငွေ-ဂျီဒီပီ အချိုးအစားကလဲ အလွန်များပါတယ်။ list of country by external debt ကိုကြည့်ခြင်းအားဖြင့် ချေးငွေဆိုတာ စီးပွားပညာရှင်များက စနစ်တကျအသုံးချနိုင်ရင် ကောင်းတဲ့အရာပါ။ တိုင်းပြည်တွင်းမှာ ချေးငွေစီမံနိုင်တဲ့ ဘောဂဗေဒပညာရှင်၊ ကုန်ထုတ်လုပ်ငန်းပညာရှင်များ ပွင့်လင်းစွာလုပ်ကိုင်ကြဖို့ (ခြမစားနိုင်ဖို့) အရေးကြီးဆုံးဖြစ်ပါတယ်။

(၂)
● မြန်မာနိုင်ငံ
လွှတ်တော်မှာ အစိုးရအဖွဲ့က ချေးငွေအတည်ပြုပေးဖို့ တင်ပြလာတာလဲ ချေးငွေနဲ့ ဘယ်လိုလုပ်မယ်။ ဘယ်လိုအကျိုးရှိမယ် ဆိုတာ ကိန်းဂဏန်းနဲ့ ပြနိုင်ခြင်း (Justification) ကိုယ်စားလှယ်များ နားလည်အောင်လဲ မပြနိုင်ပါ။ လွှတ်တော် ချေးငွေ စိစစ်ရေးအဖွဲ့ကလည်း များသောအားဖြင့် အတည်ပြုလိုက်တာပါပဲ။ မဲခွဲဆုံးဖြတ်ရင်လဲ မထူးဘူးဆိုတော့ အတည်ပြုလိုက်ရ တာပါပဲ။ ပြည်ပကမ်းလှမ်းလာတဲ့ ချေးငွေများကို ရသရွေ့လက်ခံမယ်၊ သုံးမယ်၊ နောက်လူတွေက အကြွေးဆပ်ကြမယ် ဖြစ် နေပါတယ်။

ဒီဆောင်းပါးဖတ်သူများ နိုင်ငံချေးငွေကို စီမံခန့်ခွဲသူများ မဖြစ်လာတောင်မှ မိမိလုပ်ငန်း၊ မိမိအိမ်ထောင်စုအတွက် လုပ် ငန်းတိုးချဲ့ဖို့၊ အိမ်ဝယ်ဖို့၊ ပညာသင်ဖို့ ချေးငွေလိုအပ်မှာပါ။ ဒီလို ဘဏ်ချေးငွေများ အလွယ်တကူရရှိလာမဲ့ အချိန်ကာလ မဝေးတော့ပါဘူး။ အခုဆို အသုံး သိပ်မကျတဲ့ ကွန်ပြူတာ၊ မိုဘိုင်းဖုန်း၊ တီဗွီ၊ လျှပ်စစ်ပစ္စည်းတွေ အကြွေးနဲ့ရောင်းတဲ့ စနစ် တွေကြောင့် လူငယ်များ အကြွေးတင်နေကြပါပီ။ လူကြီးတွေလည်း မိသားစု စားဝတ်နေရေးအတွက် ငွေတိုးချေးစားသူများ အသေးစားငွေချေးလုပ်ငန်းများမှာ အကြွေးတင်နေကြပါပြီ။ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် မသုံးနိုင်တော့ အိမ်ပေါင်၊ မြေပေါင် နဲ့ အကြွေးနဲ့သိမ်းခံရသူများစွာ ရှိနေကြပါပီ။ ခေတ်ဟောင်း ခေတ်သစ် အစ္စရေး၊ အမေရိကနဲ့ ဂျပန်၊ ခေတ်သစ် တောင် ကိုးရီးယား၊ စင်ကာပူ၊ တရုတ်ပြည် စတဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးတွေမှာ အမျိုးသားချင်း အတိုးပေးစားတဲ့ ဝိသမလုပ် ငန်းများကို အစိုးရက အလွန်ကျူးမဖြစ်အောင် ထိန်းချူပ်ကြပါတယ်။ အောင်လည်း အောင်မြင်ကြပါတယ်။

ချေးငွေဆိုတာ မသုံးစွဲတတ်သူလက်ထဲ ရောက်သွားရင် အဲဒီလူရဲ့မိသားစု အကြွေးပိပြီး ပျက်စီးရပါတယ်။ မကြာခင်မှာ အ ကြွေးကဒ်စနစ် (ခရက်တကဒ်) မြန်မာပြည်ကိုရောက်လာချိန်မှာ အိမ်မြေခြံ များလည်း အကြွေးနဲ့ဝယ်နိုင်တဲ့ ခေတ်က ရောက်လာတော့မှာပါ။ လောလောဆယ်တော့ ဘဏ်များ အသေးစားငွေချေးလုပ်ငန်းများက ချေးငွေစနစ်ကို အစိုးရထိမ်းချုပ် မှု အလွန်အရေးကြီးနေပါတယ်။

အကြွေးဆို မေတ္တာကြွေးကလွဲပြီး ဘာမှ အကြွေးမတင်တာကောင်းပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အတိုးနည်း နှစ်ရှည်ချေး ငွေများ ဥပမာ အိမ်ဝယ်ခြင်း၊ ပညာသင်ခြင်း စတဲ့ ချေးငွေများက မိမိ နဲ့ မိသားစုအတွက် ကောင်းပါတယ်။ နိုင်ငံအတွက်ဆိုရင်လဲ လျှပ်စစ်၊ ဆည်မြောင်း၊ လမ်းတံတား လုပ်ငန်းများအတွက်ဆိုရင် ချေးငွေအားလုံးက ကောင်းတာချည်းပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ချေးငွေစီမံနိုင်တဲ့ ဘောဂဗေဒပညာရှင်၊ ကုန်ထုတ်လုပ်ငန်းပညာရှင်များ ပွင့်လင်းစွာလုပ်ကိုင်ကြဖို့ (ခြမစားနိုင် ဖို့) အရေးကြီးဆုံးဖြစ်ပါတယ်။

ဝမ်းသာစရာကောင်းတာကတော့ မြန်မာနိုင်ငံ အစိုးရနဲ့လွှတ်တော်၂ ရပ်မှာ စီးပွားရေးပညာရှင်များ ရှိနေပြီဖြစ်ပြီး ခေါင်းဆောင်ကောင်းတွေလည်း နေရာရရှိနေပြီ ဖြစ်ပါတယ်။ ခြစားမှုထိန်းကြောင်းမဲ့ စနစ်တခုကို စတင်အကောင်းထည်ဖေါ် နေပါတယ်။ လက်ရှိအခြေအနေမှာ ဌာနဆိုင်ရာများက လုပ်ပိုင်ခွင့်လွန်ကြူးစွား အသုံးချ ခြစားနေခြင်းကို တားမြစဖို့ အရေး တကြီး လိုအပ်နေပါပီ။

(၃)
● ပြည်တွင်းချေးငွေများ
အစိုးရသစ် တိုင်းပြည်ပြန်လည်တည်ထောင်ရေးအတွက် အသေးစားနဲ့အလတ်စား စီးပွားလုပ်ငန်းတွေကို JICA အကူညီ ချေးငွေ ပေးနေပါတယ်။ မကွေးတိုင်းဒေသ အစိုးရ ထုတ်ပြန်ချက်အရ မကွေးတိုင်းအတွင်း စီမံကိန်းအရ ကျပ်ဘီလျှံ၃၀ (US$ 24 million) ငွေချေးပေးမယ်။ အသေးစားနဲ့အလတ်စား လုပ်ငန်းပေါင်း ၁၉၀၀၀ ကျော်ရှိကြောင်း၊ ရွေးချယ်ခံရတဲ့ လုပ်ငန်းကို အနည်းဆုံး ကျပ်သိန်း ၁၅၀ ကနေ ကျပ်သိန်း ၅၀၀၀ အထိ ချေးပေးမဲ့ သတင်းဖြစ်ပါတယ်။ သိန်း ၅ ထောင် ချေး ငှားတယ်ဆိုတာ အသေးစား၊ အလတ်စား မဟုတ်တော့ပါ။

ဒီလို ချေးငွေများ သိန်းထောင်နဲ့ချီ ရရှိဖို့ အများကြီး အကုန်ကျခံ ပေးကမ်းရတာ စီးပွားလုပ်ငန်းရှင်တိုင်း သိပါတယ်။ ချေးငွေ ကို စိစစ်ရေးလုပ်မဲ့ အဖွဲ့လည်းမရှိပါ။ အချိန်တန် ချေးငွေ တိုးရင်းပြန်ဆပ်ဆိုပေမဲ့ တခါက ရေလုပ်ငန်းဝန်ကြီးဌာနမှာ ချေးငွေ ပြန်မဆပ်တဲ့ လုပ်ငန်းရှင်ပေါင်း ရာနဲ့ချီ သတင်းစာမှာကြေညာထားတာကို တွေ့ဖူးပါတယ်။ ယခင်က ပစ္စလက်ခတ် ကိုယ့် လူကို ချေးငှားပေးတဲ့စနစ်ကနေ ယခုအစိုးရသစ်အဖို့ ချေးငွေယူထားတဲ့ ကုမ္ပဏီများကို လုပ်ငန်းစီစစ်ရေး (မရှုံးစေဖို့၊ အလွဲ မသုံးစေဖို့) ထိမ်းသိမ်းပေးရမှာ ဖြစ်ပါတယ်။ အပေါင်ပစ္စည်းထားပြီး ချေးပေးမယ်ဆိုပေမဲ့ လူငယ် အသက် ၂၅ နှစ်အောက် လုပ်ငန်းရှင်လေးများကို ဦးစားပေးချေးငှားဖို့ လိုပါတယ်။

လူငယ်များအဖို့ လုပ်ငန်းအစီအစဉ် တင်ပြမှုကောင်းတယ်ဆိုရင် စင်ကာပူနဲ့တရုပ်ပြည်ကြီးလို ချေးငွေပေး ဦးစားပေးရမှာ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ ချေးငွေရယူပြီး မလုပ်သင့်တဲ့လုပ်ငန်းအမျိုးစားကို လုပ်ခြင်းဖြစ်ပါတယ်။ ဥပဒေအရတော့ ဒါမျိုးမလုပဖို့ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ လည်ဝယ်သူများကတော့ ထီရောင်းလုပ်ငန်း၊  ငွေတိုးချေးလုပ်ငန်း၊  ကုန်အရောင်းဝယ်လုပ် ငန်း၊ ဇိမ်ခံ ဟိုတယ်၊ ဇိမ်ခံ စားသောက်ဆိုင်၊ အပန်းဖြေလုပ်ငန်းများ စတဲ့ ထုတ်ကုန်လုပ်ငန်းမဟုတ်တဲ့ ဝန်ဆောင်မှုများအတွက် အသုံးချနေမှာပါ။ ထိမ်းသိမ်းပေးမဲ့ အဖွဲ့တော့ ရှိလာရင်တော့ အစိုးရချေးငွေတွေ နေ့ချင်းညချင်း အကျိုးရှိလာမှာဖြစ်ပါတယ်။

ပြည်တွင်း ချေးငွေများကတော့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အတိုးပေးရပါတယ်။ ဒါကြောင့်လည်း ဘဏ်များ၊ အသေးစား ချေးငွေလုပ်ငန်းများစွာ နိုင်ငံခြားကနေ မြန်မာပြည်တွင်း တသဲသဲ ဝင်လာနေပါတယ်။ လိုင်စင်မဲ့ ငွေချေးလုပ်ငန်း ကိုတွေ ပပျောက်ဖို့လည်း အစိုးရက အရေးယူဖို့ ကြိုးစားနေရပါတယ်။

အမျိုးသားချင်း အတိုးပေးစားတဲ့ နေ့ပြန်တိုး၊ လယ်ပေါင် အိမ်ပေါင် စာချုပ်လိမ်များ နည်းပါးသွားရင် တိုင်းပြည်စီးပွား တဟုန် ထိုး တိုးတက်လာမှာ ဖြစ်ပါတယ်။

(၄)
● နိုင်ငံတကာချေးငွေများ
တိုင်းပြည်စီးပွားရေး ကောင်းဖို့ဆိုတာ ချေးငွေကိုကောင်းစွာအသုံးချနိုင်မှုအပေါ် လုံးဝမူတည်နေပါတယ်။ သယံဇာတတွေ အကြီးအကျယ်ထွက်တဲ့ တောင်အာဖရိက၊ မလေးရှား စတဲ့နိုင်ငံတွေမှာလည်း နိုင်ငံတကာချေးငွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ရပါတယ်။ နိုင်ငံတကာ ချေးငွေ ရရှိဖို့ထက် ချေးငွေကို အကျိုးရှိအောင် သုံးစွဲနိုင်ဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။

Soft Loan ဆိုတဲ့ အတိုးနှုန်းနည်းပါးတဲ့ နှစ်ရှည်ချေးငွေများစွာ ဂျပန်ဂျိုင်ကာ၊ အမေရိကန် ကမ္ဘာ့ဘဏ်၊ အာရှ အေဒီဘီ၊ ဥရောပ အိုင်အမ်အက် စတဲ့ တိုးတက်တဲ့ နိုင်ငံတကာဘဏ်ကြီးများက ချေးပေးပါတယ်။ လက်ရှိ မြန်မာနိုင်ငံကို Soft Loan များကတော့ တနှစ်အတိုးငွေ ၁ ရာခိုင်နှုန်း၊ ၈ နှစ်ပေးစရာမလိုတဲ့ ဆိုင်းငံ့ကာလ၊ ကျန်တဲ့ ၂၄ နှစ်ကို အတိုးနှုန်း ၁.၅ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းက အပေါ်ယံကကြည့်ရင် တော်တော်ကောင်းလို့ လွှတ်တော်မှ မေးမြန်းစရာတောင်မလိုပဲ အတည်ပြု ရပါတယ်။

တကယ်တော့ နိုင်ငံတကာချေးငွေဆိုတာ မြန်မာအာဏာပိုင်များ ခြမစားနိုင်အောင် နိုင်ငံတကာအကြံပေးအဖွဲ့ (Consultant) နဲ့ လုပ်ကြတာပါ။ နိုင်ငံခြားကုမ္ပဏီနဲ့ ထိပ်တန်းအာဏာပိုင်များကာ စာချုပ်စာတမ်းနဲ့ လှည့်ဖျား ခြစားနိုင်တာပါ။ ဒါကြောင့် ကိုယ့်နိုင်ငံသား ပညာရှင်တွေက စာချုပ်ကို အချိန်တိုအတွင်း အသေးစိတ်လေ့လာ အကျိုး/အဆိုးတွေကို စီစစ်နိုငဖို့လိုပါတယ်။ အခုပြုပြင်ပြောင်းလဲမှုအစမှာ ချေးငွေပေးသူ ပြုသမျှ နုရမဲ့ အခြေအနေပါ။ မြန်မာပြည်မှာ ချေးငွေများအားလုံးကို စီစစဖို့ လုံလောက်တဲ့ ပညာရှင်တွေ မရှိပါဘူး။

သို့သော်လည်း အဲဒီလို Soft Loan များမှာ မမြင်နိုင်တဲ့ အကျိုးစီးပွားများ ပါဝင်ပါတယ်။

၂၀၁၄ မှာ တရုပ်ပြည် China Export Import Bank က အာဖရိက အင်ဂိုလာနိုင်ငံကို ဒေါ်လာ ၂ ဘီလျှံ နှစ်ရှည်ချေးငွေ ဖြစ်ပါတယ်။ အတိုးနှုန်းမရှိသလောက် နည်းပါးပေမဲ့ အင်ဂိုလာကမ်းလွန်ရေနံရှာဖွေခွင့် ပေးရပါတယ်။ ဒါမျိုးကတော့ အစိုးရရဲ့ အဂတိလိုက်စားမှုဆိုတာ ထင်ရှားလှပါတယ်။ နှစ်ရှည် နှစ်တိုချေးငွေ ဆိုတာ အခုအစိုးရလက်ထက်မှာ မထိခိုက်ပေမဲ့ အ ကျိုးရှိအောင်မသုံးနိုင်ရင် နောက်၁၀နှစ်ကြာတဲ့အချိန် အစိုးရနဲ့ နိုင်ငံသားများအဖို့ မရှုမလှခံရပါတယ်။

ဥပမာ သင်ခန်းစာကြီးတခု .. မြန်မာနိုင်ငံ စစ်အစိုးရလက်ထက် ၁၉၆၂ ကနေစပီး ရသမျှ ချေးငွေများယူ မလိုအပ်တဲ့ စက်ရုံ ဆည်မြောင်းတွေ ပညာမဲ့စွာ ဆောက်ခဲ့ကြပါတယ်။ နှစ်၂၀ ကျော် ကြာချိန် ၁၉၈၇ ခုနှစ်မှာ နှစ်စဉ်ပေးရမဲ့ တိုးရင်းငွေကိုတောင်မှ မပေးနိုင်တော့တဲ့အတွက် ကမ္ဘာ့အဆင်းရဲ မွဲတေဆုံး နိုင်ငံအဖြစ် ကြေညာခဲ့ရပါတယ်။ ၈၈ အရေးအခင်းကြီး ဖြစ်လာပြီး စစ်အာဏာရှင်ကြီး ဦးနေဝင်း အရှက်ကွဲ ရာထူးနှုတ်ထွက်းခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကမှ ငွေမချေးတော့ပါဘူး။ ပြန်မဆပ်နိုင်တော့တဲ့ နိုင်ငံကို ဘယ်နိုင်ငံကမှ ငွေမချေးတော့ တရုတ်ဝိသမစီးပွားသမား ဘိန်းဘုရင် များနဲ့ ပေါင်းသင်းပြီး တရုတ်အစိုးရထံကပဲ ငွေချေး ပစ္စည်းဝယ်ခဲ့ရပါတယ်။ အကျင့်ပျက်ခြစားသူများ ကျိကျိတက် ချမ်းသာ သွားပေမဲ့ နိုင်ငံသားများကတော့ ပိုပြီး ဆင်းရဲမွဲတေသွားကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

၂၀၁၂ နောက်ပိုင်း သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဂျပန်၊ အမေရိကန်၊ ဥရောပတွေကို တွေ့ဆုံ၊ တောင်းပန်ပြောဆိုရာက ဂျပန် နိုင်ငံက ကြွေးမြီတွေ လျှော်ပေးပြီး၊ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက ငွေချေးရယူနိုင်ခွင့် ပြန်လည်ရရှိလာခဲ့ပါတယ်။

အတိတ်ဆိုတာ သင်ခန်းစာယူဖို့ဖြစ်ပါတယ်။

(၅)
● အကျိုးမရှိပဲတော့ ချေးငွေမပေးကြပါ
နိုင်ငံတကာလောကမှာ ဘယ်အဖွဲ့အစည်းကမှ သူတို့အကျိုးမရှိပဲ အလကားပေးတဲ့ ချေးငွေမရှိပါဘူး။ ဥပမာ ကမ္ဘာ့ဘဏ် ချေးငွေတွေ ပေးမယ်ဆိုရင် ကမ္ဘာ့ဘဏ်နဲ့အတူ လိုက်ပါလာမဲ့ အမေရိကန်ကုမ္ပဏီများစွာ မြန်မာပြည်လာရောက်ကြပါတယ်။ ချက်ချင်းလက်ငင်း အမြတ်တွေ တနှစ်အတွင်း ရတဲ့လုပ်ငန်းကတော့ အသေးစားငွေချေးလုပ်ငန်းများ ဖြစ်ပါတယ်။ ကာကွယ်လို့ မရပါဘူး။ အမေရိကန်ပစ္စည်းများကို အကြွေးနဲ့ရောင်းချပေးတဲ့ လုပ်ငန်းများကို မြန်မာပြည်မှာ ကမ္ဘာ့ဘဏ်ကို မှီပြီး လာရောက်ရင်းနှီးကြပါတယ်။ အလားတူ အင်ဂျီအိုများ ကုလသမဂ္ဂအဖွဲ့များလည်း သူတို့နဲ့ဆက်နွယ်နေတဲ့ ကုမ္ပဏီ များက အတူလိုက်လာလေ့ ရှိပါတယ်။

ဒါကြောင့် ချေးငွေ စိစစ်ရေးကော်မတီဆိုတာ အမျိုးသားစိတ်ရှိရုံသာမက အတွေ့အကြုံကြီးမားသူ၊ ပညာတတ်၊ ပရိုဖက်ရှင် နယ် ဖြစ်ရပါမယ်။ သို့မဟုတ်ရင် စစ်အာဏာရှင် ခေတ်ထက်တောင် ဆိုးသွားနိုင်ပါတယ်။ ပညာတတ်ပြီး အဂတိလိုက်စားသူ ဆိုရင် ပညာရှိနှိပ်စက်နည်းနဲ့ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုက လွတဖို့ ခဲယဉ်းနေဦးမှာပါ။ ဆင်းရဲမွဲတေမှုက အမြန်ဆုံး လွတ် မြောက်ဖို့ဆိုတာ အိမ်နီးခြင်း တရုတ်နိုင်ငံဘယ်လိုလုပ်သွားသလဲ၊ စင်ကာပူ၊ တောင်ကိုးရီးယား နိုင်ငံများ ဘယ်လိုလုပ်သွား သလဲဆိုတာ လေ့လာပြီး ချေးငွေများကို အကျိုးရှိစွာ အသုံးချသွားဖို့လိုပါတယ်။

● ချေးငွေယူမယ်ဆိုရင်
သက်ဆိုင်ရာ ဝန်ကြီးဌာနက ညှိနှိုင်းဆွေးနွေးပြီး လွှတ်တော်မှာ ငွေကြေးကော်မတီက သုံးသပ်နေတာ တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုကြတာ များပါတယ်။ အကြွေးရရင် ရတာအကုန်လုံးယူ .. စိတ်ထားရှိတဲ့ မြန်မာနိုင်ငံသားများရဲ့ အားနည်းတဲ့အမြင်ရှိပါတယ်။ ငွေရင်းမရှိလို့ပေါ့.. တောက်ခေါက်နေတဲ့ မြန်မာအများစု ဖြစ်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ မလုပ်တတ်ရင် ကဋေကြွယ်သူဌေးသား တောင်မှ ခွက်ဆွဲတောင်းစားတဲ့ မြန်မာဂန္တဝင်စာပေ ရှိပါ တယ်။ ဒါကြောင့် ပြည်ပချေးငွေ (သို့မဟုတ်) ပြည်တွင်းဘဏ်ချေးငွေ ယူမယ်ဆိုရင် တကယ်အကျိုးအမြတ် ရှိသလားဆို တာ စိစစ်နည်း (၂) မျိုး ရှိပါတယ်။

နံပါတ် (၁) စိစစ်နည်းကတော့ လူဘယ်နှစ်ယောက်ကို အလုပ်ပေးနိုင်သလဲ ဆိုတာ အလွန်အရေးကြီးပါတယ်။

နံပါတ် (၂) စိစစ်နည်းကတော့ နိုင်ငံတော်အခွန်ငွေ ဘယ်လောက်ရနိုင်မလဲ .. ဆိုတာဖြစ်ပါတယ်။ နိုင်ငံတော် အခွန်မရနိုင်ပေမဲ့ လည်း လူများများ အလုပ်ပေးနိုင်တယ်ဆိုရင်ပဲ အလွန်ကောင်းလှပါပြီ။

(၆)
● ချေးငွေ မပေးသင့်တဲ့လုပ်ငန်းများ
လူတဦးချင်း အိမ်ပေါင်၊ မြေပေါင်ပြီး ငွေချေး လုပ်ငန်းလုပ်သူများလည်း အစိုးရချေးငွေမပေးဖို့ သတိအထူးပြုရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် တာဝန်ရှိသူများကတော့ ချေးငွေစီစစ်ရေးလုပ်ရာမှာ အထူး စီစစ်ရပါမယ်။ အကြွေး ဒေါ်လာသန်း ပေါင်းများစွာ ယူတော့မယ်ဆိုရင် .. မြန်မာအစိုးရသာမက တတိယပါတီ ဖြစ်တဲ့ အတိုင်ပင်ခံအဖွဲ့များနဲ့ စီစစ်ရပါတယ်။

● စီမံခန့်ခွဲမှုစရိတ်
အကြွေး ဒေါ်လာ ၁သန်းလောက် ယူတဲ့အခါ .. အများအားဖြင့် စီမံခန့်ခွဲစရိတ် ဆိုပြီး ၂၅ ရာခိုင်နှုန်းလောက်ကို ပြန်ယူသွားလေ့ ရှိပါတယ်။ နိုင်ငံခြားမှာ လူတယောက် ပရိုဖက်ရှင်နယ်စရိတ်က တနာရီ ဒေါ်လာ၂၀၀ လောက် ယူလေ့ရှိပါတယ်။ အကြွေး ဒေါ်လာ သန်း ၁၀၀ လောက်ဆိုရင် စီမံခန့်ခွဲစရိတ် ဥပမာ ၅ ရာခိုင်နှုန်းလောက် ယူသွားတယ်ဆိုရင်လဲ ခံရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စီမံခန့်ခွဲမှုကို မြန်မာပညာရှင်များကိုယ်တိုင် လုပ်နိုင်မဲ့ အချိန်ရောက်လာဖို့ လူငယ်ပညာရှင်တွေကို တွဲဖက်သင် တန်းပေးရမှာပါ။

● စက်ပစ္စည်းဝယ်ယူခြင်းစရိတ်
သတိပြုရမဲ့ အရေးကြီးတဲ့အချက်အလက်က အကြွေးပေးတဲ့နေရာမှာ စက်ပစ္စည်း (နည်းပညာ) များလည်း ပါဝင်လာပါတယ်။ အထူးသဖြင့် လျှပ်စစ်၊ ဆက်သွယ်ရေး၊ စက်ရုံကြီးများမှာ စက်ပစ္စည်းဝယ်ယူရေးအတွက် အလွန်ဈေးကြီးတဲ့ တာဘိုင်ကြီးများ၊ ကွန်ပြူတာ၊ ထိန်းချုပ်စနစ်များစွာ ပါဝင်လာပါတယ်။ ဒီပစ္စည်းတွေကို ဝယ်ယူဖို့ ဈေးနှုန်းတင်ဒါတောင်းခံခြင်း လုပ်ရပါမယ်။ တချို့ချေးငွေတွေမှာ သူတို့သတ်မှတ်ထားတဲ့ စက်ပစ္စည်းများသာ ဝယ်ရမယ် သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ.. မြန်မာပညာရှင်များ အတွေ့ကြုံ၊ အဆင့်မြင့်ပညာရှင်များ ဖြစ်ဖို့ လိုပါတယ်။ သြဇာရှိတဲ့ အဆုံးဖြတ်ပေးနိုင်တဲ့ ပညာရှင်များ ဖြစ်ရပါတယ်။

● ပြုပြင်ထိန်းသိမ်းရေးစရိတ်
နောက်ဆုံး အချက်ကတော့ ပြုပြင်ထိန်းသိမ်းရေး စရိတ်ဖြစ်ပါတယ်။ လျှပ်စစ် တာဘိုင်ကြီးတခုကို ဒေါ်လာသန်း ၁၀၀ ပေး ရပြီး နှစ်စဉ် ပြုပြင်စရိတ် ၁၀ သန်း ကုန်နေတယ်ဆိုရင် နှစ် ၃၀ ခံနိုင်ဖို့ဆိုတာ ဆင်ဖိုးထက် ချွန်းဖိုး ပိုကုန်နေသလို ဖြစ်ပါတယ်။ တရုပ်ပြည်လုပ် လျှပ်စစ်ဓါတ်အားစက်ရုံများစွာ ဒီပြဿနာကြောင့် ငွေမကုန်သင့်ပဲ ကုန်နေရပါတယ်။ ကိုယ့်ဖာသာ ပြုပြင် ဖို့လည်း စာချုပ်အရ မဖြစ်နိုင်၊ တရုတ်ပညာရှင်များကိုပဲခေါ်ပြီး ပြုပြင်ရတဲ့အတွက် ပြုပြင်ထိန်းသိမ်းရေးစရိတ် အလွန်ကြီး မားနေပြီး၊ စက်ရုံများစွာ အရှုံးပေါ်တဲ့အတွက် ရပ်ဆိုင်းသွားရပါတယ်။ အလွန်ဈေးကြီးတဲ့ စက်ကြီးတွေ ဝယ်ယူပြီးရုံမက ပြု ပြင် ထိန်းသိမ်းဖို့နိုငဖို့ဆိုတာ မလွယ်ပါဘူး။ ဥပမာ လောပိတလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဂျပန်နိုင်ငံက တည်ဆောက်ပေးတာ နှစ်ပေါင်း ၇၀အထိ အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ကျင်ခရမ်ရေအားလျှပ်စစ်ကတော့ နှစ်အနည်းငယ်အတွင် တရုတ် တာဘိုင်စက်ကြီး ၁၂ လုံးစလုံး ပြုပြင်စရိတ်မတတ်နိုင်လို့ ရပ်ဆိုင်းသွားရပါတယ်။ အလားတူ ပြုပြင်မှု မတတ်နိုင်လို့ ရပ်ဆိုင်းသွားတဲ့ စက်ရုံများစွာ မြန်မာပြည်မှာ ရှိနေပါတယ်။

(၇)
● ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေး
စာရေးသူကတော့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ပထမအဆင့်က ဆင်းရဲမွဲတေမှုနိုင်ငံအဆင့်က လွတ်မြောကဖို့ဖြစ်ပါတယ်။ အကောင်းမြင်ရမယ်ဆိုရင် အင်အယ်ဒီနဲ့တပ်မတော် ပေါင်းစပ်အစိုးရအဖွဲ့ ၅ နှစ်အတွင်း ဆင်းရဲမွဲတေမှုက လွတ်မြောက် သွားနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အကတိ ခြစားမှုကို တိုက်ဖြတ်ဖို့ဆိုတာ လူတိုင်းသိပေမဲ့ .. အစိုးရဝန်ထမ်းများကို အဂတိကင်းရှင်းဖို့ ခက်ခဲနေဦးမှာပါ။

တရားဥပဒေစိုးမိုးရေး .. လက်ရှိအခြေအနေအရ မူးရစ်ဆေးဝါးနဲ့ သစ်ခိုးထုတ်မှုတွေမှာ ပိုင်ရှင်မဲ့ ယာဉ်များ၊ ပစ္စည်းများ အလွန်များပြားစွာ ဖမ်းဆီးနိုင်ခြင်းပါ။ အိမ်ခြံမြေဈေးကြီးမှု .. လက်ရှိအခြေအနေအရ အစိုးရ အိုးအိမ်ဌာန နဲ့ ဝန်ကြီးဌာနများက တန်ဖိုးနည်း၊ တန်ဖိုးမျှ အဆောက်အဦးများစွာ ဆောက်လုပ်ပေးနေပါတယ်။ အလားတူ ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ များကလည်း ပလပ်မြေများမှာ တန်ဖိုးနည်းအိမ်ယာများကို တခန်း သိန်း ၁၀၀ လောက်နဲ့ဆောက်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ အိမ်ခြံမြေဈေးတွေ ကျဆင်းလာတာ တွေ့ရပါတယ်။

စက်မှုကုန်ထုတ်လုပ်ငန်း .. ကုန်ကြမ်းများစွာထွက်တဲ့ မြန်မာနိုင်ငံရဲ့ အမြန်ဆုံး ဆင်းရဲတွင်းကထွက်ပေါက်ကတော့ စက်မှု လုပ်ငန်းဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်ကတည်းက တနိုင်ငံလုံးမှာ စက်မှုဇုံတွေ ဖေါ်ခဲ့ကြပါတယ်။ သမ္မ တဦးသိန်းစိန် လက်ထက်မှာ အိမ်ခြံမြေဈေးအရမ်းကြီးသွားပြီး စက်မှုဇုံများက ၁၀၀ ပတ်လည်မြေကွက်တွေဟာ စက်ရုံ လုပ် ငန်း မလုပ်နိုင်၊ ရောင်းစား၊ ငှားစားဖို့ ဖြစ်နေပါတယ်။ အစိုးရသစ် စက်မှုဝန်ကြီးက ပြည်မြို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာခင်စိုးစိုးကြည် မေးခွန်းကို စက်မှုဝန်ကြီးက ၃ လအတွင်း စက်မှုလုပ်ငန်းမလုပ်ရင် မူလ ဥပဒေအတိုင်း မြေပြန်သိမ်း မယ် စီစဉ်နေပါတယ်လို့ အားရဖွယ် ဖြေသွားပါတယ်။

ပြည်ပရင်းနှီးမြှတ်နှံမှု .. အခြေခံအဆောက်အဦ လျှပ်စစ်၊ လမ်းတံတား၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်းများစွာ ပေါ်လာမယ်ဖြစ်ပါတယ်။

အခွန်ငွေရရှိရေး … Tax per GDP 2015 အရ ၄.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၆ လွှတ်တော်မှ ကြေငြာချက်ကတော့ ၈.၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ စီမံဘဏ္ဍာဝန်ကြီးဌာနက ပြောသွားပါတယ်။ ဘယ်လိုတွက်ချက်ပါစေ အခွန်မှန်ကန်စွာ ကောက်နိုငဖို့ လုပ်နေ ပေမဲ့ ဒေသဆိုင်ရာနိုင်ငံများမှာ ၃၀ ရာခိုင်နှုန်းအထက် ရှိပါတယ်။ အကြီးတန်းကုမ္မကြီးများ ဥပမာ ခရိုနီကုမ္မဏီကြီးများ၊ မိုဘိုင်းဖုန်း ကုမ္မဏီများဆီက အခွန်ရဖို့ ခက်ခဲပါတယ်။

ပြည်ပချေးငွေစီမံကိန်းကြီးများ .. လျှပ်စစ်၊ လမ်းတံတား၊ ပို့ဆောင်ဆက်သွယ်ရေး၊ ငွေကြေးလုပ်ငန်းများစွာမှာ ချေးငွေများ ရရှိနေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးတွေလည်း ဘတ်ဂျတ်ငွေ များစွာ ရရှိထားပါတယ်။ စစ်လက်နက်ပစ္စည်းကတော့ နံပါတ် (၁) ဘတ်ဂျတ်ဖြစ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းများအပြင်၊ စားသောက်ကုန်ထုတ်လုပ်ငန်းများစွာ မြန်မာ ပြည်မှာ ရင်းနှီးမြှုတ်နှံရင် အလုပ်အကိုင်များစွာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ စီမံကိန်းကြီးများကို ခြစားမှုနည်းပါးဖို့ ခက်ခဲ နေဆဲဖြစ်ပါတယ်။

အမျိုးသားခြင်းအတိုးချေးစားသူများ .. အစ္စရေးနိုင်ငံသမိုင်းကို ကြည့်ရင် သူတို့ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ အမျိုးသားချင်းအတိုးမစားဖို့ .. ၇ နှစ် တခါ ဆင်းရဲမွဲတေသူများရဲ့ ပြန်မပေးနိုင်တော့တဲ့ အကြွေးတွေကို လျှော်ပစဖို့ ငွေကြေး ချမ်းသာသူများ လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် အစ္စရေးလူမျိုးဆိုတာ ကမ္ဘာကျော်လူမျိုး ဖြစ်နေပါတယ်။ မြန်မာ များလည်း ကမ္ဘာကျော်လူမျိုး ဖြစ်အောင် ဆင်းရဲသားများရဲ့ မပေးနိုင်တော့တဲ့ နှစ်ရှည်ကြွေးမြီများကို အစိုးရဦးဆောင်ပြီး လျှော်ပစ်နိုင်ရင် မတရားအတိုးချေးစားသူများကို ပညာပေးနိုင်ရင်တော့ မြန်မာပြည်လူထု ဆင်းရဲမွဲတေမှုက အမြန်ဆုံးလွတ်မြောက်မှာ ဖြစ်ပါတယ်။

(၈)
● နိဂုံး
ချေးငွေအသုံးပြုပြီး လူဘယ်နှစ်ယောက်ကို အလုပ်ပေးနိုင်သလဲဆိုတာ အလွန်အရေးကြီးပါတယ်။ စင်ကာပူနိုင်ငံဆိုရင် လုပ် ငန်းတခုကို ၃ နှစ်အတွင်း လူဘယ်နှစ်ယောက် ခန့်ထားနိုင်တယ်ဆိုတာ စာတမ်းတင်ပြရပါတယ်။ ချေးငွေအဖွဲ့က အလုပ် ပေးနိုင်မဲ့ လုပ်ငန်းဆိုတာ ယုံကြည်ရင် ချေးငွေမဟုတ်ပဲ ဂရန့်ဆိုတဲ့ မတည်ငွေ (ပြန်ပေးစရာမလိုတဲ့ငွေကြေး) အရစ်ကျထုတ် ပေးပါတယ်။ ချေးငွေပေးထားတဲ့ လုပ်ငန်းကိုလည်း အမြဲစောင့်ကြည့်ပါတယ်။

အရင်ခေတ်တုန်းကလို ပုန်းလျှိုးကွယ်လျှိုး ချေးငွေယူမယ်၊ သုံးမယ်၊  အစိုးရငွေ၊ အဆောက်ဦ၊ မြေနေရာ တွေကို ကိုယ်ပိုင် လိုသုံးတယ်ဆိုတာ ဆိုးဝါးတဲ့ ကိုယ်ကျိုးရှာမှုများ ဖြစ်ပါတယ်။

ဒီလို ချေးငွေ သုံးမယ် ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ လွယ်လွယ်နဲ့တော့ ပျောက်မသွားနိုင်သေးပါဘူး။ ချေးငွေ ယူခြင်းအတွက် .. သင့်တင့်လျှောက်ပတ်တဲ့ အတိုးနှုန်း၊ နှောင်ကြိုးမဲ့ ချေးငွေများ ရရှိရေးက အလွန်အရေးကြီးသလို အဲဒီချေးငွေများကို ဇီးသီးဗန်းမှောက်သလို (ခြစားမှု) မဖြစ်ရအောင် ထိန်းသိမ်းရေးကော်မတီက သြဇာကြီးမားစွာ ထိန်းကျောင်းပေးရပါတယ်။ ပညာပေးကာလ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပညာပေးကာလအပြီး အရေးယူ ပိုင်ဆိုင်မှုသိမ်းခြင်းများ ဖြစ်လာမှသာ မြန်မာ နိုင်ငံ ပြုပြင်ရေးလမ်းကြောင်းမှန်ကို သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ အစိုးရသစ်ခေါင်းဆောင်မှုနဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယခုအချိန်မှာတော့ ယုံကြည်ပါတယ်။ အစိုးရ အရည်အချင်း တဟုန်ထိုးမြင့်တက်လာဖို့နဲ့ မကြာမီ အကျင့်ပျက်ဝန်ထမ်းများ နည်းပါးသွားမှာကိုလဲ ယုံကြည်ပါတယ်။ မြန်မာပြည် လက်ရှိအခြေအနေကတော့ အိမ်မြေယာ ဈေးကြီးမှုအတွက် မြေကွက်တွေ ဖော်ထုတ်ရောင်းချဖို့လဲ မမြင်၊ နိုင်ငံ ခြား ကုန်ထုတ်လုပ်ငန်းများ တဟုန်ထိုးဝင်ရောက်လာဖို့လဲ မလွယ်၊ ဒါပေမဲ့ မမျှော်လင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ တပ်မတော် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် ရဲ့ အံ့ဘွယ်ပူးပေါင်းလုပ်ဆောင်မှုက နိုင်ငံခြားအကူညီကြီးများစွာ ရရှိလာ နိုင်ပါတယ်။ တဦးချင်း လုပ်ရမဲ့အလုပ်ကတော့ မိမိတို့အဖို့ ချေးငွေကိစ္စကအစ ခေါင်းဆောင်ကောင်းရဲ့ နောက်လိုက်ကောင်း များ ဖြစ်ဖို့ပဲ အရေးကြီးပါတော့တယ်။

ဇော်အောင်
15-Sep-2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts