ခေတ်ပြိုင်အတွေ့အကြုံ

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေကြီးတယောက်ရဲ့ အတွေ့အကြုံ

သိန်းသန်းဦး ● ၂ ၁ ပင်လုံရောက် ရှေ့နေကြီးတယောက်ရဲ့ အတွေ့အကြုံ
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၆

ယခုစာအား ရှေ့နေကြီး ဦးသိန်းသန်းဦး လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

● သောင်းတိုက်ကကြားစေသား-၈၀
၂၁ ရာစုပင်လုံညီလာခံကိုမြန်မာနိုင်ငံရှေ့နေများကွန်ရက်နဲ့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း ILAM ကို ကိုယ် စားပြုပြီး ဆရာဦးကိုနီနဲ့ ကျနော်တက်ခွင့်ရခဲ့ပါတယ်။လေ့လာသူအဖြစ်ပါ။

ပထမနေ့ဖွင့်ပွဲကို ကျနော်တို့မမှီပါ။ ညစာစားပွဲမှီပါတယ်။MICCမှာ ဒေါ်စုရဲ့ညစာစားပွဲကခမ်းနားလှပါတယ်။ ဒါပေမဲ့ ကြိုသူမ ရှိ ထိုင်စရာမရှိလို့ မတ်တပ်ရပ်နေရပါတယ်။ ထမင်းစားတော့မှ သူငယ်ချင်းမြတ်ခိုင်နဲ့ တွေ့လို့သူနေရာဖယ်ပေးလို့ သူ့စားပွဲ မှာ ထိုင်စားရပါတယ်။

ဒုတိယနေ့ ညီလာခံခန်းမသွားတော့ ထိုင်ခုံတွေမှာ လေ့လာသူဆိုတာ မရှိပါ။ဘသူမှလဲနေရာချမပေးပါ။ အဲဒီပြဿနာတက်ပြီး ဝတွေပြန်သွားတာပါ။ ကိုကိုကြီးလဲ အဲဒါကြောင့် ပြန်သွားတယ်ပြောပါတယ်။ နောက်ဆုံးတန်းလွတ်နေလို့ ဝင်ထိုင်ပါတယ်။

ဒုတိယနေ့မှာအဖွဲ့အစည်း ၃၃ ဖွဲ့တင်ပြဘို့ရာမှာ ဝ ပြန်သွားလို့ ၃၂ ဖွဲ့ သဘောထားစာတမ်းဖတ်ပါတယ်။

စစ်အစိုးရအဆက်ဆက်ရဲ့ကုလသံတမန်ဦးကျော်တင့်ဆွေ (နိုင်ငံရေးအကျဉ်းသားမရှိဘူး။ ရာဇဝတ်မှုကျူးလွန်သူတွေသာရှိ တယ်လို့ ဒေါ်စုအပါအဝင်ဖြစ်ကြောင်း ကုလမှာအမြဲတန်းပြောသူ) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် စာတက်ဖတ်တော့ စိတ်ကလဲအချဉ်ပေါက်၊ ဗိုက်ကလဲအချဉ်ပေါက်လို့၊ အိမ်သာထဲသွားထိုင်နေရတယ်။

အကျိုးဆောင် (facilitator) အမျိုးသမီးကတိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်ကို ရာထူးအဆင့်ထည့်ကြေငြာမိ လို့ ထိပ်ဆုံးကကုလားထိုင်မှာ ထိုင်နေတဲ့ခေါင်းဖြူဖြူတယောက်က ထကွိုင်တာတွေ့ရပါတယ်။ မကြေငြာရဲတော့ပါ။ (ကျနော်လဲ အော် သဘောထားကြီးလိုက်တာ..ငြိမ်းချမ်းရေးတော့ နီးပေါ့လို့တွေးမိပါတယ်) နေ့လည်ပိုင်းရောက်တော့ ရှမ်းလက်နက်ကိုင် ကိုယ်စားလှယ်တယောက်က စင်ပေါ်ကနေညီလာခံမှာ တန်းတူမှုမရှိကြောင်း ဒီကိစ္စဖွင့်ချတော့ လက်ခုတ်တီးလိုက်ရတာလက်များတောင်နာလို့ တင်ပြကြပုံပြောချင်ပါတယ်။ ၁၀ မိနစ်ဘဲရတာပါ။ အရေမရ အဖတ်မရပဋိသန္တာရစကားတွေက ၄ မိနစ်လောက် အတော်များများပြောကြပါတယ်။ အစိုးရအဖွဲ့ကိုယ်စားဒေါက်တာတင်မျိုးဝင်းပြောတာကောင်းတယ်။ ဖက်ဒရယ်အမျိုးစားခွဲပြီးကိုယ်နဲ့သင့်သလိုယူဘို့တင်ပြတာပါ။လွှတ်တော်ကိုယ်စားပြုတက်ပြောသူတွေကညီလာခံကစဉ်းစားရမဲ့အကြောင်းတွေ မတင်ပြဘဲ ဘာတွေမှန်းမသိမဆီမဆိုင်တွေပြောကြလို့ စိတ်ဆင်းရဲရပါတယ်။ ဦးနိုင်ငံလင်းက အစိုးရကိုယ် စား စင်ပေါ်တက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးအရေးကြီးကြောင်း အစအဆုံးပြောသွား လို့ တိုကျိုရာသီဥတုညီလာခံနဲ့ မှားလာတာများလား စိတ်လေရပါတယ်။ အစီအစဉ်အတော်အရှိန်ရလာတဲ့ညီလာခံမှာ ဘာ တွေစဉ်းစားဆွေးနွေးရမယ်ဆိုတာရယ် ၂၀၀၈ ဖွဲ့စည်းပုံအကြောင်းရယ် ဘယ်သူမှမပြောကြပါ။

SNLD က သုတေသနမှူး စိုင်းထွန်းအေးတင်ပြတော့မှ “စစ်အာဏာရှင်” ဆိုတဲ့အသုံးနဲ့၂၀၀၈ဖွဲ့စည်းပုံဟာ ဖက်ဒရယ်အတွက်အဟန့်အတားဖြစ်နေကြောင်း ထိထိမိမိသုံးသပ်သွားပါတယ်။ CNF က ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းက ပ ညာ ရှင်ပီပီသသ ၄၇ ပင်လုံရဲ့ရည်မှန်းချက်၊ တောင်တန်းစုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်နဲ့ ပင်လုံကတိကဝတ်ကိုဖြည့်ဆည်း ဘို့ ပျက်ကွက်လို့ ပြည်တွင်းစစ်ဖြစ်ရကြောင်းသမိုင်းနဲ့ ချိန်ထိုးပြောပြသွားပါတယ်။ ကရင်လက်နက်ကိုင် ၃ ဖွဲ့က တင်ပြချက်၃ ပိုင်းပိုင်းပြောသွားရာမှာ စစ်တပ်ဟာ အရပ်ဘက်အုပ်ချုပ်ရေးအောက် (Civilian Supermacy) ကို အခိုင်အမာပြောသွားပါတယ်။

ရခိုင်ပါတီက ဒေါက်တာအေးမောင်စာတမ်းနားထောင်ရတာ ကြောက်လာမိပါတယ်။သူတင်ပြတာ ဖက်ဒရယ်မဟုတ်ပါဘူး။ ကွန်ဖက်ဒရိတ် confederateပါ။ ဗဟိုအစိုးရကအာဏာမရှိသလောက်ဖြစ်ပြီး ပြည်နယ်အစိုးရပေးသလောက် ဘတ်ဂျက်ယူ ရမတဲ့။

ကြံ့ဖွံ့က ဦးမြင့်စိုးကမျက်နှာထားတင်းတင်းနဲ့ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်ထောင်စုလက္ခဏာအပြည့်ရှိ ကြောင်းပြည်ထောင်စုပြိုကွဲအောင်လုပ်ရင် ပြည်သူ့အားနဲ့ဆန့်ကျင်မှာဖြစ်ကြောင်း ပြည်သူကဘဲ သူတို့ထောက်ခံနေသလိုလို ပြောသွားပါတယ်။ အံ့သြစရာကောင်းတာက တပ်မတော်သားအစုအဖွဲ့က ဒုဗိုလ်မှူးကြီး၂ယောက်ကလဲ ဒို့တာဝန်အရေး ၃ ပါးနဲ့ ၂၀၀၈ ခြေ/ဥမှာဖက်ဒရယ်ကြံအင်လက္ခဏာရှိကြောင်း တသံတည်းထွက်ခဲ့ကြတာပါဘဲ။ ပြီးတော့ အဲဒါ ဒေါက်တာဝတ်က ပြောတယ်ဆိုလားဘဲ။ (ဒေါက်တာဝတ်တော့ နာမည်ပျက်တော့မှာပါဘဲ..ဖက်ဒရယ်မှာ အစိတ်သားမပါဘူး။)

နေ့လည်ပိုင်းမှာ လဘက်ရည်သောက်ချိန်စာအုပ်တွေ အလကားပေးတာသွားယူတော့မှမှ “၂၀၀၈ဖွဲ့စည်းပုံ၏ပြည်ထောင်စုဝိသေသလက္ခဏာများ” သတင်းဆောင်းပါးများစာအုပ်ပေးပါတယ်။ အော်ဒါ့ကြောင့်ကိုး တဆရာထဲထွက်တွေဘဲ။ ကျနော်လဲ အားမနာနိုင်ဘဲတခြားစာအုပ်တွေယူပြီး အဲ့စာအုပ်ကိုတော့အလကားပေးပေမဲ့ မယူနိုင်ကြောင်းပြောပြီး ပြန်ပေးခဲ့ပါတယ်။

နေ့ခင်းပိုင်းတင်ပြတဲ့ မွန်အမျိုးသားပါတီကတော့ ပြတ်ပြတ်သားသားပါဘဲ စစ်အစိုးရ အတင်းအကြပ်အတည်ပြုခဲ့တဲ့၂၀၀၈ ခြေ/ ဥဟာ တပြည်ထောင်စနစ်သာဖြစ်ကြောင်း၊ ဒါမို့လုံးဝလက်မခံကြောင်းနဲ့ ဖက်ဒရယ်အခြေခံမူများကို ရှင်းလင်းတင်ပြ သွားပါတယ်။

အဖွဲ့အစည်းသုံးပုံတပုံလောက်ဟာ ဒီညီလာခံမှာ ဘာတင်ပြရမယ်ဆိုတာကို မသိပါဘူး။ ပြည်နယ်ရချင်ကြောင်းနဲ့ ကိုယ့်သ မိုင်းကြောင်းတွေကို မဆီမဆိုင်ပြောသွားကြတာ အချိန်နှမြောစရာပါ။ မိုင်ဂျာယန်ဆုံးဖြတ်ချက်တွေကို ဝ အမျိုးသားပါတီ (ပြန်သွားတာ UWSA) ကထောက်ခံသွားပါတယ်။ အားလုံးပါဝင်သင့်ကြောင်းကို မွန်၊ ကရင်၊ ချင်းတို့ ပြောသွားပါတယ်။ မွန်က ဒီညီလာခံဟာသေနတ်သံတွေအောက်ကျင်းပတဲ့ငြိမ်းချမ်းရေးညီလာခံဖြစ်လို့ တချို့က မယုံကြကြောင်းနဲ့ တင်ပြချက် တွေကို မှတ်တမ်းတင်သက်သက်ဆိုတော့ အဖြေမထွက်တဲ့ညီလာခံလို့ ပြောသွားပါတယ်။

ဘာဘဲပြောပြောအဖွဲ့အစည်းတိုင်းရဲ့ရပ်တည်ချက်တွေ ဘွားဘွားကြီးပွင့်ကျတဲ့ပွဲပါဘဲ။ ဘယ်သူတွေက ငြိမ်းချမ်းရေး လိုချင်တယ်၊ ဘယ်သူကဟန်ဆောင်နေတာဆိုတာ အကွင်းအကွင်း မုန့်တီဟင်းပါဘဲခင်ဗျ။

photo credit : gettyimages


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts