စာအုပ်စင်

မျိုးသာထက်ရဲ့ လန်ဒန်ဘီဘီစီရောက် မြန်မာသတင်းထောက် စာအုပ်

 

မျိုးသာထက်ရဲ့ လန်ဒန်ဘီဘီစီရောက် မြန်မာသတင်းထောက် စာအုပ်

ညွန့်ထွေး၊ (Yangon Globe News) စက်တင်ဘာ ၂၀၁၄။
(မိုးမခပြန်လည်ဆန်းသစ်) ဇူလိုင် ၁၂၊ ၂၀၁၆စာရေးသူကိုယ်တိုင် ကိုယ့်အနား လာထိုင်ပြီး တရင်းတနှီးပြောပြနေဟန် ရေးထားသော စာအုပ်ထဲတွင် “လန်ဒန် ဘီဘီစီ ရောက် မြန်မာသတင်းထောက်” ဟူသော စာအုပ်လည်း ပါဝင်သည်။ အမည်ပေးထားပုံကြောင့် ဘီဘီစီပရိသတ်၊ စာနယ်ဇင်းသမား၊ အင်္ဂလန်သွားရောက်ရေး စိတ်ကူးနေ စီစဉ်နေသူ စသဖြင့်သော ပရိသတ် အဖုံဖုံအတွက် မျိုးသာထက်၏စာအုပ်က စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မည်။ စာနယ်ဇင်းသမားမျိုးသာထက်က အမေရိကတွင် သတင်းစာပညာ သွားရောက် သင်ယူရေး ကြိုးစားနေစဉ် လန်ဒန် ဘီဘီစီတွင် အလုပ်လျှောက်ဖြစ်သွားကြောင်း စာအုပ်တွင် ရေးထားသည်။

ကာလအတန်ကြာ သူလုပ်ကိုင်ခဲ့သည့် သတင်းဌာန၏ ထုတ်လွှင့်ချက်များအတွက် ရေးသားထားသည့်ဟန်လည်း ပေါက်နေသည်။ သူ၏ ရေးသားတင်ဆက်ပုံက ဖတ်သူတို့အတွက် ငြီးငွေ့ဖွယ် မရှိ။ ခရီးသွားအတွေ့အကြုံအများအပြား ပါဝင်သော်လည်း တချို့သော ပြည်ပခရီးအတွေ့အကြုံမှတ်တမ်းများကဲ့သို့ ရန်ကုန်လေဆိပ်မှ ဂျက်လေယာဉ်ကြီးတက်သွားသည့်ဖြစ်စဉ်နှင့် အစမပြု။ သူ အဓိက ဦးတည်သည့် လန်ဒန်သို့ ဆိုက်ရောက်သွားပုံနှင့် စာအုပ်ကို အစပြုထားသည်။ သတင်းသမားဖြစ်သောကြောင့် လိုရင်းကို ဦးစွာ ဖော်ပြခြင်းလည်း ဖြစ်နိုင်သည်။

၂ဝဝ၄ ခုနှစ်မှ စတင်ခဲ့သော သူ၏ ၅ နှစ်တာ အသံလွှင့်သတင်းသမားဘဝတွင် ကြုံတွေ့ခဲ့ရသော ဦးသိန်းစိန်၊ ဦးခင်အောင်မြင့်၊ ဦးမင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ မကြာသေးမီက ကွယ်လွန်သွားသည့် ဦးဝင်းတင် အစရှိသော အထင်ကရ နိုင်ငံရေးထိပ်သီးတို့ကို ဝေဖန် စောကြောထားချက်များလည်း မနည်းမနော ပါဝင်နေသကဲ့သို့ အဆိုတော်ကြီးမာမာအေး၊ ဦးဝီရသူ စသဖြင့်သော နယ်စုံပယ်စုံမှ ထင်ရှားသူတို့ကိုလည်း သူ့စာအုပ်တွင် အနည်းငယ်စီ တို့ထိ သုံးသပ်ထားသည်။

အတွေ့အကြုံ၊ ခရီးသွား၊ မီဒီယာ စသည့် သုတစာပေအမျိုးအစားတွင် ထည့်သွင်းနိုင်သော ဤစာအုပ်တွင် သူ ဘောလုံးပွဲနှစ်သက်ပုံကိုလည်း တွေ့နိုင်သည်။ ကွင်းသစ်၊ ကွင်းစိမ်း ဟူသော ဘောလုံးဝေါဟာရတို့ကို စာမျက်နှာ ၃ဝ မပြည့်ခင်မှာပင် အနည်းဆုံး ၃ ကြိမ် သုံးထားသည်ကို တွေ့ရသည်။

ချယ်လ်ဆီးအသင်း၏အိမ်ကွင်း အပါအဝင် သူရောက်ခဲ့သည့်ကွင်း၊ ကြည့်ခဲ့သည့် ဘောလုံးပွဲအတွေ့အကြုံတို့ကိုလည်း ဖောက်သည်ချထားရာ ဘောလုံးပရိသတ်မဟုတ်သော စာဖတ်သူတချို့အတွက် ထိုအကြောင်းအရာတို့က တချို့အတွက် ငြီးငွေ့ကောင်း ငြီးငွေ့နိုင်သော်လည်း ဥရောပပွဲနှစ်သက်သူများကတော့ သဘောကျကြဖွယ်ရှိသည်။

ရေဒီယိုတွင် သတင်းဖတ်သူတို့က အဖြတ်အတောက် အဆင်ပြေစေရန် မျဉ်းစောင်းများ ထည့်မှတ်ထားကြဖွယ်ရှိသည်။ ရေဒီယိုသတင်းသမားမျိုးသားထက်၏ အရေးအသားတွင် ပုဒ်ဖြတ်များထက် မျဉ်းစောင်းများကို ထင်ထင်ရှားရှား တွေ့နိုင်သည်။

စာအုပ်တစ်လျှောက်လုံး သူ၏ ပွင့်လင်းမှု၊ စိတ်သဘောထားတို့ကို မကြာခဏ လှစ်ခနဲ လှစ်ခနဲ တွေ့ကြရမည်။ ဥပမာ … နှစ်ကူးကာလ ရေဒီယိုဇာတ်လမ်း အသံသွင်းစဉ် လိုအပ်သော အသံ မရမချင်း အကြိမ်ကြိမ် ပြန်သွင်းနေသည့် အသံဖမ်းအင်ဂျင်နီယာက အမြင်ကပ်စရာကောင်းသည်၊ “အဆိုးဆုံးကတော့ အသံဖမ်းအင်ဂျင်နီယာပဲဖြစ်သည်” ဟုပင် ဆိုထားသည်။

မြန်မာပြည်တွင် ဘီဘီစီအသံလွှင့်ချက်က ပီသကြည်မြခြင်း အားနည်းသောကြောင့် စာအုပ်ကြီးသမား အသံဖမ်းအင်ဂျင်နီယာ၏ လုပ်ပုံကို သူ အမြင်ကပ်နေခြင်းဖြစ်လေသည်။ အသံဖမ်းအင်ဂျင်နီယာသာ မြန်မာလို ဖတ်တတ်ပါက သူတို့၏အသံလွှင့်မှုကို အင်တာနက်မှ ဖမ်းယူနားဆင်သူများအတွက် ထိုသို့ တိတိကျကျ လုပ်သင့်သည်ဟု စောဒက ပြန်တက်ကောင်း တက်နိုင်သည်။ လန်ဒန်ရှိ အနှီအင်ဂျင်နီယာတို့က မြန်မာလို ဖတ်တတ်မည် မထင်။

အမည်ရင်း မျိုးသာထက် ဖြစ်သော်လည်း ကိုချို ဟူသော အမည်သို့ ပြောင်းလဲပုံ၊ ထိုအမည် ရွေးချယ်ပုံကို အသေးစိတ် ဖော်ပြထားမှုက နှစ်မျက်နှာ ရှိသဖြင့် ဘီဘီစီရေဒီယိုပရိသတ် သဘောကျဖွယ်ရှိသည်။
ရေဒီယိုနားထောင်သူမှာ အသံလွှင့်သူတို့ကို မမြင်ဖူးသော်လည်း အသံကို အမြဲတမ်း ကြားနေကြဖြစ်သောကြောင့် တရင်းတနှီး ဖြစ်နေတတ်သည်။ သူတို့အကြောင်း၊ သူတို့မိသားစု၊ သူတို့အမည် စသည်တို့ကို စိတ်ဝင်စားကြပေမည်။

နေ့စဉ်နှင့်အမျှ သတင်းလုပ်ငန်းအစည်းအဝေးများ လုပ်ကြရ တက်ကြရပုံကို ရေးဖွဲ့ထားသောကြောင့် မီဒီယာလုပ်ငန်းအောင်မြင်မှု၏သော့ချက်တို့တွင် အစည်းအဝေးပုံမှန်လုပ်ခြင်း၊ ဆွေးနွေးခြင်းတည်းဟူသော အလုပ်တို့က အဓိကကျကြောင်း ဒီစာအုပ်ဖတ်ပြီး သဘောပေါက်ရသည်။

“ပြည်တွင်းပြည်ပ မီဒီယာတွေ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ခေတ်မှာ ပရိသတ်ကို အဆက်မပြတ် မဖမ်းထားနိုင်တဲ့ မီဒီယာနဲ့ သတင်းဌာနတွေဟာ ကျန်ခဲ့မှာပဲလို့ ဌာနမှူးက ကျွန်တော်တို့ကို အမြဲပြောပြီး တွန်းမောင်းလေ့ရှိပါတယ်” ဟုလည်း သူက ဆိုထားသည်။

အလုပ်ကြိုးစားပြရခြင်း၏ အကြောင်းရင်းများအနက် ဘီဘီစီတွင် ဌာနခွဲတစ်ခုလုံး အဖျက်ခံရသည့် သို့မဟုတ် ဘတ်ဂျက် အလျှော့ခံရသည့်ထဲ မြန်မာဌာန ပါဝင်မသွားရေးအတွက် ဟူသော အချက်လည်း ပါဝင်သည်ဟု ဤစာအုပ်က ဆိုသည်။

စာအုပ်ထဲတွင် သူ့အကြောင်းအပြင် သူ့လုပ်ငန်းခွင်အတွင်းမှ လုပ်ဖော်ကိုင်ဘက်များအကြောင်းလည်း ပါဝင်ရာ မကြာခဏ ပါဝင်သူ၊ သူ ရေးသားပြ၊ တို့ထိပြသူမှာ ဘီဘီစီဌာနမှူး ဒေါ်တင်ထားဆွေဖြစ်သည်။

ဘီဘီစီတွင် လုပ်ကိုင်ကြပုံ၊ သူ၏ လုပ်ငန်းတွင်းအခက်အခဲ အတွေ့အကြုံအဖုံဖုံ၊ ကြိုတင်ပြင်ဆင်ရေးကဏ္ဍ မည်မျှ အရေးကြီးပုံတို့ကို နေရာအတော်များများတွင် ရေးပြထားသည်။
သူ တက်ခဲ့ရသော သင်တန်းများအကြောင်းကို အသေးစိတ် ရေးပြသည့် နေရာတွင် ဗဟုသုတ မျှဝေလိုသော သူ၏ စေတနာကို တွေ့နိုင်သည်။

ငွေပမာဏ၊ ဈေးနှုန်းတို့ကို ဖော်ပြရာတွင် ဗြိတိန်နိုင်ငံသုံး ပေါင်ငွေဖြင့်သာ ဖော်ပြသည်။ ထိုပမာဏက ကျပ်ငွေဖြင့်ဆိုလျှင် မည်မျှ ကျသင့်မည် ဖြစ်သည်ကို တခါတရံမှသာ ရေးထားသဖြင့် ထိုအကြောင်းအရာကို စိတ်ဝင်စားသော ပရိသတ်အတွက် အခက်တွေ့မည်မှာ သေချာသည်။ ကျပ်ငွေဖြင့် မည်မျှ ကျသင့်မည်ကို သိလိုကြပေမည်။
ပွင့်ပွင့်လင်းလင်းရေးထားသော ဤစာအုပ်တွင် အားနည်းနေသည့်အရာမှာ ဟာသ ရသ ထည့်သွင်းမထားခြင်းဟု ဆိုရမည်။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ နေပြည်တော်၊ ရန်ကုန်တို့တွင် သတင်းလိုက်ရပုံ၊ နယူးယောက်သို့ သီးခြားစီ တပြိုင်နက်ရောက်ရှိ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ခရီးစဉ်ကို သတင်းလိုက်ရပုံလည်း ပါဝင်သည်။

ဘီဘီစီမြန်မာဌာနဝန်ထမ်းများမှာ လန်ဒန်တွင် တခြားသောဌာနများ အထူးသဖြင့် အိန္ဒိယတိုက်ဘက်မှသတင်းသမားတို့နှင့်လည်း အတိုက်အခံ လုပ်ရပုံကိုလည်း စာအုပ်တွင် ရေးထားသဖြင့် ကြားညှပ်သည့် အနေအထားပင်။

ရိုဟင်ဂျာအသုံးအနှုန်းနှင့် ဘီဘီစီ ဟူသော အခန်းကလည်း စိတ်ဝင်စားစရာပင်။ ထိုအသုံးကြောင့် ဘီဘီစီကို သဘောမတွေ့သူ သောတရှင်အများအပြား ရှိနေသည်။
မိတ္ထီလာဒေသ ပဋိပက္ခဖြစ်စဉ် သတင်းရေးသား ထုတ်လွှင့်မှုမှာ ဘီဘီစီက လူအများအပြားကို မေးမြန်းစိစစ်ပြီး ထုတ်ပြန်ခြင်းဖြစ်သည်၊ ၎င်းတို့၏ သတင်းထောက်ကိုယ်တိုင် ထိုနေရာတွင် ရှိနေသည်ဟု ဆိုထားသည်။
ထိုပဋိပက္ခသတင်း ထုတ်လွှင့်ကြစဉ်က ဘီဘီစီ၏ တင်ပြချက်မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့သောကြောင့် သူ အလုပ်ကထွက်အပြီး အတွေ့အကြုံပြန်ပြောပြန်သည့်အခွင့်အရေးရချိန်မှ ပြောလိုသမျှ ပြန်ပြောပြထားပုံရသည်။

မိတ်ဆွေများများ ရှိထားခြင်းဖြင့် သတင်းထောက်လှမ်းရေး၊ ဓာတ်ပုံကဲ့သို့သော သတင်းပိုင်းဆိုင်ရာ အချက်အလက် မှတ်တမ်းများ ရရှိရေးတို့အတွက် အလွန်တရာ အထောက်အကူဖြစ်ခဲ့ပုံကိုလည်း ရေးထားသည်။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည် လာမည်ဟူသည်ကို အရင်ဆုံး သတင်းရေးသားခဲ့သည်မှာ ဘီဘီစီမြန်မာပိုင်း Facebook စာမျက်နှာဖြစ်ကြောင်း၊
သို့သော်လည်း အမေရိကန်ဘက်က လုံခြုံရေးအကြောင်းပြ အရေးဆိုလာသဖြင့် ထိုသတင်းရေးသားချက် ပြန်ဖြုတ်ချလိုက်ရသည်ဟူ၏။

နေပြည်တော် အခြေခံဥပဒေခုံရုံး ၁နှစ်ပြည့်အထိမ်းအမှတ် ပွဲလုပ်နေချိန် ရုံးထဲဝင်ပြီး ထိုစဉ်က ဥက္ကဋ္ဌဦးသိန်းစိုးနှင့် တွေ့ခွင့်ရရန် ကြိုးပမ်းခဲ့ရာ အဆင်မပြေကြောင်း၊ ထို့အပြင် ခုံရုံးအနီးသို့ ဘီဘီစီသတင်းထောက် အလွယ်တကူ ဝင်ရောက်လာခဲ့သည် ဆိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြကြောင်း၊ ဗိုလ်ချုပ်ဟောင်းများနှင့် လက်အောက်ငယ်သားတချို့က သတင်းမီဒီယာသမားတို့ကို ကြောင့်ကြစိတ်အပြည့်နှင့် ဆက်ဆံဆဲဟု သူက သုံးသပ်ထားသည်။
နေ့စဉ်လွှင့်ရေဒီယိုလုပ်ငန်းခွင် လန်ဒန်တွင် လုပ်ကိုင်ခဲ့စဉ် အခွင့်အရေးကောင်း၊ လခ ကောင်းသော်လည်း “ဘီဘီစီသတင်းထောက်အလုပ်ဟာ အင်မတန် စိတ်ဖိစီးမှုများတဲ့အလုပ်” ဟု စာရေးသူက ဆိုထားသည်။ ယခု သူ မြန်မာပြည်သို့ ပြန်ရောက်ပြီး စာအုပ် ၃ အုပ် ရေးသားထုတ်ဝေခဲ့ရာ ဤစာအုပ်သည် ပထမအုပ်ဖြစ်ပြီး အရောင်းရဆုံးလည်း ဖြစ်ဖွယ်ရှိသည်။ ဤနှုန်းအတိုင်း သွားပါက သူ၏ မြန်မာပြည်စာနယ်ဇင်းလောက အတွေ့အကြုံစာအုပ်လည်း မကြာမီ ရေးသားဖွယ်ရှိသည်ဟု ယူဆရသည်။

လန်ဒန် ဘီဘီစီ ရောက် မြန်မာသတင်းထောက်
မျိုးသာထက်
ရွှေဟင်္သာ စာအုပ်တိုက်
ပထမအကြိမ်၊ ၂ဝ၁၄၊ ရန်ကုန်
ကျပ် ၂,ဝဝဝ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts