မှတ်စုမှတ်တမ်း

မင်းကိုနိုင် ● နို့ဆီခွက် တယ်လီဖုန်း

မင်းကိုနိုင် ● နို့ဆီခွက် တယ်လီဖုန်း

(မိုးမခ) ဇွန် ၂၈၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထပ်ဆင့်ကူးယူပါသည်။

သားသား ၃ တန်း တက်ရတော့မယ်။ ဦးပေါ်က ဘယ်နေ့မှလွတ်မှာလဲ။ သားသားတို့ ဒီနေ့ ခေါက်ဆွဲစားရတယ်။ ကြောင်မကြီး ကလေးမွေးပြီးသွားပြီ။ သားသား ဘေးနားမှာ မမ..ပဲပြားတွေ ညှပ်နေတယ်။ ညီမလေးက ဘာအလုပ်တွေရှုပ်နေလဲ မသိ ဘူး။ ဟိုဘက် သွားလိုက် ဒီဘက်သွားလိုက်နဲ့…။ ဒီနေ့ …
-*-*

ပိတ်ရက်တွေကြောင့် စာအရောက် နောက်ကျသွားတယ်ထင်တယ်။ ဒီကစာတွေ ဘယ်နေ့ရောက်ပြီး ပြန်ရေးရင် ဘယ်နေ့ ရောက်မယ်။ ရောက်ရမယ့်ဟာ ဘာဖြစ်လို့ မရောက်သေးလဲ။ နေမကောင်းများ ဖြစ်နေလားဆိုပြီး တချိန်လုံး စိတ်ပူနေတယ်။ ငွေတိုးခံထားတဲ့သူ .. ရက်တွက်သလို တချိန်လုံး တွက်နေတယ်။ စာရောက်မှဘဲ ပြုံးတော့တယ်။
-*-*

မောင်လေး မကြိုက်တဲ့စာအုပ်တွေဘဲ များနေတယ်။ ရုပ်ရှင်တို့၊ Fashion တို့ ကဏ္ဍတွေများတဲ့ စာအုပ်တွေ မ၀ယ်တော့ဘူး။
-*-*

ဦးပေါ် အရုပ်ဝယ်ပေးပါ၊ အင်္ကျီဂါဝန် ၀ယ်ပေးပါ။ ရေခဲမုန့်စားမယ်။
-*-*

ကိုကို လက်မမှာ အပူထိထားလို့ စာသိပ်မရေးနိုင်ဘူး။
-*-*

ထီသည်ကပြောတာပဲ ပေါက်ရင် အကြောင်းကြားမယ်ဆိုပြီး ဖုန်းနံပါတ်တောင်းထားတယ်။ အခုထိ…ဖုန်းလည်း မဆက်ပါ ဘူး။ အခုလတော့ နီးလာပြီလို့ ပြောရမှာပဲ.. လမ်းထိပ်က အိမ်က ဆရာမလင်မယား ၂ ယောက် ၂၀၀ ဆု ပေါက်တယ်။ အိမ် နဲ့တော့ နီးတော့ နီးလာပါပြီ။
-*-*

တဖြည်းဖြည်းနဲ့ အချိန်ကုန်သွားမှာ…။ အဲဒီမှာ အလုပ်အကြမ်းတွေ လုပ်ရလား ကိုကြီး? ခိုင်းရင်တော့ လုပ်ပေးရမှာပေါ့နော်။
-*-*

စာပျောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး “ကိုယ့်ဘက်ကခံနိုင်ရည် မွေးထားစေချင်တယ်”လို့ မောင်လေးက ရေးထားတယ်။ မောင် လေး သတင်းမေးတဲ့သူကို စာမရောက်လို့ စိတ်ပူကြောင်းပြောပြရင်း…မကြီး မျက်ရည်ကျ။
-*-*

ရုပ်နာချင်နာမယ်…..နာမ်မနာစေနဲ့ဆိုတဲ့ အဆုံးအမအရ နာမ်ကို အေးချမ်းအောင်နေပါ…မိုးကုတ်ဆရာတော်ဘုရားကြီးက လိုချင်လို့ လုပ်သမျှဟာ ဒုက္ခကြီးဘဲတဲ့။
-*-*

အိမ်အို၊ လူအို၊ ခေါင်မိုးယိုတော့ ငိုနေရပြီ မောင်လေးရေ………။
-*-*

တို့မိသားစုမှာတော့ အဖေနဲ့ အမေတို့ တသက်လုံး စီးပွားရှာလာတာ ဘယ်သူ့မျက်ရည်ပေါက်နဲ့မှ မရင်းခဲ့။
-*-*

အဖေ ပန်းချီရေးဖြစ်ပါတယ်။ ရေးချင်တဲ့စိတ်က ထမင်းဆာသလို ဆာနေတိုင်း ရေးဖြစ်တာပါဘဲ။
-*-*

သားသား စာရေးနေတုန်း ညီမလေးက ပုံဆွဲပေးမယ်ဆိုပြီး လာခြစ်သွားတယ်။
-*-*

ရဲယိုသီးဖျော်ရည်က အမျိုးသမီး ယောဂီတဦးကိုယ်တိုင် ထန်းလျက်နဲ့ရောပြီးလာပို့ခဲ့တာ သူ့ကိုကြည့်ရတာ အေးချမ်းတည်ငြိမ် နေ တာဘဲ။
-*-*

ကိုကြီးပြန်လွတ်လာရင် သမီး မွန်ဝတ်စုံနဲ့ ရိုက်ထားတာထဲက တစ်ပုံကို ပုံတူဆွဲပေးနော်။ ကိုကြီးဆွဲပေးတာ သိမ်းထားချင် လို့ပါ။
-*-*

ဂျပန်အင်္ကျီဝတ်ပြီး ဦးထုပ်ကို ကိုင်ထားတဲ့ပုံ။ ဆွဲပြရမလား။ ဒါနဲ့ သမီးဒီစာရေးတဲ့အချိန်မှာ ညီမလေး အိပ်နေလို့။ နိုးနေရင် စာရွက်ကိုလိုက်လုလို့ ပြဲမလားတောင် မသိဘူး။
-*-*

အငယ်ကောင် မင်္ဂလာဆောင်မှာ မနီကြီးလည်း ဒဿလိုမိန်းမ မလုပ်နိုင်တော့ဘူး။ စားပွဲဝင်ထိုးနေရလို့။ ဒါတောင် ပွဲပြီးတော့ ဥစ္စာမခြောက်တဲ့ ယောင်းမရတယ်လို့ ပြောပြီး ဘောလုံးတွေ ဆွဲဖြုတ်ယူသွားလို့ ။
-*-*

ပညတ်မရှိတော့ဘဲ..ပရမတ်သက်သက် မြင်လာမယ်။ အားရင်တော့ မေတ္တာပို့တာကို များများလေ့ကျင့်ပါ။ အပို့ခံရတဲ့သူတွေ ရမရတော့ ထားပါတော့ကိုယ့်ရင်ထဲမှာ ရှင်းပြီးပေါ့သွားတာတော့ ခံစားရမှာသေချာတယ်။
-*-*

ဝတ်ရည်လေးနဲ့ Whitey လေးနဲ့ တစ်ကျောင်းထဲဖြစ်သွားပြီ။
-*-*

ဦးပေါ်နဲ့ သင်္ကြန်ကို လျှောက်လည်ချင်သေးတယ်။ သမီး စာရွက်မှာ ကပ်ပေးလိုက်တဲ့ Pooh လေးသုံးကောင်လို ဦးပေါ် ပျော် ပျော်ရွှင်ရွှင်နေပါ။ ဦးပေါ်အတွက် စာအုပ်လေးတစ်အုပ် ထည့်ပေးလိုက်ပါတယ်။ ပုံပြင်ရဲ့အနောက်မှာလည်း မေးခွန်းလေး တွေ ပါတယ်။ အဲဒီမေးခွန်းလေးကို ဖြေပါ။ ဦးပေါ် ကျန်းမာပါစေ..။
-*-*

မုန့်တွေအကုန်လုံး မြန်မြန် စားပစ်လိုက်…မုန့်ကုန်တာနဲ့ ပြန်လာခဲ့တော့ အားလုံးလွမ်းနေကြပြီ..
-*-*

မာမီကလဲ မဆုံးခင်ညမှာ အားလုံးကို ကျေးဇူးတင်တဲ့စကားတွေ ပြောသွားခဲ့တယ်။ သားအမိနှစ်ယောက်အိပ်ယာထဲမှာ ည (၁) နာရီလောက်အထိ စိတ်ချမ်းသာမှုအစစ်ဟာ ငွေကြေးပြည့်စုံရုံ ရုပ်ဝတ္ထုတွေ ပြည့်စုံပိုင်ဆိုင်ရုံနဲ့တော့ မရဘူး စိတ်ထား တတ်၊ နေတတ်ရင်အေးချမ်းတယ်ဆိုတဲ့အကြောင်းတွေ ပြောနေခဲ့သေးတာ။
-*-*

သက်ဆိုင်ရာတွေက ညီမလေးကို ပြောတယ်။ ကိုယ့်အကိုကိုတွေ့ချင်ရင် လေယာဉ်ပေါ်က လှမ်းကြည့်လိုက်တဲ့။
-*-*
ဆရာတော်ဘုရားကြီးလိုပဲ အပြင်မှာ ကမ္ဘာစစ်ကြီးဖြစ်နေပေမယ့် အတွင်းက ကိလေသာ စစ်ပွဲကို အနိုင်တိုက်။
-*-*

ပြီး၏။
– ‪#‎မင်းကိုနိုင်‬
*-*

မှတ်ချက် ။
[ ‪#‎နို့ဆီခွက်တယ်လီဖုန်း‬ ဆိုသည်မှာ အောက်ခြေအပေါက်ဖောက်ပြီး အပ်ချည်ကြိုးတပ်တင်းတင်းဆွဲ တယောက်က ပြော တယောက်က နားထောင်၊ ကြိုးရဲ့တုန်ခါမှုကြောင့် အသံကြားရတဲ့စနစ်ကို သတိတရ ခေါင်းစဉ်ပေးတာပါ။ ကျွန်တော် တို့… အထဲမှာရှိတုန်းက အပြင်ကမိသားစုနဲ့ သံယောဇဉ်ကြိုးကို တင်းတင်းဆွဲပြီး တုန်ခါသံတွေက အပြန်အလှန်စာတွေ ဖြစ် ခဲ့တယ်မဟုတ်လား။
.
ဖော်ပြပါ ကောက်နှုတ်စာတွေထဲမှာ “၀တ်ရည်လေးနဲ့ Whitey လေးနဲ့ တစ်ကျောင်းထဲဖြစ်သွားပြီ” ဆိုတာ သူတို့ဖခင်တွေ ဖြစ်တဲ့ ကိုမြအေးကိုဂျင်မီတို့ ထောင်တခုတည်းနေရပြီလို့ တိုက်ရိုက်ရေးရင် အဲဒီစာကို ခွင့်ပြုမှာမဟုတ်လို့ အခုလို ၀ှက်စာ သဘော ရေးခဲ့ရတာပါ။]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts