သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေးအခင်းအကျင်းသစ်များ – အပိုင်း ၁

မောင်မောင်စိုး – ငြိမ်းချမ်းရေးအခင်းအကျင်းသစ်များ – အပိုင်း ၁
(မိုးမခ) မေ ၂၀၊ ၂၀၁၆

၂၁ ရာစုပင်လုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံကို ၁ လ ၂ လအတွင်း ကျင်းပသွားမည်ဟုဆိုလိုက်သောအခါ တုံ့ပြန်မှုအမျိုးမျိုးကို ကြားတွေ့ရသည်။ မဖြစ်နိုင်ဟု ယူဆသူများ လည်း ရှိသည်။ ဖြစ်နိုင်သည်ဟု ယူဆသူများလည်းရှိသည်။ ၂၁ ရာစုပင်လုံကျင်းပမည်ဆိုလျှင် မည်သည့်အချက်များ လိုအပ်လိမ့်မည်ဟု ဝေဖန်အကြံပြုသူများလည်း ရှိသည်။

မည်သို့ဆိုစေ ၁၉ ရာစုပင်လုံကျင်းပအပြီး ၆၉ နှစ်အကြာတွင် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်၍ ပါဝင်သင့်သူများ အားလုံးပါဝင်သည့် ညီလာခံတရပ် စောနိုင် သမျှ စောစောကျင်းပနိုင်ခြင်းသည် ကောင်းသည့်ကိစ္စဖြစ်သည်ဆိုသည်ကတော့ ငြင်းပယ်၍မရပေ။ ထို့ပြင် တိုင်းရင်းသားပြဿနာနှင့်ပတ်သက်ပြီး နိုင်ငံရေးအရ မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှသာ ပြည်တွင်းစစ် civil war ပြသနာကို မှန်ကန်စွာ အဆုံးသတ်နိုင်ပေလိမ့်မည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုငြိမ်းချမ်းရေးကော်မီတီ UPC ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မီတီ UPWC မြန်မာငြိမ်းချမ်းရေးစင်တာ MPC တို့အား လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် ဖျက်သိမ်းခဲ့သည်။ အဆိုပါ UPC/UPWC/MPC တို့၏ ဦးတည်ရာ
ဖြစ်သော ၂၀၁၆ ဇန်နဝါရီလတွင်းကကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနေရာတွင် ၂၁ ရာစုပင်လုံနှင့်အစားထိုးတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်ရန် ဖွဲ့စည်းထားသော UPC/UPWC/MPC တို့ကို ဖျက်သိမ်းခဲ့သော်လည်း တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် NCA အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီ (JMC-U)ဆက်လက် အသိမှတ် ပြုထားခဲ့သည်။

၂၀၁၆ ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် JMC-U တို့ ပထမဆုံးအကြိမ် တွေ့ဆုံသော အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ ဆောလျှင်စွာကျင်းပနိုင်ရေးဆော်သြခဲ့ပြီး အားလုံးဝိုင်းဝန်းကူညီရန် ပန်ကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၈ ရက်နေ့က ပြည်သူလူထုသို့ပြောကြေားသည့် မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက် မိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေး နှင့်စပ်လျဉ်း၍ “အပစ်အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံး ပါဝင်သင့်တဲ့အဖွဲ့အစည်း များပါဝင်အောင်လို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားပါမယ် ငြိမ်းချမ်းရေးညီလာခံများကနေတဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတခုထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ် ” ဟူ၍ ပြောကြားခဲ့သည်။ ဤကား ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားအရေးဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့်ပတ်သက်ပြီး အခြေခံသဘောထားဟုဆိုရမည်။

အများစုဝေဖန်ကြသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံအား လပိုင်းအတွင်း ကျင်းပမည် ဟု ဆိုလိုက်သော်လည်း အကောင်အထည်ဖော်မည့်အဖွဲ့အစည်းများ ( ပညာရှင်များက အင်စတီ ကျူးရှင်း ဟုဆိုလေ့ရှိသည် ) မတွေ့ရ၍ ဖြစ်သည်။ သို့သော် သူမထိုသို့ပြောဆိုအပြီး အခိုင်အမာ လုပ်ဆောင်မည့် ထောက်ကူပြုအဖွဲ့အစည်းများ ဖွဲ့စည်းလာသည်ကိုတွေ့ရသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC

၂၁ ရာစုပင်လုံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအားလုံးအား လက်ရှိ ပြည်ထောင်စုအင်္ဂါစဉ်တွင် နံပတ် ၂ နေရာတွင်ရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်ရိုက်ကိုင်တွယ်မည် ဟု ဆိုပါသည်။
၂၀၁၆ မေလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးစီး၍ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဥပဒေချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး တပ်မတော်မှအဆင့်မြင့်အရာရှိကြီး ၃ ဦး ယခင် MPC မှ ၃ ဦး နှင့် နိုင်ငံတော်အတိုင်ပင်
ခံရုံးမှ ၁ ဦး ပေါင်း ၁၁ ဦးပါဝင်၍ ၂၁ ရာစုပင်လုံအတွက် ညှိနှိုင်းဆွေးနွေးမှုပြုခဲ့ကြသည်။

၎င်းဆွေးနွေးပွဲတွင် ပထမအချက်အနေနှင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ထူထောင်ရေးလုပ်ငန်းများနှင့် ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးလုပ်ငန်းများကို တပြိုင်နက်ဆောင် ရွက်သွားရန်နှင့် ဒုတိယအချက်အနေနှင့် ၂၁ ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင် ဆင်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပါဝင့်သူအားလုံးပါဝင်ရေးကို သဘောတူခဲ့ကြသည်ဟုဆိုသည်။

တပတ်အကြာ ၂၀၁၆ မေလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ဦးစီး၍ ဒုတိယအကြိမ် အစည်း အဝေးပြုလုပ်ရာ၌ ပထမအစည်းအဝေးမှ ၁၁ ဦးအပြင် အတိုင်ခံရုံးဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်ရန် ရာထားသူတဦး( မေ ၁၇ ရက်တွင် ဝန်ကြီးအဖြစ်ခန့်အပ်) MPC မှ တဦး ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ကြီး ၁ ဦး ပေါင်း ၃ ဦး ထပ်မံတိုးလာခဲ့ပါသည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲ၏ဆွေးနွေးဆုံးဖြတ်များမှာ MPC ကိုဖျက်သိမ်း၍ NRPC အမျိုးသားရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအဖြစ် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ဖွဲ့စည်းသွားမည်။ အဆိုပါ
ဌာနအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအောက်တွင်ထားရှိပြီး အစိုးရဌာန စည်းမျဉ်းစည်း ကမ်းနှင့် ဖွဲ့စည်း၍ ဘတ်ဂျက်သုံးစွဲထားမည်။ NRCP ရုံးချုပ်အား နေပြည်တော်တွင်ထားရှိပြီး ရန်ကုန် တွင် ရုံးခွဲထားရှိမည်။ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် သင့်လျော်သည့်နေရာကို ရွေးချယ်
ဆောင်ရွက်မည်။ NRCP ရုံး ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းများကို အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဦးစီးဆောင်ရွက်သွားမည်။

ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ NCA လက်မှတ်ထိုးပြီးအဖွဲ့များနှင့် ဆွေးနွေးရန် ဆပ်ကော်မတီတခုဖွဲ့စည်း၍၎င်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် ဆွေးနွေးရန် သီးခြားဆပ်ကော်မတီတခုဖွဲ့စည်း၍၎င်း တပြိုင်တည်းဆွေးနွေးဆောင်ရွက်ရန် ဆပ်ကော်မတီများကို အမြန်ဆုံးဖွဲ့စည်းသွားမည်ဟုဆိုသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အခြေခံ ၃ ချက်ကို တွေ့ရသည်။ ပထမအချက်မှာ ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံးအနေနှင့် မိမိဘာလိုချင်သည်ဆိုသည်ထက် မိမိဘာပေးနိုင်သည်ကို အခြေခံ၍ဆွေးနွေးရန် ဒုတိယအချက်အနေနှင့် ဆွေးနွေးရာတွင် တနိုင်ငံလုံး အပစ်ရပ်ရေးသဘောတူညီချက် NCA ကို အခြေခံ၍ ပြုလွယ်ပြင်လွယ်ဆွေးနွေးရန် တတိယအချက် အနေနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည်ကိုပြင်ဆင်ကာ ဆွေးနွေးပွဲအစီအစဉ် ( Agenda ) များကို ပြန်လည်သတ်မှတ်ရန်တို့ဖြစ်သည်။

တချိန်တည်း အရပ်ဖက်လူမှုအဖွဲ့အစည်း CSO များခိုင်ခိုင်မာမာ ပါဝင်နိုင်ရေးအတွက် CSO Forum တခုအား နိုင်ငံရေးဆွေးနွေးပွဲများနှင့်အပြိုင်ဆောင်ရွက်သွားရန် CSO forum အား CSO များကိုယ်တိုင် ရွေးချယ်ဆောင်ရွက်စေမှာဖြစ်ပြီး လိုအပ်သည်များကို NRCP က ဖြည့်ဆီးဆောက်ရွက်ပေးရန် CSO forum ထွက်လာသောအကြံပြုချက်များကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပြီး ၎င်း Forum အား လူမဖောင်းပွစေဘဲ ကျစ်ကျစ်လစ်လစ် ဆောင်ရွက်သွားမည်ဟုဆိုသည်။

ထို့ပြင် NRCP ဖွဲ့စည်းမှု ၂၁ ရာစုပင်လုံညီလာခံပြင်ဆင်ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နှင့် အမြန်ဆုံးတွေ့ဆုံရှင်းလင်းပြီး UPDJC ပြင်ဆင် ဖွဲ့စည်းရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟုဆိုသည်။ လာမည့်သီတင်းပတ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံသွားမည်ဟုဆိုပါသည်။

ဤသည်တို့ကား NLD အစိုးရသစ်တက်လာပြီးနောက် တိုင်းရင်းသားအရေးနှင့်ပတ်သက်၍၎င်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍၎င်း ဒေါ်အောင်ဆန်းစုကြည်၏သဘောထားနှင့် အခိုင်အမာ ခြေလှမ်းများဟု ဆိုရပါမည်။

မြန်မာစစ်ဖက်၏သဘောထား

၂၀၁၆ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာစစ်ဖက်ထိပ်တန်းအရာရှိကြီးများသည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့်တွေ့ဆုံပြီး သတင်းစာဆရာများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုသတင်းစာဆရာများနှင့်တွေ့ဆုံပွဲတွင် ကာချုပ်က တပ်မတော်အနေနှင့် ၂၁ ရာစုပင်လုံ ဟုဆိုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ဆောင်သွားမည်ဟုဆိုခဲ့သည်။ သို့သော် ဒို့တာဝန် အရေး ၃ ပါးဟုဆိုသည့်တိုင်းရင်းသားစည်းလုံးမှုမပြိုကွဲရေး ပြည်ထောင်စု မပြိုကွဲရေး အချုပ်အခြာ အာဏာ တည့်တန့်ခိုင်မြဲရေးဆိုသည့်မူကို အထိအခိုက်ခံမည်မဟုတ် မြန်မာစစ်ဖက်၏သဘောထားကို ဖော်ပြခဲ့သည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့နှင့်လက်မှတ်ထိုးနိုင်ခဲ့ပြီး ၇ ဖွဲ့သာ ထိုးဖို့ကျန်ကြောင်း TNLA ပလောင်လက်နက်ကိုင်အဖွဲ့မှာ ယခင်ကထဲက သတ်မှတ်ချက်နှင့်မညီ၍ မပါဝင်ကြောင်း MNDAA ကိုးကန့် TNLA တအန်းပလောင် AA ရခိုင် အဖွဲ့ ၃ ဖွဲ့သည် ၂၀၁၁ သြဂုတ်လ ၁၈ ရက်နေ့ သမ္မတဟောင်းဦးသိန်းစိန် ငြိမ်းချမ်းရေး ခေါ်ယူပြီးမှ အစိုးရသတ်မှတ်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကိုမလိုက်ဘဲ လက်နက်ကိုင် ပုန်ကန်သည့်အဖွဲ့များဖြစ်ကြောင်း မိမိတို့သွားနေသော ဒီမိုကရေစီလမ်းကြောင်းကို သူတို့မနှစ်
သက်ကြောင်း သို့ဖြစ်၍ ယင်းအဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ဖိတ်ခေါ်ရန် မသင့်ကြောင်း ၎င်းတို့နှင့်ငြိမ်းချမ်းရေးမဆွေးနွေးနိုင်ကြောင်း တကယ်တမ်းလုပ်ရမည်မှာ လက်နက်စွန့်ရန်ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။

ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် ထိုအဖွဲ့ ၃ ဖွဲ့အနေနှင့် လက်နက်စွန့်ရမည်ဖြစ် ကြောင်း လက်နက်ကို မိမိတို့ထံအပ်နှံရန် မလိုကြောင်း ကြားအဖွဲ့အစည်းများထံအပ်နှံ၍ ဖျက်ဆီး ပစ်ရမည်ဖြစ်ကြောင်း သို့မှသာ နိုင်ငံရေးဆွေးနွေးပွဲသို့ ပါဝင်ခွင့်ရှိမည်ဖြစ်ကြောင်း UWSA /NDA
တို့သည်လည်း ယခင်လက်မှတ်ထိုးထားခဲ့သော်လည်း NCA တွင် ယခင်လက်မှတ်ထိုးခြင်းနှင့် မတူသည့်အချက်များပါကြောင်း နိုင်ငံရေးပါကြောင်း ထို့ကြောင့် NCA လက်မှတ်ထိုးရန်လိုကြောင်း မိမိတို့အနေနှင့် ထိုးစေလိုကြောင်း တနိုင်ငံလုံး all inclusive အကုန်လုံးပါပြီး နိုင်ငံရေးလမ်းကြောင်း
ပေါ်တွင် အကုန်ပါဝင်ရန်လိုကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သို့ဖြစ်ရာ တိုင်းရင်းသားအရေး ငြိမ်းချမ်းရေးဆွေးနွေးအရေးနှင့်ပတ်သက်၍ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ သဘောထားမှာ အောက်ပါအတိုင်း ဖြစ်သည်ဟု ဆိုရမည်။

၁။ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့အားငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဖိတ်ခေါ်ရန် မသင့်ကြောင်း အဆိုပါ ၃ ဖွဲ့အနေနှင့် လက်နက်စွန့်ရမည်ဖြစ်ကြောင်း ။
၂။ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်ရန် NCA လက်မှတ်ထိုးရန်လိုကြောင်း
၃။ ဒို့တာဝန်အရေး ၃ ပါးကို အထိခိုက်မခံနိုင်ကြောင်းတို့ဖြစ်သည်။

ထို့အပြင် မြန်မာစစ်ဖက်ခေါင်းဆောင်များအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ တပ်မတော်၏ မူ ၆ ချက်ကို ကြေညာထားသည်ကိုတွေ့ရသည်။ ၎င်း မူ ၆ ချက်မှာ
၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်
၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်
၃။ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်
၎။ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်
၅။ နိုင်ငံတော်ကထုတ်ပြန်ထားသည့်တည်ဆဲဥပဒေများကိုလိုက်နာရန်
၆။ ဒို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန်တို့ဖြစ်ပါသည်။

ဆိုရလျှင် ၂၁ ရာစုပင်လုံညီလာခံနှင့် ပတ်သက်ပြီး ဦးဆောင်ဦးရွက်ပြုနေသူ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မူဝါဒသဘောထားများသာ ဖော်ပြပြီး အခိုင်အမာခြေလှမ်းများစတင်နေသော်လည်း အသေးစိတ် ပေါ်လစီများကို ချ ပြခြင်းမရှိသေးပေ။ ငြိမ်းချမ်းရေးပတ်သက်ပြီး အစိုးရနှင့်ပူးပေါင်း
ဆောင်ရွက်မည့်ဟုဆိုသော မြန်မာစစ်ဖက်ခေါင်းဆောင်များကမူ ပို၍ အသေးစိတ်သော ပေါ်လစီသဘောထားများကို ဖော်ပြခဲ့သည်ဟုဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်။

Mg Mg Soe ( မောင်မောင်စိုး )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts