ကဗျာ

မောင်လွမ်းဏီ ● သူတို့ကိုယ်စား ကျနော့်ကို ဆဲပါ

Aung Htet


မောင်လွမ်းဏီ ● သူတို့ကိုယ်စား ကျနော့်ကို ဆဲပါ
(မိုးမခ) မေ ၁၉၊ ၂၀၁၆

ဆဲကြဗျာ
ဆဲကြ။

နိဂုံးချုပ်ပြီလား
အချုပ်ကားက
ဖ၀ါးတွေကို သယ်ဆောင်သွာခဲ့ပါတယ်
ခြေဖ၀ါးတွေကို ထမ်းပိုးခဲ့တဲ့
ရွေ့လျားလမ်းမကြီးတွေ အတိုင်းပါပဲ
နေပြည်တော်ကတော့ မျှော်တိုင်းဝေးပေါ့။

ဆဲကြဗျာ
ဆဲကြ။

ကျနော်လေ
ကျနော့်ကဗျာစာအုပ်လေး
ပြန်ဖတ်နေတာပေါ့
ကျနော် ရေးခဲ့တာလေးတွေ
ပြန်တွေးနေတာပေါ့
နွေညက ဟိုး နှစ်များထက်ပူတယ်
သူတို့ ခြေဖ၀ါးတွေက ပန်းပဲဖိုမှာ
ကင်ထားတဲ့ အရေပြားတွေ
နို့ရည်မခမ်းခြောက်သေးသမျှ
လျှောက်နေခဲ့ကြတယ်
လျှောက်နေကြတယ်ပေါ့။

ဆဲကြဗျာ
ဆဲကြ။

ကျနော့် ကဗျာတွေ ကျနော် ပြန်ဖတ်တယ်။
ရင်နဲ့ ဘ၀ တဲ့
သံဆူးကြိုးကို
တိုးဖြတ်ရတာ ဘ၀တခုလုံးပါပဲ
ဒီဘ၀ပဲ ရင်းစရာရှိတော့တယ်လေ။

ကျွန်မတို့ အုံကြွရင်
သူပုန်ထင်သလား
စားရမဲ့ သောက်ရမဲ့
ကျူးကျော်တဲရိပ်က
ခြင်ဆေးခွေ ထွန်းညှိရုံနဲ့
အနာဂတ်ကို သွန်းထုလို့
မလုံလောက်ဘူးထင်တယ်။

လုပ်ခ လစာက
မသာတောင် ပို့ရခက်တယ် ကဗျာဆရာရယ်
ကျနော်
သူတို့ မျက်နှာကို ကြည့်ငေးမိတယ်
သူတို့က တွေးတွေးဆဆ
ကျနော့်ကို ပြန်မော့ကြည့်ကြပြန်တယ်
ဒီည
ဒီလိုကဗျာမျိုးပဲ ရေးဖြစ်တယ် ကျော်ကိုကို။
၂၂ – ၂ – ၂၀၁၅

အညာ တဲ့
လမ်းမကြီးက
ကြမ်းရှ ပူလောင်လွန်းမယ်
လောင်ကျွမ်းတဲ့ ကတ္တရာ။

ခြေဖ၀ါးမှာ
ဒဏ်ရာတွေက
တံလှပ်လှိုင်း
လက်ပံပွင့်တွေ အပြိုင်းပြိုင်း
ပြိုကျသလိုလေ
ရဲဗလောင်းခတ်။

အဲဒီ့ ခြေဖ၀ါးတွေထဲမှာ
ကျနော်နဲ့ ကဗျာတွေ ရှိတယ်
ရဲဗလောင်းခတ်။
၁ မေ ၂၀၁၆

ဆဲကြဗျာ
ဆဲကြ။ ဆဲကြပါ

ကျနော့်ကို ဆဲပါ
သူတို့ကို စာနာပါ။

မောင်လွမ်းဏီ
၁၉- မေ – ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts