ဝေဖန်ရေးရာ

ခင်မောင်စော (ဘာလင်) – ပြန်လည်သတ်မှတ်ပေးသင့်သော ရုံးပိတ်ရက်များ

ခင်မောင်စော (ဘာလင်) – ပြန်လည်သတ်မှတ်ပေးသင့်သော ရုံးပိတ်ရက်များ
(မိုးမခ) မေ ၁၉၊ ၂၀၁၆

NLD အစိုးရသစ်တက်လာသည်ဆိုသည်နှင့် အစိုးရရုံးပိတ်ရက်များကိစ္စကို အသစ်ပြန်လည်သတ်မှတ်သင့် သည်ဟူသောအသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ဤနေရာတွင် သမိုင်းကြောင်း ကို သေသေချာချာလေ့ လာပြီးမှတောင်းဆိုသင့်သည့် အရာကိုသာ တောင်းဆိုသင့်ပေသည်။

ပထမဆုံးထွက်ပေါ်လာသည်အော်သံမှာတပ်မတော်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ပြန်ပြောင်း ရန်ဟူသော အော်သံဖြစ်သည်။ ၎င်းအချက်မှာ သမိုင်းကြောင်းကို အတိအကျ အသေအချာမလေ့လာဘဲ ထအော်လိုက်မိခြင်းကြောင့် ဒုက္ခရောက်ရသည့်ပြဿနာဖစ်သည်။ အမှန်မှာဖက်ဆစ်တော်လှန်ရေး နေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းပေးလိုက်သည့်အစိုးရမှာ ဦးနု၏ဖဆပလအစိုးရဖြစ်သည်။

ထိုအချိန်က ဦးနုအစိုးရမှာ စစ်တပ်ကိုသိက္ခာတင်ပေးစရာအကြောင်းများစွာ ရှိနေသည်။ ရောင်စုံသူပုန် များကိုအောင်နိုင်ပြီး မြို့ကြီးများတမြို့ပြီးတမြို့အစိုးရလက်အောက်သို့ပြန်ရောက်လာကာ အုပ်ချုပ်ရေး ခိုင်မာလာသည်က တကြောင်း၊ တရုတ်ဖြူကျူးကျော်မှုကို မတွန်းလှန်နိုင်ဘဲရှိနေရာမှ ဗိုလ်မှူးချုပ်ကျော် ဇောဦးစီးသောစစ်ဆင်ရေးဖြင့်အောင်မြင်ခဲ့ခြင်းကတကြောင်းတို့ကြောင့် ဗမာတပ်မတော်ကို ချီးမြှောက် လိုသည့်အချက်က တချက်။ ၁၉၅၄ ခုနှစ်တွင် မြန်မာနှင့် ဂျပန် သံတမန်ဆက်သွယ်ရေးများပြန်စခဲ့လေရာ ဂျပန်က စစ်လျော်ကြေးပေးမည်ဟုကတိပေးလိုက်သောကြောင့် စစ်လျော်ကြေးငွေများများရရန် ရည် ရွယ်ချက်ဖြင့် ဖက်ဆစ်ဂျပန်ဆိုသောစကားကို မသုံးလိုတော့၍ ဝိနည်းရှောင်ကာ တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ပေးရန် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး (ကျားကြီး) ဦးဗဆွေက အဆိုတင်သွင်းပြီး သတ်မှတ်ပေးခဲ့ကြခြင်းဖြစ်သည်။

ထိုသမိုင်းကြောင်းကိုမသိသူများက ဒေါ်စုအစိုးရသစ်တက်လာလာခြင်း တပ်မတော်နေ့ကို တော်လှန်ရေးနေ့ဟုပြန်ပြောင်းပေးပါ။ တပ်မတော်နေ့ဆိုသည်မှာ ဖက်ဆစ်တော်လှန်ရေးနေ့ကို အာဏာရှင် ဗိုလ်နေဝင်းခေတ်က တပ်မတော်နေ့ဟု ပြောင်းထားခြင်းဖြစ်သဖြင့် အများပြည်သူတော်လှန်ရေးကို စစ် တပ်က မောင်ပိုင်စီးထားသလို ဖြစ်နေပါသည် အစရှိသဖြင့် ဘုမသိဘမသိအော်ကြလေတော့ရာ စစ်တပ် ကလည်း သူတို့ပိုင်မီဒီယာများကတဆင့် ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု အမည်ပြောင်း ပေးခဲ့သည်မှာ အာဏာရှင်ဗိုလ်နေဝင်းခေတ်ကမဟုတ်ဘဲ အများပြည်သူက ရွေးချယ်တင်မြှောက်ထား သည့်ဦးနု၏ဖဆပလ အစိုးရခေတ်တွင်ဖြစ်ကြောင်း သက်သေသာဓကများနှင့် ထောက်ပြလေတော့ရာ အော်ဟစ်သူအပေါင်း အရှက်ကွဲရလေတော့သည်။ အမှန်မှာ တခုခုကိုမတောင်းဆိုမီ အချက်အလက် များကို ပိုင်နိုင်စွာ လေ့လာထားသင့်ပေသည်။

နောက်တချက်မှာ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည်မှာလည်း အောက်မြန်မာပြည် တွင်သာ ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) နှင့် ကွန်မြူနစ်ပါတီတို့က ဦးဆောင်ပြီးလုပ်ခဲ့ခြင်းဖြစ်သည်။ အောက်မြန်မာပြည်တွင် ဖက်ဆစ်တော်လှန်ရေးစချိန်၌ အထက် ဗမာပြည်၏အကြီးဆုံးမြို့နှင့်မြန်မာပြည်၏ ဒုတိယမြို့တော်မန္တလေးကို မဟာမိတ်တပ်များသိမ်းထား ပြီး နေပြီ။ ထို့ကြောင့်လည်း ဗိုလ်ဗထူးခေါင်းဆောင်သော ဗမာ့တပ်မတော်အထက်ဗမာပြည်တပ်များက မတ် လ ၉ ရက်နေ့တွင် ဂျပန်ကိုစတင်တော်လှန်ခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်ကိုမူ အင်္ဂလိပ်တပ်များက ၁၉၄၅ ခုဇန်နဝါရီလဆန်းကပင် ပြန်လည်သိမ်းပိုက်ထားခဲ့ပြီးဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဆစ်တော်လှန် ရေးစသည့်နေ့ထက် ၃ လခန့်စောနေသည်။ ဂျပန်များသည် မြန်မာပြည်တပြည်လုံးကို မသိမ်းနိုင်ခဲ့ပါ။ မြန် မာပြည်မြောက်ပိုင်း၌ မြစ်ကြီးနားမြို့အထိသာ သိမ်းနိုင်ခဲ့သည်။ မြစ်ကြီးနားမြို့သည် ထိုစဉ်ကBurma Proper ထဲ၌ရှိသဖြင့် ကချင်တောင်တန်းဒေသကို ဂျပန်မသိမ်းနိုင်ခဲ့ဟု ယူဆရမည်။

ပူတာအိုခေါ် (Fort Hertz) မြို့တွင် အမေရိကန်ဗိုလ်ချုပ် စတီးဝဲလ်နှင့်တရုတ်တပ်များ နှင့် ၎င်းတို့ ကသင်တန်းပေးထား သော ကချင်ရိန်းဂျာခေါ် ကချင်ပြောက်ကျားတပ်များ ရှိနေသည်။ ကချင်ရိန်းဂျာများ၏ ခြုံခိုတိုက်ခိုက်မှု ကြောင့် ဂျပန်စစ်တပ် အထိနာသည်။

ချင်းတောင်တန်းတွင်လည်း အင်္ဂလိပ်တို့လေ့ကျင့်ပေးထားသော ချင်းပြောက်ကျားများ၏ လက်ချက်ကြောင့်ဂျပန်များ မကြာခဏ အသတ်ခံနေရသည်။

ကရင်တောင်တန်း များပေါ်တွင်လည်း အင်္ဂလိပ်လေထီးဆင်းတပ်သားများနှင့်အတူ ကရင်များက ဂျပန်များကိုခြုံခိုတိုက်ပွဲ များဆင်နွှဲကြသည်။

အလံနီခေါင်းဆောင်သခင်စိုးကြီးကလည်း ဂျပန်ကဖွဲ့ပေးသောအစိုးရထဲတွင်မပါဘဲ မြစ်ဝကျွန်းပေါ်တွင် တဦးတည်းတော်လှန်ရေးလုပ်နေသည်။

ဂျပန်တော်လှန်ရေးလုပ်ရန် သုံးပါတီအစည်း အဝေးကို ပဲခူးမြို့ဗမာတပ်မတော်စံပြတပ်ရင်း၊ တပ်ရင်းမှူးဗိုလ်ကျော်ဇောအိမ်၌ အစည်းအဝေးလုပ်ရန် အတွက် သခင်စိုးအားဗမာ့တပ်မတော် ယူနီဖောင်းဝတ်ပေးပြီး မြစ်ဝကျွန်းပေါ်မှ ပဲခူးသို့ လျှို့ဝှက်စွာခေါ် လာရပြီး လျှို့ဝှက်စွာမြစ်ဝကျွန်းပေါ်သို့ ပြန်ပို့ခဲ့ကြကြောင်း သမိုင်းအထောက်အထားများ ရှိနေသည်။

တော်လှန်ရေးစပြီးနောက်ပိုင်းတွင် ဗြိတိသျှစစ်ဗိုလ်ချုပ် ဖီးလ်မာရှယ် ဝီလျံဆလင်းနှင့် ဗိုလ်ချုပ်အောင် ဆန်းတွေခဲ့စဉ်ကလည်း မာရှယ်ဆလင်းက “ဗမာ့တော်လှန်ရေးကြီးကို ဘယ်သူခေါင်းဆောင်သလဲ” ဟု မေးလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်းက မဆိုင်းမတွပင် “သခင်စိုး” ဟုဖြေခဲ့သည်။ သခင်စိုးသည် ဂျပန် ခေတ်တခေတ်လုံး အစိုးရအဖွဲ့ထဲမပါဘဲ တော်လှန်ရေးသမားလုပ်နေခဲ့သူဖြစ်၍ သခင်စိုးစတင်တိုက် ခိုက်သောနေ့ကိုပင် ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ရတော့မည်လော။

ဖက်ဆစ်တော်လှန်ရေးနေ့ဆိုသည်မှာ သခင်စိုးအတွက်က တနေ့ဖြစ်နေမည်။ တိုင်းရင်းသားများအတွက် ကလည်းတနေ့စီ ဖြစ်နေမည်။ ဗမာ့တပ်မတော်၌ပင် အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည်တော်လှန် ရေးနေ့ချင်း မတူပါ။ ထို့ကြောင့်လည်း ဖဆပလခေတ်က ဖက်ဆစ်တော်လှန်ရေးနေ့ဟု မခေါ်စေတော့ဘဲ တပ်မတော်နေ့ဟု ပြောင်းလဲ သတ်မှတ်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။

အမှန်တကယ် အာဏာရှင်ဗိုလ်နေဝင်းခေတ်က ပြောင်းပစ်ခဲ့ပြီး ပြန်လည်သတ်မှတ်ပေးရမည့်နေ့မှာ
တောင်သူလယ်သမားနေ့ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်မှစပြီး ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးပိတ်ရက်လုပ်ပေးခဲ့သည်။ အမှန်မှာ ဗိုလ်ချုပ်အောင် ဆန်း၊ ဦးနုစသော ဖဆပလခေါင်းဆောင်များက ဇန်နဝါရီ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့ ကို ဤနည်းဖြင့် ရုံးပိတ်ရက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာပြည်တွင် ဇန္နဝါရီလ ၁ရက်နေ့ ကို
အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ အဖြစ် လက်မခံကြသေးပါ။ ခရစ်ယာန်နှစ်သစ်ကူးနေ့၊ အင်္ဂလိပ်နှစ် သစ်ကူးနေ့အဖြစ်သာနားလည်ထားကြသည်။ ထို့ကြောင့် “ခရစ်ယာန် နှစ်သစ်ကူးနေ့ ၊ အင်္ဂလိပ်နှစ် သစ် ကူးနေ့ကို အင်္ဂလိပ်ကျွန်အောက်ကလွတ်တာတောင် ရုံးပိတ်ရက်လုပ်ပေးရသေးသလား” ဟု ဝေဖန်မည့် မျက်ကန်းမျိုးချစ်များ၏ မြည်တွန်တောက်တီးသံကို ရာဇပရိယာယ်ဖြင့် ရှောင်ရှားနိုင်စေရန် တောင်သူ လယ်သမားနေ့အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ပေးခြင်း ဖြစ်သည်။

၁၉၆၂ ခု မတ်လ ၂ ရက်နေ့ ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် သူတို့အစိုးရတက်လာသောနေ့ကို ရုံးပိတ်ရက်လုပ်ချင်သဖြင့် ဇန်နဝါရီ ၁ ရက်နေ့သည်ကောက်သိမ်းပွဲတော်များမပြီးသေး၊ တောင်သူ လယ် သမားများမအားလပ်ကြသေး၊ မတ်လတွင်သာ ကောက်သိမ်းပွဲတော်များပြီး၍ တောင်သူလယ်သမားများ အားလပ်သည်ဆိုသောအကြောင်းပြချက်ဖြင့် တောင်သူလယ်သမားနေ့ကိုမတ်လ ၂ ရက်နေ့သို့ ပြောင်းပစ်ခဲ့သည်မှာ အနှစ် ၅၀ ကျော်ခဲ့လေပြီ။

ကမ္ဘာပေါ်တွင် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ကို ရုံးမပိတ်ဘဲထားသည့်နိုင်ငံဟူ၍ မြန်မာနိုင်ငံတခု သာရှိမည်ဟု ထင်ရသည်။ အစ္စလာမ်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့၌လည်း ရုံး ပိတ်သည်။ ကွန်မြူနစ်နိုင်ငံများဖြစ်သော မြောက်ကိုးရီးယား၊ တရုတ်နိုင်ငံတို့၌လည်း ရုံးပိတ်သည်။ ဟိန္ဒူ နိုင်ငံများဖြစ်သော အိန္ဒိယ၊ နီပေါတို့၌လည်း ရုံးပိတ်သည်။ ဂျူးဘာသာကိုကိုးကွယ်သော အစ္စရေး၌လည်း ရုံးပိတ်ရက်ဖြစ်သည်။ ဗုဒ္ဒဘာသာနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယား၊ ယိုးဒယား၊ သီရိလင်္ကာ တို့၌လည်း ရုံးပိတ်သည်။ မြန်မာပြည်တပြည်တည်းသာ ရုံးမပိတ်ပါ။

မိမိနန်းတက်သည့်နေ့ကို ရုံးပိတ်ရက်လုပ်ခဲ့သည့်အာဏာရှင်ဟောင်း ဗိုလ်နေဝင်းခမျာမှာလည်း အ ကျယ်ချုပ်အကျဉ်းသားဘဝနှင့်ကွယ်လွန်ခဲ့သည်မှာ ၂၀၀၂ ခုနှစ်က ဖြစ်၍ ၁၄ နှစ်ခန့်ရှိခဲ့ပေပြီ။ သို့ပါ သော်လည်း ၎င်းနန်းကျ အာဏာရှင်ကြီးပြောင်းထားသည့် တောင်သူလယ်သမားနေ့ကိုမူ ပြန်ပြောင်း ပေးရန် မည်သူကမျှသတိလည်း မရ၊ တိုက်လည်း မတိုက်တွန်းခဲ့ကြသေးပေ။ အမှန်မှာ မတ်လ ၂ ရက် နေ့သည် မြန်မာနိုင်ငံ ကံဆိုးမိုးမှောင်ကျသောနေ့ ဖြစ်သည်။

ဗိုလ်နေဝင်းအာဏာမသိမ်းမီက မြန်မာပြည် သည် စီးပွားရေးအရ၎င်း၊ လူမှုရေး၌၎င်း၊ ပညာရေးအဆင့်အတန်း၌၎င်း၊ နေထိုင်ပုံအရ ၎င်း၊ အာရှတိုက် တွင် ထိပ်ပိုင်း၌ ရှိသည်။ ဗိုလ်နေဝင်းအာဏာ ရပြီးသောအခါ မဆလခေါ် မြန်မာဆင်းရဲမွဲတေရေး လမ်း စဉ်ကြောင့် အစစအရာရာ ချို့ယွင်းလာကာ ၁၉၈၇ ခုနှစ်တွင် အကြွေးများမဆပ်နိုင်တော့ဘဲ ဒေဝါလီခံရ ပြီး၊ LDC ခေါ် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံများစာရင်းဝင်အဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားရကာ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွပေါက်ကွဲမှုကြီးဖြစ်ပေါ်လာ၍ သွေးချောင်းစီးရသည်ကို အားလုံးအသိပင် ဖြစ်ပါလျက်နှင့် ဗိုလ်နေဝင်းနန်းတက်သော မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ်မှ အ ဘယ့်ကြောင့် မပယ်ဖျက်နိုင်ရမည်နည်း။

ယခုခေတ်တွင် တကမ္ဘာလုံး၌ ဇန်နဝါရီလ ၁ ရက်နေ့ကို ခရစ်ယာန်နှစ်သစ်ကူးနေ့အဖြစ်မမြင်ကြတော့ဘဲ အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့အဖြစ်သာလက်ခံထားကြသည်။ တချက်ခုတ် ၂ ချက်ပြတ်သဘောဖြင့် ဗိုလ်နေဝင်းအာဏာရသောနေ့၊ တနည်းအားဖြင့် မြန်မာနိုင်ငံကံဆိုး မိုးမှောင်စကျသောနေ့ကို သမိုင်းထဲမှ ဖယ်ထုတ်ရန်အတွက်၎င်း၊ အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ကို သွယ်ဝှိုက်သောနည်းဖြင့် တရားဝင် ရုံးပိတ်ရက်အဖြစ် ပြန်ပြောင်းပေးနိုင်ရန်အတွက်၎င်းေ တာင်သူလယ်သ မားနေ့ကို ဇန်နဝါရီလ ၁ ရက်နေ့သို့ အနှေးနှင့်အမြန် ပြန်၍ပြောင်းသင့်ပေသည်။

ဆရာစံသည် တောင်သူလယ်သမားအရေးတော်ပုံကို ဒီဇင်ဘာလ ၂၆ နေ့ခန့်ကစတင်ပြီး ဇန်နဝါရီလ ၁ ရက်နေ့တွင် တိုက်ပွဲများဖြစ်ကာ အင်္ဂလိပ်အချို့ကို သတ်နိုင်ခဲ့သည်။ ထို့ ကြောင့် ဇန်နဝါရီလ ၁ ရက်နေ့သည် တောင်သူလယ်သမားများနှင့် တနည်းအားဖြင့် ပတ်သက်နေသည်။ ထို့ကြောင့် ရုံးပိတ်ရက်များကို ပြန်ပြောင်းရန် အစိုးရသစ်အနေဖြင့် စဉ်းစားလျှင် စစ်တပ်နှင့်ထိပ်တိုက်တိုးမည့် တပ်မတော်နေ့ကို ရှောင်ရှားပြီးတောင်သူလယ်သမားနေ့ကိုသာ ဦးစားပေးစဉ်းစားသင့်ပေသည်။

၎င်းပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တော့မည်ဖြစ်တော့မည်ဖြစ်သောကြောင့် ပြည်ထောင်စုကြီး တခုလုံးရုံးပိတ်ရမည့်နေ့များနှင့် ပြည်နယ်များတခုစီတွင်သာ ပိတ်ရမည့်သီးခြားရုံးပိတ်ရက်များကို သက်ဆိုင်ရာလွှတ်တော်များက သတ်မှတ်ပေးသင့်ပါသည်။ တိုင်းရင်းသားပြည်နယ်များတခုနှင့်တခု ပွဲတော်ချင်း မတူသဖြင့်ရုံးပိတ်ရက်ချင်းလည်းတူမည်မဟုတ်ပါ။ ကချင်ပြည်နယ်အတွက် မနောပွဲနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်သင့်သော်လည်း ကယားပြည်နယ်အတွက်ကိုမူ ကူးဘိုးထိုပွဲက ရုံးပိတ်ရက်ဖြစ်သင့်ပေသည်။

ဂျာမနီတွင် ရိုမင်ကက်သလစ်ဘာသာဝင်များသော တောင်ပိုင်းပြည်နယ်များနှင့်ပရိုတက်စတင့်ဘာသာဝင် များသော မြောက်ပိုင်းပြည်နယ်များရုံးပိတ်ရက်ချင်း မတူကြပါ။ ဥပမာ ခရစ်စမတ်နှင့်အီစတာပွဲတော် ရုံးပိတ်ရက်များမှာ ပြည်ထောင်စုကြီးတခုလုံး ရုံးပိတ်ရမည့်နေ့များဖြစ်သဖြင့်ဂျာမနီတခုလုံးတွင် ရုံးပိတ် သော်လည်း ဇန်နဝါရီလ ၆ ရက်နေ့တွင်ကျင်းပသော Epiphany; celebration of God’s appearance ခေါ်ပွဲတော်နေ့မှာမူ ရိုမင်ကက်သလစ် ဘာသာဝင်များသော တောင်ပိုင်းပြည်နယ်များ၌သာ ရုံးပိတ်ရက် ဖြစ်ပြီး ပရိုတက်စတင့် ဘာသာဝင်များသော မြောက်ပိုင်းပြည်နယ်များတွင် ရုံးပိတ်ရက်မဟုတ်ပါ။

မြန်မာပြည်သူပြည်သားများသည် အနှစ် ၅၀ ကျော် တသွေး၊ တသံ၊ တမိန့်အောက်မှာနေလာခဲ့ရရာမှ ယခု လူထုရွေးချယ်တင်မြှောက်လိုက်သောအစိုးရတက်လာပြီဖြစ်ရာ ခေတ်နှင့်မဆီလျာ်တော့သော အချို့ ရုံးပိတ်ရက်များကို ပြုပြင်ပြောင်းလဲသင့်ပြီ ဖြစ်ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts