International News

ရီပတ်ဘလင်ကန်အောက်လွှတ်တော်ကြောင့် အမေရိကန်အစိုးရ အခုထိ ဘတ်ဂျက်မရှိ၊ အကြွေးမချေးနိုင်သေး

 ရီပတ်ဘလင်ကန်အောက်လွှတ်တော် ကြောင့် အမေရိကန်အစိုးရ အခုထိ ဘတ်ဂျက်မရှိ၊ အကြွေးမချေးနိုင်သေး
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၁၆၊ ၂၀၁၃
(အောက်တိုဘာ ၁၅၊ ၀ါရှင်တန်ဒီစီ)၊ အောက်တိုဘာ ၁၇၊ အစိုးရရဲ့ ငွေချေးခွင့် သတ်မှတ်ချက် (Debt Ceiling) တိုးမြှင့်ဖို့ နောက်ဆုံးရက် နီးကပ်လာတာနဲ့အမျှ အမေရိကန်ပြည်က လွှတ်တော်နဲ့ အစိုးရတို့ကြား သဘောတူချက် မရနိုင်သေးဘူး ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်ကတည်းက အစိုးရဘတ်ဂျက်ကို ချမပေးနိုင်တာကြောင့် အစိုးရကိုယ်တိုင်ကလည်း တစိတ်တပိုင်း ရပ်ဆိုင်း (Government Shutdown) ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါကို ၀ါရှင်တန်မှာ နိုင်ငံရေး အကြပ်အတည်း အကြီးအကျယ် ရင်ဆိုင်နေရပြီဆိုပြီး ပြည်တွင်းသာမက ပြည်ပကပါ စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။
အောက်တိုဘာ ၁၅ မတိုင်ခင် စနေ၊ တနင်္ဂနွေကတည်းက အကြိတ်အနယ် အစိုးရ၊ အောက်လွှတ်တော်၊ အထက်လွှတ်တော် ခေါင်းဆောင်များ ဆွေးနွေး အဖြေရှာကြပြီး၊ ၂ ဦး ၂ ဖက် ပြေလည်မှု ရပြီလို့ ထင်ကြေးတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်းကျတော့ ရီပတ်ဘလစ်ကန်ကြီးစိုးတဲ့ အောက်လွှတ်တော်အမတ်တွေထဲက တီးပါတီ ရှေးရိုးစွဲအမတ်တွေ၊ ပြင်ပက လော်ဘီ၊ ကင်ပိန်းလုပ်တဲ့ ကျောထောက်နောက်ခံတွေက ဆန့်ကျင်ခြားနားနေကြတာကြောင့် အောက်လွှတ်တော်မှာ အစိုးရပြန်ဖွင့်ဖို့၊ ငွေချေးခွင့် တိုးမြှင့်ဖို့ ခွင့်ပြုတဲ့ မဲဆန္ဒကောက်ယူခြင်းကို မလုပ်နိုင်တော့ဘဲ ရီပတ်ဘလစ်ကန်အောက်လွှတ်တော် ခေါင်းဆောင် ဂျွန်ဘေနာက နောက်ဆုတ်လိုက်ပါတော့တယ်။ အောက်လွှတ်တော်ကို စောင့်ဆိုင်းရင်းကနေ အထက်လွှတ်တော်အမတ်တွေက သူတို့ပုံစံနဲ့ အစိုးရပြန်ဖွင့်ဖို့ သဘောတူညီချက်တခု ရအောင် ပြင်ဆင်ပေးနေတာကိုလည်း အောက်လွှတ်တော်က လက်ခံခြင်း မပြုပါဘူး။
အဓိကအချက်ကတော့ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ထိခိုက်နစ်နာစေတဲ့ အရေးယူမှုတွေ အနှောက်အယှက်တွေ ဖော်ဆောင်တဲ့ နည်းဥပဒေတွေကို ထုတ်ပြန်ဖို့ တီးပါတီအမတ်တွေ၊ ရှေးရိုးစွဲအမတ်တွေက ပြန်လည် ကြိုးပမ်းတာကြောင့် အခြားရီပတ်ဘလစ်ကန်အမတ်တွေကော၊ ဒီမိုကရက်အမတ်တွေကောပါ ရှေ့ဆက်မတိုးနိုင်ပဲ လက်လျော့လိုက်ရတာ ဖြစ်ပါတယ်။
သည်တော့ အောက်လွှတ်တော်ခေါင်းဆောင်၊ ရီပတ်ဘလစ်ကန်အမတ်၊ ဂျွန်ဘေနာက ဒီနေ့ ညနေပိုင်းကနေ ဆက်လက် ဆွေးနွေးမှုတွေ ပါတီတွင်းမှာ ဆက်လုပ်လိုက်ဦးမယ်၊ နက်ဖြန်ကျရင် သဘောတူညီချက်တခု ထွက်လာဖို့၊ အဆိုတင် မဲခွဲနိုင်ဖို့ ကြိုးစားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဘေနားက လွှတ်တော်ထဲမှာ ရှုံးနိမ့်မယ့် အဆိုကို မတင်ချင်ဘူး၊ သေချာပေါက် အောင်မြင်တဲ့ အဆိုကို တင်ပြီး အစိုးရပြန်ဖွင့်ဖို့၊ အကြွေးမျက်နှာကြက် မြှင့်တင်ဖို့ကို လုပ်ဆောင်ချင်တယ်လို့ ဆိုပါတယ်။
အထက်လွှတ်တော်ခေါင်းဆောင်တွေ တင်ပြတဲ့ အဆိုက အစိုးရဘတ်ဂျက်ကို ၂၀၁၄ ဇန်န၀ါရီအထိ ခွင့်ပြုရန်၊ အစိုးရငွေချေးခွင့်များကို ၂၀၁၄ ဖေဖော်ဝါရီအထိ ဆက်လက်တိုးပေးရန်၊ အခုလို ယာယီသဘောတူနေချိန်အတွင်း လွှတ်တော် ၂ ရပ်နဲ့ အစိုးရတို့ကြား အစိုးရအသုံးစာရိတ်ကို ချွေတာ ဖြတ်တောက် လျော့ချရေး ဆွေးနွေးပွဲများ ကျင်းပပြီး ဆောင်ရွက်ရန် တင်ပြတာ ဖြစ်ပါတယ်။ အိုဘားမားရဲ့ ကျန်းမာရေးဥပဒေကို တားမြစ် ပိတ်ပင်တဲ့ နည်းဥပဒေတွင် ထည့်သွင်းဖို့ကို ဖြုတ်ချထားခဲ့ပါတယ်။ သို့သော်လည်း အောက်လွှတ်တော်အမတ်တွေက ဘတ်ဂျက်ကို ဒီဇင်ဘာအထိပဲ ပေးမယ်၊ ဒီကြားထဲမှာ အိုဘားမားရဲ့ ကျန်းမာရေးဥပဒေထဲက လုပ်ပိုင်ခွင့်အချို့ကို တားမြစ် ရွှေ့ဆိုင်းတာတွေ လုပ်တဲ့ နည်းဥပဒေတွေ ပြဌာန်းမယ်လို့ တန်ပြန်အဆိုတင်တာကြောင့် အောက်လွှတ်တော်မှာ မဲမခွဲနိုင်ဘဲ ရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။
အစိုးရ ဆက်လက် လည်ပတ်ဖို့ဆိုတာ အောက်လွှတ်တော်က သဘောတူပြီး၊ အထက်လွှတ်တော်ကပါ ထောက်ခံမှ အစိုးရက အလုပ်လုပ်ခွင့် ရှိတာ ဖြစ်ပါတယ်။ အခုကတော့ အမေရိကန်ပြည်မှာ အစိုးရဟာ ပိုက်ဆံလည်း မရှိ၊ အကြွေးလည်း မယူနိုင်နဲ့ ရပ်တန့်နေရပြီ ဖြစ်ပါတယ်။
(ဓာတ်ပုံ – အောက်လွှတ်တော် အမတ်ခေါင်းဆောင် ဂျွန်ဘေနာ၊ ပါတီတွင်း ပါတီပြင် အကြပ်ဆိုက်နေတဲ့ပုံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts