International News ဓာတ်ပုံသတင်း

New SF Bay Bridge Open ToNight

ဆန်ဖရန်ဘေးဧရိယာ၏ ဘေးဘရစ်ဂ်ျ အရှေ့ပိုင်းတံတားအသစ် ဖွင့်ပြီ
မိုးမခအထောက်တော် (ဆန်ဖရန်စစ္စကို) စက်တင်ဘာ ၂၊ ၂၀၁၃

       ယနေ့ည၊ ပစိဖိတ်အချိန် ၁၀နာရီ ၁၅ ခန့်က ဆန်ဖရန်ဘေးဧရိယာ၏ လူသွားအများဆုံး တံတားကြီးဖြစ်သည့် Bay Bridge ၏ ၂ မိုင်ကျော် ရှည်လျားသည့် တံတားအရှေ့ခြမ်း အသစ်အစားထိုး ပြုပြင်မှု ပြီးစီး ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

          သြဂုတ် ၂၈ မှ စက်တင်ဘာ ၃ မနက် ၅ နာရီအထိ ပိတ်ပြီး ပြင်ဆင်ရန် အချိန်ဇယားထက် ၇ နာရီ စောပြီး စက်တင်ဘာ ၂ ၊ ည ၁၀နာရီ ၁၀မှာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

         
ယခုကဲ့သို့ တံတားအသစ် အချိန်စောပြီး ဖွင့်မည့်သတင်းကြားသဖြင့် ပထမဦးဆုံး တံတားအသစ်ကို ဖြတ်မောင်လိုသူ မော်တော်ကားများက တံတား၏ ဥက္ကလံအရှေ့ဖက်ဂိတ်နှင့် ဆန်ဖရန်အနောက်ဖက်ဂိတ်တို့တွင် အစီးပေါင်း ရာချီပြီး လာရောက်စောင့်ဆိုင်းနေကြသည်။               ယခုသတင်းရေးနေချိန်တွင် လုံခြုံရေး ရဲကားများ၏ ဦးဆောင်မှုဖြင့် တံတားအသစ်ကို ဖြတ်သန်းမောင်းနှင်နေကြပြီ ဖြစ်သည်။

             ၁၉၉ ၈ နှစ်က ၄ လအတွင်း ဒေါ်လာ ၂ ဘီလျံနှင့် အပြီးဖောက်မည် ပြောခဲ့သော်လည်း ယခု ၂၀၁၃ ၊ ဆယ်စုနှစ် ၁ခု အကျော်မှ ဘီလျံပေါင်း ၆ ဘီလျံကျော် ကုန်ပြီးမှ ယခု bay bridge အရှေ့ခြမ်းအသစ်ဖောက်လုပ်မှု ပြီးစီးခဲ့ခြင်း ဖြစ်သည်။
             
ယခုအသစ်ဖောက်လုပ်အစားထိုးသော bay bridge east span တွင် ကားလမ်းများအပြင် ဘေးအလည်ရှိ treasure island အထိ လူများ စက်ဘီး ခြေကျင်တို့ဖြင့် သွားနိုင်သည့် လူသွားလမ်းများလည်း ဖောက်လုပ်ထားသည်။ အလွန်စည်ကားလိမ့်မည်ဟု ခရီးသွားများက ခန့်မှန်းကြသည်။
             
 တံတားအသစ်ဖွင့်ပွဲကို ယနေ့နေ့ခင်းက ပြည်နယ်၏ ဒုဝန်ကြီးချုပ် နယူးဆွန်၊ ဥက္ကလံမြို့တော်ဝန် နဲ့ ဆန်ဖရန်မြို့တော်ဝန်တို့က အင်ဂျင်နီယာများ၊ လမ်းတံတားအဖွဲ့များ၊ ၀န်ထမ်းများနဲ့အတူ ဖွင့်လှစ်ခဲ့ကြပြီး ဖြစ်သည်။ ဘေးဘရစ်ဂ်ျပေါ်တွင် ရှေးဟောင်းကားများမှသည် နောက်ဆုံးပေါ် ဘက်ထရီကားများဖြင့် တန်းစီပြီး ဖြတ်သန်း ဖွင့်လှစ်ခဲ့ကြသည်ဟု ဆိုသည်။

(ဓာတ်ပုံ KTVU CH 2, တီဗီမှတဆင့် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts