International News

အမေရီလို ဇေယျသုခ တတိယအကြိမ်စုပေါင်းကထိန်ပွဲ ကျင်းပရန် ပြင်ဆင်

အမေရီလို ဇေယျသုခ တတိယအကြိမ်စုပေါင်းကထိန်ပွဲ ကျင်းပရန် ပြင်ဆင်

မိုးမခအထောက်တော် (အမာရီလို)၊ နိုဝင်ဘာ ၄၊ ၂၀၁၃

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ တတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ ၁၆၊ ၁၇ ရက်-စနေ၊ တနင်္ဂနွေနေ့ များတွင် ကျောင်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားနိုင်ရန် အမာရီလိုမြို့  ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသား မိသားစုများက စီစဉ်နေကြကြောင်း သတင်းရရှိသည်။

“တစ်နှစ်မှ တစ်ခါ ဆက်ကပ်လှူဒါန်းခွင့် ကြုံလာသည့် ဤကထိန်လျှာသင်္ကန်းကို ဆက်ကပ်လှူဒါန်းခွင့် ရသူများအဖို့ အလှူမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ ဘုရားမှာ စိန် ဆိုသလို အမြင့်မြတ်ဆုံးသော ကုသိုလ်ထူးကို ဆည်းပူးခွင့်ရတဲ့အပြင် ကထိန်ခံ ရဟန်းတော်တို့ကို ဘုရားသော်မှ ပယ်ဖျက် ပေးနိုင်စွမ်း မရှိတဲ့ ၀ိနည်းဒေသနာလာ အာပါတ်တချို့ ကိုပင် အာပါတ်မသင့်အောင် တားမြစ် ပယ်ဖျက်ပေးနိုင်တဲ့အတွက် ကထိန်ပွဲ ကျင်းပဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်တပါးလည်းဖြစ်၊ အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဌလည်းဖြစ်သည့် အရှင်နန္ဒ၀ံသက ရှင်းလင်းမိန့် ကြားတော်မူသည်။

စုပေါင်းမဟာ ဘုံကထိန်ပွဲ အောင်အောင်မြင်မြင်ဆင်နွှဲကျင်းပနိုင်ရန် ဇေယျသုခ ကျောင်းထိုင်ဆရာတော် အရှင်နန္ဒ၀ံသ၏ ဦးဆောင်လမ်းညွှန်မှုနဲ့ အတူ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းသူ အသင်းသားများက စီမံခန့် ခွဲမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အယုတ်၊ အလတ်၊ အမြတ်မရွေး၊ သဒ္ဒါတရား နည်းများမဟူ တတ်အားသမျှ စုပေါင်းပါဝင် ဆင်နွှဲကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စေတနာရှင် အလှူရှင်များအနေဖြင့် စုပေါင်းမဟာ ဘုံကထိန်ပွဲအတွက် ဇေယျသုခ ကျောင်းထိုင်ဆရာတော် အရှင်နန္ဒ၀ံသ လက်ကိုင် မိုဘိုင်းဖုန်း ၈၀၆-၂၉၀-၈၀၁၇ ကို ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်သည်ဟု သိရသည်။

ဘုံကထိန်ပွဲတော်သို့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှ သံဃာဦးရေ ၁၀ ပါးခန့် ပင့်ဖိတ်မည်ဖြစ်ပြီး အမာရီလိုမြို့  အနီးတ၀ိုက် မြို့  များဖြစ်သည့် ဒူးမာ့စ်၊ ခက်ထက်၊ ကင်ရွိင်နှင့် လက်ဘရက် ကင်ဆာ့မြို့ များမှ မြန်မာတိုင်းရင်းသားများ ကထိန် ကုသိုလ်ထူးကို ဆည်းကပ်ပါဝင်ခွင့် ရရှိစေရန် လာမည့် စနေ၊ တနင်္ဂနွေနေ့ များတွင် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းက ကွင်းဆင်း နှိုးဆော် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများက မိုးမခကို ပြောကြားသည်။

ဘုံကထိန်ပွဲ အခမ်းအနား အစီအစဉ်အရ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ (၁၁-၁၆-၂၀၁၃ ) စနေနေ့ ညနေပိုင်းတွင် စုပေါင်း ပဒေသာပင်များ လှည့်လည်ခြင်းနှင့် စုပေါင်းတန်ဆောင်တိုင် ဆီမီးထွန်းညှိ ပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့် (၁၁-၁၇-၂၀၁၃) တနင်္ဂနွေနေ့ နံနက် ၉း၃၀ တွင် သိမ်ဝင် ကထိန်ကံဆောင်ပြီး ကထိန်အောင် သိမ်ဆွမ်း လောင်းလှူခြင်း၊ ရေစက်ချ တရားနာယူခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူ ပူဇော်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရှိရသည်။

                       

ပွဲတော်သို့ ကြွရောက်လာမည့် ပင့်သံဃာများနှင့် ဧည့်ပရိတ်အပေါင်းတို့ အား အလှူရှင် ဦးမောင်ဝင်း မိသားစုတို့ က ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပြီးကထိန်အောင်ပွဲ အထိမ်းအမှတ်အနေဖြင့် တနင်္ဂနွေနေ့ နေ့ လည် ၁ နာရီခန့် တွင် “ပျော်ပျော်ပါးပါး” အမည်ရသည့် အမာရီလိုမြို့  ယဉ်ကျေးမှုအနုပညာအဖွဲ့ မှ ပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့အား ပဒေသာမျိုးစုံ အကအလှများနဲ့ အောင်ပွဲခံ ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts