တူမောင်ညို သူတို့အာဘော်

တူမောင်ညို – စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဘောင်ထဲက ထင်ကြေးဗိုင်းရပ်စ်

NLD Chair’s facebook

တူမောင်ညို – စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဘောင်ထဲက ထင်ကြေးဗိုင်းရပ်စ် 

(မိုးမခ) မတ် ၅၊ ၂၀၁၆

ခေတ်မီသူတိုင်း ထင်ကြေးမျိုးစုံပေးကြတယ်လို့ ဆိုရမလားမပြောတတ်။ ပြည်တွင်းပြည်ပ ထင်ကြေးတွေက ဦးသိန်းစိန်အစိုးရ ဆင်းခါနီးလောင်နေတဲ့ (ရှို့) မီးတွေလိုပဲ တမျိုးပြီး တမျိုး၊ ဒီလို ထင်ကြေးပေးနေမှုတွေ မကြာခင်နိဂုံးချုပ်တော့မယ်။

ရိုးရိုးပဲစဉ်းစားကြည့်ရင် အဲဒီ ထင်ကြေးတွေ ချက်ချင်းလက်ငင်း မဖြစ်နိုင်တာ အလွယ်သိနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ ထင်ကြေး တွေက အများစုဖြစ်နေတာကိုလည်း တွေ့ရမှာပါ။ ထင်ကြေးမျိုးစုံကို အများစုက ဆန္ဒစွဲနဲ့ပေးနေကြတာဖြစ်ပြီး ဆန္ဒစွဲနဲ့လက်ခံကြ၊ လက်ဆင့်ကမ်းနေ ကြခြင်းသာဖြစ်ပါတယ်။ ဒီလိုထင်ကြေးတွေ တမျိုးပြီးတမျိုးဖြစ်လာရအောင် စေ့ဆော်ပေးနေတဲ့ဝန်းကျင်ကလည်း ရှိ နေတယ်မဟုတ်လား။ အဓိကစေ့ဆော်နေတဲ့ အကြောင်းအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင်တွေ့ ဆုံ မှု ဆိုတဲ့ အကြောင်းအချက်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ထင်ကြေးတွေ ထင်တစ်လုံးနဲ့ ပေးမယ့်သာပေးနေကြတာပါ။ ထင်ကြေးတွေအားလုံးကို နင်းခြေပစ်တဲ့ စကားလုံးတွေကို ကာချုပ် ဗိုလ်မင်းအောင်လှိုင်က ပြတ်ပြတ်သားသား ပြောပြီးသားဖြစ်ပါတယ်။

” ဒီမိုကရေစီသက်တမ်း ငါးနှစ်ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂) ပါ အတိုင်းပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့်အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း ” တဲ့။

ကာချုပ်ပြောတဲ့စကားက မှတ်ချက်ပေးဖို့ မလိုအောင်ရှင်းပါတယ်။

“ ဒို့ပြင်ချင်တဲ့ ပုဒ်မကို၊ ဒို့ပြင်ချင်တဲ့ အချိန်မှာ၊ ဒို့စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေပါ အတိုင်းပြင်မယ်” လို့ ပြောတာပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမယ်။ ဒါဟာ လူအများရဲ့ဆန္ဒ၊ ဒီချုပ်ပါတီဝင်များရဲ့ဆန္ဒဖြစ်ပါတယ်။ ဒီဆန္ဒချက်ချင်း လက်ငင်းမဖြစ်နိုင်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၅၉ (စ) က တားမြစ် ကန့်သတ်ထားလို့ဖြစ်ပါတယ်။ ဒီအချက်က လက်တွေ့ဖြစ်ပါ တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်စေချင်တဲ့ဆန္ဒဟာ လက်တွေ့ဆိုတဲ့ ပုဒ်မ ၅၉ (စ) တည်ရှိနေသမျှ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။ သမ္မတဖြစ်စေချင်ရင် ဒီပုဒ်မကို ဖျက်သိမ်း (သို့မဟုတ်) ပြင်ဆင်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီလို ပြင်ဆင်မယ်ဆိုရင်တောင် ချက်ချင်း လက်ငင်းမဖြစ်နိုင်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ မှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းနည်းလမ်း တွေနဲ့ အညီ သာပြင်ဆင်ရမှာပါ။ ဒီလိုပြင်ဆင်နိုင်ဖို့အတွက် လအချို့ကြာမြင့်နိုင်ပါတယ်။

အဓိကအချက်ကတော့ ကာချုပ်က လက်ခံမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုလက်တွေ့အချက်အလက်တွေပေါ်ကနေ စဉ်းစားလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ဆန္ဒအိပ်မက်ဟာ ချက်ချင်းလက်ငင်းဖြစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ရှင်းရှင်းကလေး သိနားလည်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ “ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ စကားကို ဒီချုပ်ပါတီနာယကကြီးနဲ့ ဒီချုပ်ပါတီအီးစီလူကြီးတွေ ကိုယ် တိုင်ကပြောနေတာပဲမဟုတ်လားလို့ဆိုလာပြန်ရင်လည်း ဒါဟာ သူတို့ရဲ့ ပြင်းပြထက်သန်တဲ့ဆန္ဒကို ဖော်ပြနေတာသာဖြစ်ပါတယ်။ အပြတ် သားဆုံးပြောရမယ်ဆိုရင် ပုဒ်မ ၅၉(စ) ကို မဖျက်နိုင် (သို့မဟုတ်) မပြင်နိုင်သမျှ “ဖြစ်ကိုဖြစ်ရမယ်” ဆိုတဲ့ သူတို့ရဲ့ ပြင်းပြထက်သန် တဲ့ဆန္ဒဟာ လက်တွေ့အကောင်အထည် ဘယ်လိုမှ ဖြစ်မြောက်မလာနိုင်ပါဘူး။

နောက်ထပ်ထင်ကြေးတစ်ခုကလည်း အလားတူပါပဲ။

ဒေါ်အောင်ဆန်းစုကြည် “ဝန်ကြီးချုပ်” ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုဖြစ်ပါတယ်။

ဒီလိုထင်ကြေးပေးနေကြသူတွေဟာ သမ္မတဖြစ်ရေးစိတ်ကူးဟာ ပုဒ်မ ၅၉ (စ) တည်မြဲနေသမျှ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို တကယ်သဘောပေါက်ပြီး စွန့်လိုက် ကြသလား။ ဒါမှမဟုတ် ဟိုဟာမဖြစ်ရင်ဒီဟာဖြစ်ရမယ်ဆိုပြီး ထင်ရာမြင်ရာ စွတ်ရွတ်ပေးနေလေသလားတော့မသိပါဘူး။

ဘယ်သူမဆို ဝါသနာပါလို့ပဲဖြစ်ဖြစ် ကံစမ်းလိုလို့ ပဲဖြစ်ဖြစ် ထင်ကြေးပေးမယ် ဆိုရင် မိမိထင်ကြေးဟာ ၂၀၀၈ အခြေခံ ဥပဒေ နဲ့ညီမညီ ပထမဆုံးစစ်ဆေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ထင်ကြေးဟာ ဖြစ်နိုင်ဖို့ ဘယ်လိုမှ မလွယ်ပါဘူး။ ပေါ်ပေါက်နေတဲ့ ထင်ကြေးတွေထဲက ထင်သာမြင်သာရှိတာနှစ်ကို ထုတ်ပြီး နှိုင်းယှဉ် ပြောပါရစေ။

“ဝန်ကြီးချုပ်” ဆိုတဲ့ ထင်ကြေးနဲ့၊ “နိုင်ငံခြားရေးဝန်ကြီး” ဆိုတဲ့ ထင်ကြေး နှစ် ခုကိုကြည့်ပါ။

“ဝန်ကြီးချုပ်” ဆိုတဲ့ ထင်ကြေး ဖြစ်လာနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို အခြေခံဥပဒေ ဗဟုသုတ အတန်အတင့် ရှိသူတိုင်းသိနိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေထဲက ပြည်ထောင်စုအစိုးရဖွဲ့စည်းမှုထဲမှာ “ဝန်ကြီးချုပ်” ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါ ဘူး။

ဒါကြောင့် ဒီထင်ကြေးနှစ်ခုမှာ “နိုင်ငံခြားရေးဝန်ကြီး” ဆိုတဲ့ ထင်ကြေးက “ဝန်ကြီးချုပ်”တို့ ၊ “သမ္မတ”တို့ဆိုတဲ့ ထင်ကြေးတွေ ထက် ပိုပြီးဖြစ်နိုင်ခြေများပါသေးတယ်။ ဒီလိုပြောလို့ ကျနော့်သဘောထား၊ ကျနော့်အမြင်နဲ့ယူဆချက်ဟာ ဒေါ်အောင်ဆန်းစုကြည် “နိုင်ငံခြားရေးဝန်ကြီး” ရာထူးယူလိမ့်မယ်လို့ ဆိုလိုချင်တာ လုံးဝ မဟုတ်ပါဘူး။

ကျနော်ဆိုလိုချင်တာက ထင်ကြေးပေးမယ့်သူ ဘယ်သူမဆို မိမိထင်ကြေးကို မဖော်ထုတ်ခင်မှာ ၂၀၀၈ အခြေခံဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပထမဦးစွာဆန်းစစ်စေချင်တာပါ။ ဒီလိုမှမဟုတ်ရင်တော့ အပျော်တန်းထင်ကြေးပေးနေတာ၊ ထင်ကြေးပေး တမ်း ကစားနေတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို နိုင်ငံရေးလေ့လာသုံးသပ်သူပါလို့ ခံယူထားသူတွေဟာ ဗေဒင်ဆရာတွေလို ထင်ကြေးနဲ့ ဟောပြောနေလို့ မဖြစ်ပါဘူး။

ဒါကြောင့် ထင်ကြေးပေးမယ်ဆိုရင်မိမိထင်ကြေးကို ၂၀၀၈ အခြေခံဥပဒေနဲ့ ညီရဲ့လား အရင်စစ်ဆေးကြည့်ပါ။

ဘာကြောင့်ဒီလိုပြောရသလဲ။

ဒီချုပ်ပါတီရဲ့စဉ်းစားမှုနဲ့ လုပ်ဆောင်မှုကိုကြည့်ပြီးပြောတာပါ။ ဒီချုပ်ပါတီရဲ့စဉ်းစားမှုနဲ့ လုပ်ဆောင်မှုက ဘယ်လိုလဲ။

ဒီချုပ်ပါတီရဲ့ စဉ်းစားမှုနဲ့ လုပ်ဆောင်မှုကို ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် ဒီချုပ်ပါတီရဲ့ စဉ်းစားမှုနဲ့လုပ်ဆောင်မှုက “၂၀၀၈အခြေခံဥပဒေဆိုတဲ့ဘောင်”နဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ဘောင်” နှစ်ခုအကြားမှာ ဖြစ်သမျှအကြောင်း အကောင်း ချည်းပဲပေါ့ဆိုတဲ့ သည်းခံခြင်းတရားနဲ့အညီ စီးဆင်းနေရရှာတဲ့ မူးရေ၊ ဆည်ရေနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဲဒီမြောင်းဘောင်နှစ်ခု အကြားစီးဆင်းရာမှာတောင် ကာချုပ်နဲ့ ၂၅% စစ်သားအမတ်များရဲ့ အရိပ်အကဲကိုကြည့်ပြီး သတိနဲ့ စီးဆင်းနေရတာပါ။ သိမ်သိမ်မွေ့မွေ့ စီးဆင်းနေရတာမျိုးပါ။

ဒါရဲ့သဘောကို (ပြည်သူ့/အမျိုးသား) လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေ ခန့်အပ်ရာမှာ၊ လွှတ်တော်ဆိုင်ရာ ကော်မတီ နဲ့ ကော်မရှင်တွေ ခန့်အပ်ရာမှာ ကျနော်တို့ လက်တွေ့ကျကျ သိမြင်ခဲ့ကြရပြီ မဟုတ်ပါလား။

ဒါကြောင့် ဒီချုပ်ပါတီရဲ့ ဒီလိုစဉ်းစားမှုနဲ့ လက်တွေ့ဆောင်ရွက်မှု သာဓကတွေအပေါ်ကနေ ပြောရမယ်ဆိုရင် လောလောဆယ် အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ “သမ္မတ” လည်း မဖြစ်နိုင်သလို “ဝန်ကြီးချုပ်” လည်းမဖြစ်နိုင် ဆိုတဲ့ ကောက်ချက်ကိုရရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကနေ စပြီး သာမန်ပါတီဝင်အထိ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်” လို့ ကျမ်းသစ္စာ ကျိန်ဆိုထားကြရသူတွေဖြစ်ပါတယ်။ ဒါကြောင့်သူတို့ ဆန္ဒနဲ့ လိုလားချက်တွေကို ဒီဥပဒေဘောင်ထဲကနေသာ လုပ်ဆောင်ကြမှာ အသေအချာပါပဲ။ ဒါ့အပြင် ဒီဥပဒေနဲ့ ဘောင်ပြင်ပ ကနေလုပ် ဆောင်ဖို့ဆိုတာ သူတို့စွဲကိုင်ထားတဲ့ “တရားဥပဒေစိုးမိုးရေးအမြင်” အရလည်းမဖြစ်နိုင်သလို၊ လက်တွေ့အရလည်း မဖြစ်နိုင်ပါဘူး။

၂၀၀၈ အခြေခံဥပဒေဘောင်ထဲက ပြုလုပ်နေသမျှ ကာချုပ်နဲ့ စစ်အုပ်စုက အကျေနပ်ကြီး ကျေနပ်နေမှာပါ။

ပြည်သူတွေရဲ့ဆန္ဒဖြစ်တဲ့ “စစ်မှန်တဲ့ဒီမိုကရေစီအရေး၊စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေး၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတဖြစ်ရေး” ဆိုတာတွေကတော့ “၂၀၀၈အခြေခံဥပဒေ” တည်မြဲနေသမျှ ကာလပတ်လုံး ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။

“၂၀၀၈ အခြေခံဥပဒေ” ဆိုတာ အများစုပြည်သူတွေရဲ့ ဆန္ဒကို ကာချုပ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ထဲသဘောနဲ့ ပယ်ချ နိုင်/ပစ်ပယ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရဟာ အဲဒီအချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အနှစ် သာရရှိတဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ပယ်ဖျက်ပစ်ချင်တာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts