ဇွန် ၁၃၊ ၂၀၁၂
ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက်
ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။
ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ် တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။ ဘယ်သူကစမလဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုး မဟုတ်ဘဲ သင်တန်းသားတွေကို များများ ပါဝင်ဆွေးနွေးခိုင်းတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လောက် ဖတ်ရှုလေ့လာထားတယ်ဆိုတာ သိရတာပေါ့။
ဗိုလ်ချုပ်ကလွဲပြီး မသိတာကများ
သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကလွဲပြီး ကျန်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး တွေအကြောင်း သူတို့ခမျာ မသိတာက များနေတယ်။ ဥပမာ- ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းဆိုရင် စာပေပညာရှင်ကြီး တစ်ယောက် ဆိုတာလောက်ပဲ သိတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေတ်အဆက်ဆက် အာဏာရ အာဏာမဲ့ နိုင်ငံရေးသမားအားလုံးလိုလိုရဲ့ ဂုရုကြီးတစ်ဆူဆိုတာကို မသိသူက ပိုများနေတယ်ဗျာ။ ရန်ကုန်မှာ အနေကြာကြပေမယ့် ရွှေတိဂုံစေတီ တော်ကြီးရဲ့ တောင်ဘက်မုခ်အနီး ရွှေတိဂုံဘုရားလမ်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်ကြီး ရှိတယ်ဆိုတာကိုတောင် အတော်များများက မသိကြဘူးဗျ။ ကျွန်တော်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန်ဘေးမှာ စုဖုရားလတ် ဂူဗိမာန်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဂူဗိမာန်၊ ဦးသန့်ဂူဗိမာန်တို့ပါ ရှိနေကြောင်း တစ်ဆက်တည်း ရှင်းပြရတယ်ဗျာ။
သူတို့တွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာပေအများအပြား ဖတ်ရှုလေ့လာရင်း မလွဲမသွေ သိရှိမှတ်မိကြလိမ့်မယ်လို့ ထင်ရတဲ့ ၀န်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်စသူတွေအကြောင်းကို ပြောပြတော့လည်း အသစ်အဆန်းတွေ ဖြစ်နေကြတယ်ဗျ။ ဒေါက်တာဗမော်ဆိုရင် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို လေ့လာရင် တွဲပြီး သိရမယ့်ပုဂ္ဂိုလ်ဖြစ်ပေမယ့် ၀ိုးတိုးဝါးတားနဲ့ မမှတ်မိသူက များနေတယ်။ ဂဠုန် ဦးစောကျတော့ ဗိုလ်ချုပ်ကို လုပ်ကြံသူအဖြစ် သိတယ်။ သို့ပေမယ့် ကိုလိုနီခေတ်နိုင်ငံရေးသမားလက်ဟောင်းတွေထဲမှာ သူဟာ ဘယ်နည်းဘယ်ပုံ ရှေ့တန်းရောက်ခဲ့သလဲ၊ သူ့ရဲ့ တော်ကွက်၊ ရှော်ကွက်တွေက ဘာတွေလဲဆိုတာ ပြောပြတဲ့အခါ အတော်ကို အံ့သြ ကုန်ကြတယ်ဗျ။
ဦးနုအကြောင်း ပြောစရာတွေ
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ်မှာ အပြီးအပြတ် အာဏာအသိမ်းခံလိုက်ရတဲ့ ဦးနုအကြောင်းကို ကျွန်တော် မကြာခဏ အလေးထားပြီး ပြောတယ်။ ၁၉၅၈ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းတို့လူစုက အာဏာသိမ်းဖို့ စီစဉ်ပေမယ့် ဦးနုက အာဏာ အသိမ်းမခံဘဲ အာဏာလွှဲပေးလိုက်တဲ့ အနေအထားမျိုးဖန်တီးပြီး ပါလီမန် ဒီမိုကရေစီ ဆက်လက်တည်တံ့အောင် တတ်နိုင်သမျှ ကြိုးစားခဲ့ပုံကို ကျွန်တော် ရှင်းပြတယ်။ ၁၉၆၁မှာ တောင်ကြီးညီလာခံကျင်းပပြီး ရှမ်းပြည်နယ်နိုင်ငံရေးခေါင်းဆောင်တွေက ပြည်ထောင်စု စစ်စစ် ဖက်ဒရယ်မူကို တောင်းဆိုကြတဲ့အခါ ဦးနုက ရန်ကုန်ကို ဖိတ်ပြီး အကျေအလည်ဆွေးနွေးတယ်။ အသံလွှင့်ရုံကြီးမှာကို ညီလာခံ ကျင်းပပေးပြီး အခြေအတင် ဆွေးနွေးခွင့်ပေးတယ်။
ဦးနုရဲ့ သိမ်မွေ့ညင်သာတဲ့ ကိုင်တွယ်မှုကြောင့် ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့ စကားကို မပြောတော့တဲ့အထိ အခြေအနေတိုးတက်လာတယ်။ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကိုပဲ အလေးထားပြောကြတော့တယ်။ အဲဒီအခိုက်မှာပဲ ဗိုလ်ချုပ်နေ၀င်းက ကောက်ခါငင်ကာ အာဏာသိမ်းလိုက်တာပါပဲဗျာ။ လက်ညှိုးထိုးပြတော့ အားလုံးသိကြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲတော့မှာကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ပုံ။
ထိန်းသိမ်းခံဘ၀ကနေ ၁၉၆၆ခုနှစ် စက်တင်ဘာလမှာ လွတ်ငြိမ်းခွင့်ရလာတဲ့ ဦးနုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်အနေနဲ့ ကျွန်တော် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးနုက “ပြည်ထောင်စုကြီးပြိုကွဲတော့မယ့်အခြေအနေနဲ့ ကြုံနေရပြီလို့ ကျုပ်ကို ၂မိနစ်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာမလိုပါဘူး၊ ချက်ချင်းအာဏာလွှဲပေးလိုက်မှာပေါ့။ အဲသလိုဆိုရင် ခုလို ဒီမိုကရေစီ ပျက်စီးရတဲ့အခြေအနေ မရောက်တော့ဘူးပေါ့´´လို့ ပြောခဲ့တာ ကောင်းကောင်းမှတ်မိနေတယ်ဗျာ။
ကျုပ်ကို အာဏာပြန်အပ်ပါ
နောက် ၁၉၆၈-၆၉ လောက်မှာ ဗိုလ်ချုပ်နေ၀င်းက ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ဆိုပြီး ဦးနုအပါအ၀င် နိုင်ငံရေးသမားကြီး ၃၃ ဦးနဲ့ ဖွဲ့စည်းပေးပြီး တိုင်းပြည်ရှေ့ခရီးအတွက် အကြံပေးခိုင်းတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းအစရှိတဲ့ ပုဂ္ဂိုလ်များက ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံရေးလမ်းစဉ်ကိုတင်ပြတယ်။ အစိုးရ၊ သမ၀ါယမ၊ ပုဂ္ဂလိက၊ ဖက်စပ် တို့ပါဝင်တဲ့ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ဆိုတာကို တင်ပြတယ်။ ၀ိဓုရ သခင်ချစ်မောင်အစရှိတဲ့ ပမညတအများစုပါဝင်တဲ့ အုပ်စုက ဆိုရှယ်လစ် ဒီမိုကရေစီလမ်းစဉ်ကို တင်ပြတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ သွားဖို့ တိုက်တွန်းတယ်။ ဦးနုတစ်ယောက်တည်းက ဘာတင်ပြသလဲဆိုတော့ သူ့ကို အာဏာပြန်အပ်ပါ။ သူ့ကို အာဏာပြန်အပ်တယ်ဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားခြင်းကို လေးစားတဲ့အနေနဲ့ ပြည်သူကို အာဏာပြန်အပ်တာနဲ့အတူတူပဲ။ သူ့ကို အာဏာပြန်အပ်လိုက်ပြီးတာနဲ့ သူက ချက်ချင်းပဲ ဗိုလ်ချုပ်နေ၀င်းကို အာဏာပြန်လွှဲပေးလိုက်မယ်။ အဲသလိုဆိုရင် အင်မတန်အရုပ်ဆိုးတဲ့ အာဏာသိမ်းထားတဲ့အစိုးရဆိုတာမျိုး မဟုတ်တော့ဘူး။ အဲဒီတော့မှ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်ပါ တဲ့ဗျာ။ ထိုစဉ်က ကျွန်တော် လုံးဝ ဥာဏ်မမီခဲ့ပါဘူး။ ခုခါကျမှ ဦးနုရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကျွန်တော်နားလည် သဘောပေါက်လာပြီး လက်ဖျားခါမိတယ်ဗျ။
အဲဒီတုန်းက ၃၃ ဦး အကြံပေးအဖွဲ့လည်း နောက်ဆုံးတော့ အဖျားရှူး သွားတာပါပဲ။ ဗိုလ်ချုပ်နေ၀င်းက ဘယ်သူ့အကြံဥာဏ်မှ မယူတဲ့အပြင် ဦးနုက အာဏာပြန်တောင်းတာကို ရှူးရှူးရှားရှား ဖြစ်ခဲ့သဗျာ။
နိုင်ငံရေးအကွက် ရှေ့ကပြေးနေတာချည်း
နောက် နှစ် ၂၀အကြာ ၁၉၈၈ ကျပြန်တော့ ၉ စက်တင်ဘာ ၈၈ မှာ ဦးနုက “၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် မိမိထံမှ ဗိုလ်ချုပ်နေ၀င်းက သိမ်းယူသွားသော အာဏာအရပ်ရပ်ကို ပြန်လည် ရယူလိုက်ပြီ´´လို့ ကြေညာပြီး စင်ပြိုင်အစိုးရထူထောင်ခဲ့တယ်ဗျာ။ ဦးနုက သူ့ရဲ့ စင်ပြိုင်အစိုးရက ကြီးမှူးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အမြန်ဆုံး ကျင်းပ ပေးမည်လို့ အတိအလင်း ကြေညာပါတယ်။ ဦးနုရဲ့ နိုင်ငံရေးအကွက်တွေက သူများတွေထက် ရှေ့က ပြေးနေတာချည်းပါပဲ။ ကျွန်တော့်ရဲ့ မြန်မာ့နိုင်ငံရေး လေ့လာဆွေးနွေးချက်တွေထဲမှာ ဦးနုရဲ့ နိုင်ငံရေးလုပ်နည်းလုပ်ဟန်တွေ အကြောင်းကို ပို့ချချိန် စုစုပေါင်း ၆ နာရီလောက် ရှိတတ်ပါတယ်။ တကယ်အသေးစိတ် ပြောမယ်ဆိုရင် အဲဒီနှစ်ဆလောက် အချိန်ပေးရမယ် ထင်တယ်ဗျ။
တကယ်သန့်ရှင်းတဲ့ ဦးနု
ဦးနုအကြောင်းပြောရင် သန့်ရှင်းဖဆပလဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွားရှာမှုမှ သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။
ဦးနု ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထားဖော်ပြခဲ့ကြဖူးတယ်။ “ကျွန်တော် ၀န်ကြီးချုပ် ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ၀န်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်´´ ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။ သူပြောခဲ့တဲ့အတိုင်းပါပဲ။။ ဦးနုနဲ့ပတ်သက်ပြီး သူ့ရဲ့အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေရှိရင်ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနုဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်းမဖတ်ဖူးဘူးဗျ။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသော အစိုးရဖြစ်စေရပါမယ်လို့ ကတိပေးခဲ့စဉ်က ကျွန်တော် ပထမဆုံး ပြေးသတိရလိုက်မိတာ ဦးနု စိန်ခေါ်ပြီး ပြောခဲ့တဲ့စကားထဲက “၀န်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်´´ဆိုတာပါပဲဗျာ။
ကျွန်တော်တို့ တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါခင်ဗျ။
(မောင်ဝံသသည် ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဖြစ်သည်။ ယခု လဆန်းပိုင်းမှ စတင်ပြီး စာနယ်ဇင်းသမားလူငယ်များအား သတင်းစာပညာ သင်ကြားပေးလျက်ရှိသည်)
Dear Saya Maung Wuntha: This one and only democratically elected PM of Burma once told me in June 1987 over the dinner: “If you want to minimise the mistakes in life, take 72 hours to make a major decision. During this 3 days period you will have different ideas and your excitement or anger or aggression on the matter will be very much reduced. Then you will end up with an appropriate decision.”
Yes, this 72-hour principle works and it will always work for all of us.
Yes,Saya “Maung Wun Tha,I have appreciate your article very much.U Nu,did,many thing good for the country.But,He had makes 2 mistakes,one is “The Andaman and Nicobar” ,Islands were very closed and owned by our country,Burma,he had given to India,and other one is He had tried to announced that Burma ,to become a Buddhist country,and from that problems,the ethic Kachin, Chinn,Karen,who are majority in Christians,starts, to argued about that announcement.
Dear Saya U Wun Tha,
Lack of knowledge on the part of modern youth, regarding lives and achievements of great Burmese leaders such as ThaKhin Ko Daw Hmaing,U Nu, Dr Ba Maw, etc..is the result of U Ne Win’s twenty six year disastrous rule,during which distortion,deletion, defacing of Burmese contemporary history was constantly carried out by his retinue of boot licking journalists, college professors,broadcast station loud mouths.
In fact U Ne Win tacitly encouraged ignorance or lack of imagination among his flock.
During the mid eighties, Asiaweek magazine carried an article examining the way U Ne Win appointed regional military commanders:officers with little formal education and who rose from the ranks , as opposed from those who entered Military Academy, were given preference.
So many thanks and deep gratitude to those who are now trying their best to enlighten our modern youth who were once nurtured in an environment that discouraged knowledge and learning.
စနေတာတေသား ဦးနုကိုယ်တိုင်ရေးအထ္ထုပတိအတိုင်းဟာ အလွန်ပြောင်မြောက်တဲ့ စာအုပ်ပါ။ .. မြန်မာနိုင်ငံရေး စိတ်ဝင်စားသူ လူငယ်များ ဖတ်ကြည့်စေလိုပါတယ်..။
Bravo, Saya U Wun Tha, please do write more like this for those who are shameless for money and power!!!!!
“တာတေစနေသား”ပါ အကိုတို့ ရယ် (Witmone) ဆိုတော့ အကိုမှန်း အမမှန်းတော့ မသိပါဘူး….Sorry..