သူတို့အာဘော် နိုင်ငံတကာရေးရာ

မိုက်ခဲစိန် – သေနတ်တွေ ထိန်းချုပ်မှာလား၊ ကာကွယ်မှာလား၊ အမေရိကား

မိုက်ခဲစိန် – သေနတ်တွေ ထိန်းချုပ်မှာလား၊ ကာကွယ်မှာလား၊ အမေရိကား
(မိုးမခ) မတ် ၂၊ ၂၀၁၈

ဖေဖော်ဝါရီ ၁၄ ဗလင်တိုင်းနေ့မှာ ဖလော်ရီဒါပြည်နယ်၊ ပတ်ခ်လင်းမြို့၊ အထက်တန်းကျောင်းမှာ ကျောင်းသားနဲ့ ဆရာ စုစုပေါင်း ၁၇ ဦးဟာ သူတို့ကျောင်းသားဟောင်းတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်အကြမ်းဖြတ်မှုအောက်မှာ ၆ မိနစ်အတွင်း အသက်ပျောက်ခဲ့ကြရပါတယ်။ အကြမ်းဖက်သမား ကျောင်းသားဟောင်းကို ကျောင်းပြင်ပတနေရာမှာ ရဲတွေက အရှင်ဖမ်းမိခဲ့ကြပါတယ်။ ၁၉ နှစ်အရွယ် အကြမ်းဖက်သမားဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူ၊ အကြမ်းဖက်တဲ့ လက္ခဏာတွေရှိသူလို့ ပတ်ဝန်းကျင်က ပြောဆို တိုင်တန်းနေကြပေမယ့် အာဏာပိုင်တွေက ကြိုတင်အရေးယူဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ပြီးတော့ ၁၉ နှစ်သားမှာ သူကိုယ်တိုင် သေနတ်လက်နက်တွေ ၀ယ်ယူ စုဆောင်းထားတာဖြစ်ပြီး အဲသည်လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်မှုကို သွေးအေး ရက်စက်စွာ ကျုးလွန်ခဲ့တာ ဖြစ်ပါတယ်။

ကျန်ရစ်သူကျောင်းသားတွေ ဆရာဆရာမတွေ မိဘတွေ ပထမဦးဆုံး တောင်းဆိုတာကတော့ အကြမ်းဖက်သမားကို ကြီးလေးပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ လက်စားချေဖို့ မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေ စိတ်ပုံမှန်မရှိသူတွေလက်ထဲကို လက်နက်တွေမရောက်အောင် သူတို့တွေ အလွယ်ဝယ်ယူနိုင်ခြင်း မရှိအောင် အစိုးရတွေ နိုင်ငံရေးသမားတွေက ဥပဒေတွေနဲ့ ကြိုတင်ကာကွယ်ပေးကြဖို့ – Gun Control လုပ်ပေးကြဖို့ပဲ ဖြစ်ပါတယ်။

အမေရိကားမှာ စာသင်ကျောင်းတွေထဲကို စိတ္တဇ သေနတ်သမားတွေ ၀င်ရောက်ကျူးကျော်ပြီး အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ကလေးသူငယ်တွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာ အခုတကြိမ်သာမက နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ရှိခဲ့ပါပြီ။  ၂၀၁၈ တနှစ်တည်းမှာတင် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှု (mass shooting) ၃၆ ကြိမ်နဲ့ လူ ၆၀ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၇ မှာ mass shooting ၃၄၆ ကြိမ် ဖြစ်ခဲ့ပြီး (ကျောင်း၊ အလုပ်ခွင်၊ ဘုရားကျောင်း၊ ပျော်ရွှင်ပွဲ) လူပေါင်း ထောင်ဂဏန်းနီးပါး သေဆုံးခဲ့တယ်။ အကြီးကျယ်ဆုံးကတော့ နဗားဒါးပြည်နယ်၊ လာစ်ဗေးဂတ်စ် စတိတ်ရှိုးမှာ လူ ၅၉ သေ၊ ၄၄၁ ဦး ဒါဏ်ရာ ရခဲ့ကြပါတယ်။ သည်တော့ လူဆိုးတွေ စိတ္တဇသမားတွေ အကြမ်းဖက်တွေလက်ထဲ လက်နက်တွေ မရောက်ရှိဖို့ ဟန့်တားဖို့ကို ပြည်သူတွေက အရေးတကြီး တောင်းဆိုနေကြရတာ ဖြစ်ပါတယ်။

အခုအချိန်မှာ ပြည်သူတွေ ကျောင်းသားလူငယ်တွေတောင်းဆိုတာက ချေမှုန်းရေးသေနတ် ဆိုတဲ့ assault rifle တွေကို တားမြစ်ဖို့၊ တောက်လျောက်ကျည်မကုန်တန်း ပစ်လို့ရတဲ့ bump stock လို ကျည်အိမ်စနစ်ကို ပိတ်ပင်ဖို့၊ အသက် ၂၁ နှစ်အောက်တွေကို သေနတ် မရောင်းဖို့၊ သေနတ်ဝယ်သူတွေကို နောက်ကြောင်းရာဇ၀င် သေချာစစ်ဆေးဖို့၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့၊ ပြီးတော့ သေနတ်တွေကို လက်လွှဲရောင်းချတာကို စနစ်တကျ စိစစ်နိုင်ဖို့ စသည်ဖြင့်တွေ ဖြစ်ပါတယ်။

သည်မှာ ပြသနာတက်တာကတော့ gun rights ဆိုတဲ့ သေနတ်ကိုင်ဆောင်ခွင့် ကာကွယ်ရေး ထက်သန်သူတွေ စွဲမြဲသူတွေ အဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေရဲ့ ဆန့်ကျင် ကန့်ကွက် ပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ အမေရိကန်မှာ လူတိုင်း လက်နက်ကိုင်ဆောင်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခွင့်နဲ့ စနစ်တကျ လေ့ကျင့်ထားတဲ့ လက်နက်ကိုင်အစုအဖွဲ့ဖြင့် ကိုယ့်ပြည်နယ်ကို ကာကွယ်နိုင်ခွင့် ဆိုတဲ့ အမေရိကန်အခြေခံဥပဒေ၏ ဒုတိယပြင်ဆင်ပြဌာန်းချက် (second amendment) ကို အဆိုပါ လူတွေ အုပ်စုတွေက ကိုင်စွဲပြီးတော့ သေနတ်တွေကို ထိန်းချုပ်ခြင်းအား ခါးခါးသီးသီး ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ အဲသည်အတွက် gun rights lobby group သေနတ်ကာကွယ်ရေး အဖွဲ့ကြီးဖြစ်တဲ့ National Rifle Association (NRA) ကဆိုရင် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းချီသုံးစွဲပြီး အမေရိကားမှာ သေနတ်ကိုင်ဆောင်ခွင့်ဘက်က ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေတဲ့အပြင် သူတို့ဘက်တော်သား အစွန်းရောက်တွေ ရှေးရိုးစွဲတွေ လူပြိန်းတွေ အမတ်တွေ အစိုးရမင်းတွေကို အပြတ်စည်းရုံးထားနိုင်တာကြောင့် gun control တွေ ရှေ့မတိုးနိုင်ပဲ ရှိရပါတယ်။

အခုလို အပြစ်မဲ့ ကျောင်းသား လူငယ်တွေ ပြည်သူတွေ သေနတ်သမားတွေရဲ့ အကြမ်းဖက် သတ်ဖြတ်တာ ခံရတိုင်း ပြည်သူတွေက gun control အတွက် ဥပဒေတွေနဲ့ တားဆီးဖို့ တောင်းဆိုတိုင်း gun right တွေက တန်ပြန် ဟန့်တား ကန့်ကွက်ကြတာကြောင့် နှစ်တိုင်း လူဘယ်လောက်သေသေ ပျက်စီးပျက်စီး အမေရိကန် အစိုးရ၊ လွှတ်တော်နဲ့ အမတ်တွေ ဘယ်တုန်းကမှ ထိထိရောက်ရောက် ရှေ့တိုးပြီး ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါ။

အခုလည်း ဖလော်ရီဒါက ကျောင်းသားမိဘဆရာတွေက အိမ်ဖြူတော်က သမတကြီး ထရန့်အထိသွားရောက် တောင်းဆိုကြတဲ့အခါ ထရန့်ပြောတာက ဆရာတွေကို လက်နက်တတ်ဆင်ပေးမှ ဖြစ်မယ်၊ သည်တော့မှ အကြမ်းဖက်သမားတွေ ကျောင်းထဲ ၀င်မလာရဲမှာတဲ့။ သေနတ်ကို တားဆီးမယ့်အစား သေနတ်ကိုပါ ကျောင်းထဲမှာ ပြဌာန်းဖို့ ထရန့်က gun rights တွေဘက်က လိုက်ပြီး မဟာအကြံတော်ကြီးကို ပေးပါတယ်။ ဆရာတွေက သေနတ်တွေ ကိုင်ပြီး စာသင်ကြရမယ်ဆိုတာကို ဆရာ မိဘ ကျောင်းသားလူငယ်တိုင်းက ရှုတ်ချ ကန့်ကွက်ကြပါတယ်။ ဥပဒေစိုးမိုး လုံခြုံဖို့က အစိုးရနဲ့ လက်နက်ကိုင် ရဲတို့ စစ်တပ်တို့ တာဝန်ပါ။ သူတို့အလုပ် သူတို့ တိုးမြှင့်လုပ်ဖို့ပဲ ရှိပါတယ်။ ကျောင်းကို မီးကင်းစောင့်သလို ဆရာတွေကို စောင့်ခိုင်းတာ ဒေါ်နယ်ထရန့်နဲ့ gun rights တွေနဲ့ NRA အုပ်စုတွေပဲ ရှိပါတယ်။

သမတကြီးကတော့ တပြည်လုံးက ကန့်ကွက် ဆူပူနေကြတာကြောင့် အသက် ၂၁ နှစ်အောက်ကို လက်နက်ဝယ်ခွင့်မပေးဖို့တို့၊ bump stock ပိတ်ဖို့တို့၊ နောက်ကြောင်းစစ်တာ တိုးမြှင့်ဖို့တို့ လုပ်ပေးမယ်လို့ အသံကောင်းဟစ်ပါတယ်။ သို့သော် ဖလော်ရီဒါအကြမ်းဖက်မှုအပြီး နောက်တပတ် ရှေးရိုးစွဲတွေရဲ့ ညီလာခံမှာ ထရန့်တက်ရောက်ချီးမြှင့်တဲ့အခါ သမတကြီးက လက်နက်ကိုင်ဆောင်ခွင့် second amendment ဟာ tax cut ထက် ပိုပြီး အရေးပါတယ်၊ ဒါကို ကာကွယ်ရမယ်လို့ သံသေးသံကြောင် အော်ပြန်ပါတယ်။ ပြီးတော့ သမတက လုပ်ပိုင်ခွင့်နဲ့ တားရမယ့်အစား လွှတ်တော်က အမတ်တွေဟာ NRA လို Gun Rights  တွေကို ကြောက်လို့ ဘာမှ မလုပ်ရဲပါဘူးလို့ တန်ပြန် ပြစ်တင်လိုက်ပါတယ်။

ဆိုတော့ နိုင်ငံရေးကစားနေကြတဲ့ အမေရိကားမှာ အမေရိကန် အနာဂတ်မျိုးဆက်သစ်တွေရဲ့ အသက်အိုးအိမ်ဟာ သေနတ်ထက် အရေးမပါပါ။ သေနတ်က အားလုံးထက် အရေးကြီးနေတာကြောင့် အကြမ်းဖက်တွေက ဘယ်လိုပဲ သတ်သတ် သေသေ ၊ သေနတ်ကို ထိန်းသိမ်းဖို့ကို နိုင်ငံရေးသမားတွေ အစွန်းရောက်တွေက ၀န်လေးနေကြတာ ထင်ရှားစွာ မြင်တွေ့နေရပါတယ်။

သို့သော် ခေတ်တွေ အမြင်တွေကတော့ တဖြေးဖြေးပြောင်းပါတယ်။ ကယ်လီဖိုးနီးယားလို တိုးတက်အမြင်ရှိသူတွေ အားကြီးတော့ သေနတ်ကို ပြည်နယ်အဆင့်မှာ ထိန်းချုပ်တဲ့ ဥပဒေတွေနဲ့ ဆောင်ရွက်ပါတယ်။ လက်နက်ကုမ္မဏီကြီးတွေ NRA အုပ်စုတွေကို စီးပွားရေး အခွင့်ပေးတာတွေ ဈေးလျော့ပေးတာတွေကို အနာဂတ်မျော်တဲ့ စီးပွားရေးကုမ္မဏီတွေက သပိတ်မှောက်ကြပါတယ်။ သူတို့တွေထံ မြုပ်နှံမှုတွေကို ရုတ်သိမ်းကြပါတယ်။ အခုဟာက လက်နက်ကို လူတွေ မကိုင်ရဘူးလို့ လုံးဝ တားမြစ်လိုက်တာမှ မဟုတ်တာ၊ လက်နက်ကို တာဝန်ရှိရှိ အသိဥာဏ်ရှိရှိ ကိုင်တွဲနိုင်ဖို့ ကာကွယ်နိုင်ဖို့ ပြည်သူတွေက ကြိုးစားတာ ဖြစ်ပါတယ်။ လက်ယာအစွန်းရောက်တွေကတော့ ဒါကို လုံးဝ လက်မခံနိုင်ကြပါ။ သူတို့ဆင်ခြေကတော့ လက်နက်ကို ထိန်းချုပ်တာဟာ လုံးဝပိတ်ပင်ဖို့အတွက် အစခြေလှမ်းဖြစ်တယ်၊ ဒါကို အပြတ် ဆန့်ကျင်ထားမှ ဖြစ်မယ်ဆိုတာ ဖြစ်ပါတယ်။ လက်နက်စီးပွားရေးက ငွေရွှင် အမြတ်ကြီးတော့ ဒါကိုပဲ သက်သက်အာရုံကျ စွဲလန်းတာကြောင့် သူတို့ အကျိုးစီးပွားကို လုံးဝ အထိခိုက်မခံတာက အဓိက အချက်ဖြစ်နေပါတယ်။ အမေရိကားမှာ လူ ၁၀၀ မှာ သေနတ်အလက် ၁၀၁ လက် ရှိနေပါသတဲ့။ လူ ၃ ဦးမှာ တဦးက လက်နက်ကိုင်ထားပါသတဲ့။ အဲသလိုကို အချက်အလက်တွေက ပြပါတယ်။ ဒါကြောင့် အမေရိကားမှာ gun violence ကြောင့် လူသေတာ တနေ့ကို လူ ၉၆ ယောက် ရှိပါတယ်။ သူများကို ပစ်တာ၊ ရာဇ၀တ်မှု ကျုးလွန်တာ၊ ကိုယ့်ကိုယ်သတ်သေတာ အကုန်လုံးပေါ့။ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်တွေလိုပဲ အမေရိကားမှာ လက်နက်ကြောင့် တဖြုတ်ဖြုတ်သေနေတယ်ဆိုတော့ အမေရိကားဟာ ကိုယ်နည်းကိုယ့်ဟန်နဲ့ ပြည်တွင်းစစ် ဖြစ်နေတာနဲ့ အလားသဏ္ဍာန် တူနေပါတယ်။

ပြည်သူတွေ အနာဂတ်မျိုးဆက်သစ်တွေကတော့ တောင်းဆိုနေပါပြီ။ သေနတ်ကို ထိန်းချုပ်ဖို့။ မျိုးဆက်ဟောင်းတွေ အရင်းရှင်ကြီးတွေ နိုင်ငံရေးသမားတွေကတော့ အသက်မရှိတဲ့ သေနတ်ဘက်က အသက်နဲ့လဲပြီး ခုထိ ကာကွယ်ပေးနေကြဆဲပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts