ဆောင်းလူ

ဆောင်းလူ – အပေါင်ဆိုင်

အပေါင်ဆိုင်
ဆောင်းလူ
အောက်တိုဘာ ၁၆၊ ၂၀၁၃


နံနက်စောစောစီးစီးပင် …. လုံလုံခြုံခြုံထုပ်ပိုးထားသည့် နှလုံးသားတစုံကို အပေါင်ဆိုင်တွင် … ပါးစပ်နှစ်ပေါက်နှင့် အလဲအထပ်လုပ် လိုက်သည်။ ရလာသည့် ပါးစပ်နှစ်ပေါက်အတွက် အတိုးအနေအဖြင့် လျှာတဖက် တိုးလာသည် …။ ပါးစပ်ပေါက်တို့သည်ကား အ ကောင်းပတိ မဟုတ် …။ ၀ါးစရာသွားတို့သည် ပဲ့သည့်နေရာ ပဲ့ …ရွဲ့သည့်နေရာ ရွဲ့နှင့် …။ 
လျှာတဖက်ကို အပေါင်ထားခဲ့ရသည့်အတွက် ..ပါးစပ်တပေါက်အတွက် .. အရသာခံစရာ လျှာမရှိတော့ …။ မတတ်နိုင် … သူ ခဏ …. ကိုယ် ခဏ အသုံးပြုမှ ရမည် ..။ ထို့ထက် အရေးကြီးသည်ကား နှလုံးသားတစုံ အပေါင်မဆုံးရန် ဖြစ်သည်။ လျှာမရှိပေမယ့် နှလုံးသားဖြင့် ခံစား၍ ရနိုင်သေးသည် …။ 
ခုတလော အပေါင်ဆိုင်တွေတိုးလာသည် …။ အပေါင်ခံသူတို့သည် နှလုံးသားကို ပေါင်နှံမည်ဆိုလျှင် … ကောင်းကောင်း မကောင်းကောင်း လက်ခံကြသည်။ သုံးဖန်များလွန်းသည့် ဥနှောက်အားလည်း မလိုချင်ကြ ..။ တခြားအရာတို့ကိုကား သုံးပြီးသားဆို မလိုချင်ကြ ..။ ထို့အ တွက် လမ်းမပေါ်တလျှောက် … ရထားဘူတာ၊ ကားဆိပ် တလျှောက် ပေါင်နှံသူတို့၏ နှလုံးသားနေရာသည် ဟာလာဟင်းလင်းဖြင့် …။ နှလုံးသားမရှိသည့်အတွက် ဥနှောက်သည်ပင် ကောင်းစွာ အလုပ်မလုပ် …။ 
တချို့ ကား နှလုံးသားမရှိ …
တချို့ကား ဥနှောက်မရှိ ….
တချို့ကား ပါးစပ်နှစ်ပေါက်နှင့် …
တချို့ကား လျှာ နှစ်ထပ်နှင့် …
တချို့ကား မျက်လုံးလေးဖက်နှင့် ..
တချို့ကား နားခြောက်ဖက်နှင့် …
အပေါင်ဆိုင် ပိုင်ရှင်သည် အပေါင်ဆုံးပစ္စည်းတွေကို လမ်းဘေးတွင် ချရောင်းနေလေသည် …။ သူကိုယ်တိုင်ကား ဥနှောက်နှစ်ထပ် ..နှလုံး သား နှစ်ထပ် ..ပါးစပ်နှစ်ပေါက် …လျှာ နှစ်ထပ် …မျက်လုံးလေးထပ် ..နားခြောက်ဖက်နှင့် … 
ဝယ်သူတို့သည် အလုအယက် ..အတိုးအဝှေ့ …။ လမ်းဘေး အပေါင်ဆုံးချရောင်းဆိုင်တွင် … အင်ဂျင်နီယာ၏ ဥနှောက်သည် ပွစိစိ …၊ လေးခန်းမှာ နှစ်ခန်းလောက်ပျက်နေသည့် ဆရာဝန်၏ နှလုံးသားသည် ခုန်ဆွ ခုန်ဆွ ..။ ၀ယ်သူတို့သည် တိုးကြဝှေ့ကြနှင့် ပေါပေါပဲပဲနှင့် ပြန်ထုတ်ရောင်းသည့် အပေါင်းဆုံး ပစ္စည်းများကို သူ့ထက်ငါ အလုအယက်တိုးဝှေ့ကြကုန်၏ …။ 
တနေရာတွင် .. ဥနှောက်တစ်စုံသည် မလှုပ်မယှက် …။ နောက်တနေရာတွင် … နှစ်လုံးသားတစ်စုံသည် မလှုပ်မယှက် …။ ကျိန်းသေသည် ၀ယ်သူတွေကို ဆွဲဆောင်မှုမရှိအောင် .သူတို့ သေချင်ဟန်ဆောင်နေကြသည် …။ 

နောက်တနေ့ အပေါင်ဆိုင်သို့ရောက်ဖြစ်ခဲ့ရင် … ဥနှောက်နှင့် နှလုံးသားကို မသိမသာ အကဲခတ်ကြည့်ခဲ့လိုက်မည် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts