၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံ နေ့ရက်များကို သမိုင်းဝင်အောင် သရုပ်ဖော်ခဲ့သည့် ဟန်လေး၏ လက်ရာ |
ဦးဇင်းဂျောင်းဂျောင်း(ရွှေဝါရောင်) – ဘဝ၏ အဆိုးဆုံး နေ့ရက်များ (၃)
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆
အင်းစိန် GTI စစ်ကြောရေးစခန်းရောက်ပြီး အကြေကွဲရဆုံး နေ့ရက်ကိုပြောပါ ဆိုလျှင် စက်တင်ဘာလ ၃၀ရက် ၂၀၀၇ ဟု ပြောရမည်ဖြစ်ပါသည်။ ထိုနေ့က မနက် ၅နာရီ က မိုးသည်းထန်စွာ ရွာနေခဲ့သည်။ နေ့လည်ပိုင်းမှသာ မိုးဖွဲလေး ကျနေသည်။ မနက်က ကုဋီ(အိမ်သာ) တက်ထွက်တော့ အားလုံးမိုးမိကြသည်။ အိမ်သာကလည်း အကာသာ ကာထားသဖြင့် မိုးမလုံ၊ အားလုံး အအေးပတ်နေကြသည်။ အဝတ်ကလည်း လဲစရာမရှိတာလည်း ပါသည်။
မနက် ၇နာရီကတည်းက စစ်ကြောခံ လိုက်သွားခဲ့ရပြီး နေ့လည် (၁) နာရီမှ အခန်းထဲ ပြန်ရောက်သည်။ မဂ္ဂင်ဆရာတော် ဦးဣန္ဒက(ပနားမား) နှင့် ကျောင်းမှ ကပ္ပိယကြီး ကိုအောင်သန်းနှင့် ကိုသန်းထိုက်အောင် (NLD လူငယ်) တို့ ပြန်မရောက်ကြ သေးပါ။ နေ့လည် (၂) နာရီလောက်မှ ပြန်ရောက်လာကြသည်။ ကိုအောင်သန်းကို မည်မျှနှိပ်စက်လွှတ်လိုက်သည် မသိ အခန်းထဲပြန်ရောက်သည်အထိ ခေါင်းပေါ်တင်ထားသော လက်နှစ်ဘက်ကို အောက်မချသေးဘဲ ထောင့်တွင် သွားထိုင်နေသည်။ မျက်နှာလည်း မကောင်း ၊ မည်သူမျှလည်း စကားမပြောချေ။
ခနကြာတော့ စာရွက်တစ်ရွက်နှင့် ရဲတစ်ယောက် လာ ခေါ်သည်။ ပဲခူး ကလျာဏိသိမ်ကျောင်း ဆရာတော် (တောင်ဝှေးနှင့် ဆရာတော်ကြီး)၊ မဂ္ဂင်ဆရာတော်၊ ကိုအောင်သန်း(မဂ္ဂင်) ကိုသန်းထိုက်အောင် (NLD)၊ ကျောက်တံတား NLD ဥက္ကဌ ဦးဌေးလွင်။ နောက် ဒိုက်ဦး NLD မှ လာရောက်ဝန်းရံသူတို့အား အပြင်သို့ ထုတ်သွားပါသည်။ အဆောင်ရှေ့တွင် မိုးရွာထဲ ရပ်နေသည်ကို မြင်နေကြရသည်။ နောက်တော့ အဆောင်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော သွပ်တံခါးကြီး နှင့် ကားဂိုထောင်လို အခန်းထဲ ထည့် ပိတ်လိုက်ကြသည်။
၎း ၃၀ ခန့်တွင် ထောင်ဝန်ထမ်း ရောက်လာသည်။ ဂိုထောင်ထဲမှ တစ်ယောက်ချင်း ထုတ်ပြီး သံခြေကျဉ်းများရိုက်နေသည်ကို မြင်နေကြရသည်။ အားလုံးလည်း မှင်သက်နေကြပြီး ထောင်ကို ပို့တော့မယ်ဟုသာ နားလည်လိုက်ကြသည်။
မကြာပါချေ ဒိုင်နာကား ၂ စီးဖြင့် Equipment အပြည့်အစုံနှင့် ရဲများ ရောက်လာပြီး၊ ထိုဂိုဒေါင်ရှေ့တွင် သေနတ်များဖြင့်ချိန်ကာ နေရာယူလိုက် ကြသည်။ ဂိုထောင်လှပ်ပြီး ၂ ယောက်စီ ထွက်ခိုင်းသည်။ ပထမဆုံး ပဲခူးဆရာတော်နှင့် မဂ္ဂင်ဆရာတော်တို့ ထွက်လာကြသည်။ တစ်စေ့နှင့်ရဲက မြေကြီးကို လက်ညှိုးထိုးပြပြီး မှောက်လျား ထိုးခိုင်းသည်။ နောက် လက် ၂ ဘက်ကို ရှေ့သို့ဆန့်ခိုင်းထားသည်။ သည်မြင်ကွင်းကို မြင်တော့ မိမိအပါအဝင် အခန်းတွင်းကျန်ခဲ့သည့် သံဃာများ၊ လူများအားလုံး တက်တခေါက်ခေါက်ဖြစ်နေကြပြီ။ သို့သော် ဘာမှ မတတ်နိုင်သော အခြေအနေဖြစ်နေသည်။
နောက် ကိုအောင်သန်းနှင့် သန်းထိုက်အောင် ထွက်လာသည်။ အလားတူ မြေကြီးပေါ်တွင် မှောက်လျားထိုး ခိုင်းထားသည်။ ကိုအောင်သန်း၏အပေါ်တွင် သာမန် ရဲတစ်ယောက်က ဘိနပ်ဖြင့်နင်းထားပြီး သေနတ်နှင့်ချိန်ထားသည်ကိုမြင်နေရသည်။ ထို့နောက် ကျောက်တံတား NLD ဥက္ကဌကိုဌေးလွင်၊ “ဒိုက်ဦး NLD မှ သူရဲကောင်း*” တို့ အားလည်း အလားတူ မှောက်ခိုင်းထားလိုက်သည်။ ထို့နောက် TOWN ACE ကားလေး ရောက်လာပြီး ထို ၆ ဦးအား ဖင်ပြန် ခေါင်းပြန် မှောက်လျှက်သား ထပ်တင်လိုက်သည်။ ရဲများက ခြေထောက်များဖြင့်နင်းထားပြီး သေနတ်များဖြင့် ထောက်ထားသေးသည်။ ကားတံခါးပိတ်ပြီးသည်နှင့် ဒိုင်နာရဲကား ၂ စီးကရှေ့နောက်ခြံရံလျှက် မောင်းထွက် သွားလေတော့သည်။
အခန်းထဲတွင် မဂ္ဂင်ကျောင်းမှအတူ အဖမ်းခံရသည့်ထဲက မိမိနှင့် ဆရာတော်၏ ခမည်းတော် ဘဘုန်းကြီးသာ ကျန်ခဲ့သည်။ ဘဘုန်းကြီးအား စိတ်အားမငယ်ရန်နှင့် မိမိကျန်နေသေးသောကြောင့် ကျန်းမာရေးနှင့် ဝေယျာဝစ္စကို တာဝန်ယူပါမည်ဟု အထပ်ထပ်ပြောကာ အားပေးနေရသည်။ ဘဘုန်းမှာ အသက် ၇၀ ကျော်နေပါပြီ။ ဘဘုန်းကလည်း မိမိကိုယ်ကိုသာ ဂရုစိုက်ဘို့လိုကြောင်း ပြန်လည်အားပေးပါသည်။ ဒါ နတ်ဇော စနက်တွေ ဦးဇင်းလေး၊ သိတယ်မလား။ သူကကျ လည်တယ်၊ အရေးအခင်းမစခင်ကတည်းက ပျောက်သွားတာဟုလည်း တဖွဖွပြောနေပါသည်။ ငွေကြာယံတိုက်အုပ် ဆရာတော်ကြီးမှလည်း အားပေးစကားပြောပါသည်။ မိုးကောင်းကျောင်းမှ သံဃာငယ် လေးများမှာလည်း မျက်နှာမကောင်းကြချေ။ အားလုံး စိတ်မကောင်းဖြစ်နေရသည့်အထဲ တပ်ကြပ်ကြီးက မူးပြီး လာရစ်နေသေးသည်။ မိုက်တဲ့ကောင်ထွက်ခဲ့၊ သူနဲ့ချမယ် … သူနိုင်ရင် ပြန်လွှတ်ပေးမယ် … ပြောသေးသည်။ အကင်းပါးသူ တစ်ယောက်က အားလုံးကြောက်ကြပါကြောင်း၊ စိတ်ညစ်ပြေ သီချင်းတစ်ပုဒ်လောက် ဆိုပြပါဟု တောင်းဆိုလိုက်ရာ စိတ်ပါလက်ပါ တစ်ပုဒ်ပြီး အောင် ဆိုပြသွားသဖြင့် ယာယီ ပူပင်သောကများ ပျောက်သွားကြရသည်။
မကြာပါချေ ငှက်ဆိုးထိုးသံကြားရပါတော့သည်။ ကိုယ့်နာမည်ပါရင် ကိုယ့်ပစ္စည်းကိုယ်ယူပြီး တံခါးမှာ ၂ယောက် တစ်တွဲ တန်းစီထားမယ်။ လူ ၂၀ ကျော်ပါ သွားလေသည်။ ယနေ့ထိ ဘယ်ခေါ်သွားလဲ၊ ဘာလုပ်လိုက်ကြလဲ မသိရပါ။
(* “ဒိုက်ဦး NLDမှ သူရဲကောင်း” ဟု ရေးရခြင်းမှာ စစ်ကြောရေးတစ်လျှောက်လုံး ခေါင်းအမာဆုံးသူ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အပြင်မှာ ဘာလုပ်ကိုင်စားလည်းဟု စစ်ကြောရေးက မေးရာ၊ ကျုပ် နိုင်ငံရေးကလွဲလို့ ကျန်တာ ဘာမှ မလုပ်ဘူးလို့သာ ဖြေသည်။ မျက်နှာ တစ်ခုလုံး ယောင်ကိုင်းနေအောင် ဝိုင်းထိုးကြသော်လည်း ယုံကြည်ချက်အတွက် အသက်ပေးမယ်ဟုသာ ကြွေးကြော် အထိုးခံနေပါသည်။ အပြင်မှာ ပြန်မဆုံတော့ပါ။ တွေ့ချင်ပါသေးသည်။)
မဂ္ဂင်ဆရာတော် ဦဣန္ဒက(ပနားမား) အား ဤစာစုဖြင့် ပူဇော်ပါသည် ဘုရား။ ။
(ဆက်ရန်)