ညွန့်ထွေး – စာအုပ်မိတ်ဆက် – သာထက်အောင်၊ မြစိန်(ကိုကိုးကျွန်းပြန်)၊ ဒုက္ခသည်ကျောင်းသားများ
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၆
ကာလူးရဲ့ဘောလုံးနှင့် အခြားဝတ္ထုတိုများ
သာထက်အောင်
ကိုကိုးကျွန်းပြန်တစ်ဦး၏ နိုင်ငံရေးဖြတ်သန်းမှု နှစ် (၅ဝ)ခရီး
မြစိန် (ကိုကိုးကျွန်းပြန်)
၁၅၃ မျက်နှာ၊ ကျပ် ၂,၂ဝဝ၊ အိပ်မက်အသစ်စာပေ
ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်၊ အတွေ့အကြုံများဖြစ်ပါတယ်။ NLD ပါတီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစု တို့ရဲ့ ၁၉၈၈ ကာလ နိုင်ငံရေးရပ်တည်ချက်အပေါ် သုံးသပ်ချက်တချို့လည်း ပါဝင်ပါတယ်။ အများဆုံး သုံးသပ်ထားကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းပါပဲ။ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို စာအုပ်အဖြစ် ရေးထားခြင်း မဟုတ်ပါ၊ သူ့ဆောင်းပါးတွေကို စာအုပ်အဖြစ် စုစည်းထားခြင်းသာ ဖြစ်ပါတယ်။ ဆောင်းပါး ၂၅ ပုဒ် ပါဝင်ပြီး အများစုကို ၂ဝဝ၇ နဲ့ ၂၀၁၃ ကြား ရေးသားခဲ့တယ်လို့ ယူဆရပါတယ်။
အမှာစာ ထည့်သွင်းထားခြင်း မရှိတာ ဘာမှ မဖြစ်ပေမယ့် မာတိကာ မပါတာကတော့ ဒီစာအုပ်ရဲ့ အားနည်းချက်လို့ ဆိုရပါမယ်။ မြန်မာ့နိုင်ငံရေးလောကကို မျက်ချေမပြတ်သူများ စိတ်ဝင်စားနိုင်တဲ့စာအုပ်ပါပဲ။ မြေပေါ်မြေအောက် လှုပ်ရှားမှု၊ အကျဉ်းကျခြင်း၊ တောတွင်း လက်နက်ကိုင်ဘဝ အစရှိတဲ့ အခြေအနေအမျိုးမျိုးကို ဖြတ်သန်းခဲ့တဲ့ စာရေးသူက ကွန်မြူနစ်ပါတီရှိရာ ပြန်မသွားဘဲ ထိုင်းမြန်မာနယ်စပ်ကို ၂ဝဝ၇ ခုနှစ်မှာ ရောက်ရှိသွားသူပါ။
စာအုပ်က အစပိုင်းမှာ ဆွဲဆောင်မှု အများကြီး မရှိပါ။ နောက်ပိုင်းမှာတော့ ဖတ်ရတာ ပိုပြီး အဆင်ပြေလာပါတယ်။ စာရေးသူရဲ့အကြောင်းတွေအပြင် သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေအကြောင်း၊ သူနဲ့ ထိတွေ့ဖူးသူတွေထဲက တချို့အကြောင်း ရေးသားထားတာတွေကိုလည်း ဖတ်ရမှာ ဖြစ်ပါတယ်။
တသိညားပ စာစီစာကုံးများ
ဒုက္ခသည်စခန်းမှ အထက်တန်းကျောင်းသားများ
၁၉၈ မျက်နှာ၊ ကျပ် ၁,၅ဝဝ၊ တောရိုင်းနှင်းဆီစာပေ
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုမှာ ပညာသင်နေတဲ့ ကလေးတွေရဲ့ စာစီစာကုံး ၇၆ ပုဒ်ကို စုစည်းထားတာပါ။ တသိညားပဆိုတဲ့ ကရင်စကားလုံးဟာ မြန်မာလိုမသိဘူးလို့ အဓိပ္ပာယ်ရပါတယ်။ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်ပွားရာဒေသမှာ ကလေးတွေ အပါအဝင် အားလုံးက စစ်တပ်နဲ့ တွေ့ရင် ဘာမေးမေး တသိညားပ လို့ ဖြေတတ်ကြတယ်၊ ဒီလိုမှ မဖြေရင် နောက်ဆက်တွဲမေးခွန်း လာနိုင်တယ်လို့ ဆိုပါတယ်။ တသိညားပ လို့ ဖြေတတ်တဲ့အကျင့်က စာသင်ကျောင်းအထိ ပါလာတယ်လို့ ဆိုတယ်။ စာစီစာကုံးတွေကို စုစည်းထုတ်ဝေဖို့ စာအုပ်အမည် စဉ်းစားရာမှာ သူတို့ဆီက မကြာခဏ ထွက်ပေါ်လာတတ်တဲ့ စကားလုံးကို ရွေးချယ်ထားခြင်းပါ။
စာအုပ်ဖွင့်ဖတ်လိုက်ရင် သိသိသာသာ တွေ့ရမှာကတော့ စာလုံးအရွယ်စား သေးငယ်လွန်းတဲ့အချက်ပါပဲ။ စာစီစာကုံးတွေကတော့ ခပ်တိုတို၊ ခပ်ရှင်းရှင်း ရေးထားပါတယ်။ ကျောင်းရောက်မှ မြန်မာစာရော မြန်မာစကားပါ သင်ရတဲ့ ကလေးတွေရဲ့ နေရပ်ရင်းမှာ ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်များ၊ ဒုက္ခသည်စခန်းမှာ သူတို့ ဘယ်လို နေထိုင်ကြတယ်၊ မျှော်လင့်ချက်အိပ်မက်တွေက ဘယ်လိုရှိတယ် ဆိုတာတွေကို ဖတ်ရမှာဖြစ်ပါတယ်။ သူတို့ရောက်သွားတဲ့ စခန်းက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ထိုင်းနိုင်ငံတို့ ဆုံဆည်းတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ တည်ရှိတာပါ။ ကလေးတွေက ကော်သူးလေ ကရင်ဒေသ အသီးသီးက လာတဲ့ ကရင်တိုင်းရင်းသားများဖြစ်တယ်လို့ ဆိုတယ်။ သူတို့ ပြောတတ်သလို ရှင်းရှင်းနဲ့ ဗွင်းဗွင်း ရေးထားတာဖြစ်တဲ့အတွက် မြို့ပြက ကလေးငယ်တွေရဲ့ တဖွဲ့တနွဲ့စာစီစာကုံးတို့နဲ့ ကွာခြားပါလိမ့်မယ်။
မမေ့နိုင်သောမြင်ကွင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးရေးကြရာမှာ အနိဋ္ဌာရုံတွေ ထည့်ရေးကြတာကို
ဖတ်ရတာလည်း အထူးအဆန်း ဖြစ်မိကြမှာပါ။ တမင်သက်သက် ထည့်ရေးတာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ခေါင်းစဉ်မှာ မေးထားတဲ့အတိုင်း ဖြေလိုက်၊ ရေးလိုက်တာ ဖြစ်ဖို့ များပါတယ်။ အနိဋ္ဌာရုံတွေပဲ ကြုံခဲ့ရသူတွေ ရောက်ရှိရာ နေရာကလည်း ဒုက္ခသည်စခန်းထဲကစာသင်ကျောင်း ဆိုတဲ့ လွတ်မြောက်နယ်မြေ၊ ဆရာ ဆရာမတွေကလည်း လွတ်လွတ်လပ်လပ် ရေးသားခွင့် အားပေးတာဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ဆယ်ကျော်သက်တွေရဲ့ စာတိုပေစတွေက ရောင်းတန်းဝင်စရာအကြောင်း မရှိပါဘူး။ သို့သော်လည်း ဒီစာအုပ်ကတော့ ဈေးကွက်ထဲ ရောက်လာပါပြီ။ မြင်နေကျမဟုတ်တဲ့ စာစီစာကုံးတွေ ဖတ်ရင်း ဖတ်ရင်းနဲ့ တခါတရံ သေနတ်သံတွေ၊ ဗုံးသံတွေ သဲ့သဲ့ကြားရ၊ လူကြီးတွေ ကလေးလက်ဆွဲပြီး ပြေးလွှားကြတာတွေကို ရေးရေးမြင်ယောင်လာနိုင်တဲ့ စာအုပ် ဖြစ်ပါတယ်။