ရသဆောင်းပါးစုံ

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – ယမ်းပုံပေါ်ကျသောမီး

 အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) – ယမ်းပုံပေါ်ကျသောမီး
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

မြန်မာပြည်မှ နရသိန်ခရီးဖော်မိတ်ဆွေစာရေးဆရာက ဒီဗီဒီယိုလေးကြည့်ပြီးခံစားရသလိုပြောပြပေးပါလို့ ပြောလာလို့ သူပို့လာတဲ့ ခွေကိုသေသေချာခံစားကြည့်ရှုမိသည်။ ပထမကတော့ ကြည့်ပြီးကိုယ်မြင်သလိုခံစားမိသလိုလေး နှုတ်နဲ့ အကြောင်းပြန်လိုက်ဖို့သာရည်ရွယ်ထားသော်လည်းသူပေးလာတဲ့ဇာတ်လမ်းတိုမှတ်တမ်းကားလေးကိုကြည့်ပြီးနှုတ်နဲ့ ပြောဖို့ထက် စာရေးချင်စိတ်ကစေ့ဆော်လာသည်။ ဇာတ်ကားကတိုတိုလေးပေမယ့် ရင်ထဲမှာစကားတွေ အရှည်ကြီး ပြောပြနေသည်။ ပြကွက်တခုစီတိုင်းရင်ထဲနင့်နင့်နဲနဲခံစားရသည်။

ဒီဗီဒီယိုလေးကတော့ ရန်ကုန်ဖလင်စကူးလ်ကရိုက်ကူးထုတ်လုပ်သည့် Missingဆိုသော မှတ်တမ်းရုပ်ရှင် တိုလေးဖြစ် သည်။၂၀၁၅ဝသန်ရုပ်ရှင်ပွဲတော်မှ The best short film ဆု ရရှိထားသော ဇာတ်ကားလည်းဖြစ်သည်။ ဒါရိုက်တာခင်မြန်မာ တွဲဖက်ဒါရိုက်တာနဲ့ဇာတ်ညွှန်းကချိုဝတ်ရည်လွင် တို့၏ လက်ရာဖြစ်ပြီး ဇာတ်လမ်းက ဇာတ်ညွှန်းရေးသူရဲ့ မိသားစု ဖြစ်ရပ်မှန်ဖြစ်သည်။

ဒီဇာတ်ကားကိုကြည့်ပြီးမျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်။ ဇာတ်လမ်းကတိုတိုလေးပေမယ့် တင်ဆက်သူဖန်တီးသူတို့၏ ဘဝနှင့်ရင်းနှီရယူခဲ့ရသောမျက်ရည်ကိုအရင်းအနှီးပြုခဲ့ရသောဇာတ်လမ်းလည်းဖြစ်သည်။မျက်ရည်ကိုအရင်အနှီးပြု စိုက်ပျိုးလို့ များ စားသုံးသူ တို့ကို မျက်ရည်အသီးအပွင့်တွေ ဖြစ်ထွန်းအောင်ဖန်တီးပေးလိုက်လေရော့သလားမသိ။ ကြည့်သူတိုင်းက ရင်နင့်ရ သည်ဟုတညီတညွတ်တည်းအတည်ပြုသည်။

မိမိကိုယ်တိုင်ကတော့ ဒီထက်ပိုလို့ပြောချင်သည်။ ဘာကြောင့်များ ဒီထက်မကပြောချင်ရသလဲဟု မေးလာပါက ဒီ ဇာတ်ကားလေးကိုကြည့်ပြီး ရင်ထဲမှာမီးတောက်မီးလျှံနှင့် မျက်ဝန်းမှာမိုးတွေပြိုဆင်းကုန်သည်မှာ သာမန် ကြည့်ရှုသူ ထက်ပိုနေ သည်ဟု ကိုယ်ကိုယ်တိုင်သိနေ၍ဖြစ်သည်။ ကိုယ်လိုဘဝနှင့် တထပ်တည်းကျနေသောဒီအဖြစ်အပျက်သည် ဖန်တီးသူတို့မိသားစုလို ကျောနှင့်ရင်မှာဒဏ်ရာရခဲ့သူများအတွက် ပင်ကိုယ် အခံကကို မီးတောက်ကြီးဖြစ်ဖို့ လောင်စာတွေ ပုံပေးပြီး သား ဖြစ်နေတာလည်းပါမည်။

တခါကမေတ္တာနှင့်ခတ်ထားသောသော့ခလောက်ဟူသောအမည်ဖြင့် ထောင်ထဲခံစားမှူ စာတပုဒ်ကိုရေးခဲ့ဖူးသည်။ ထိုစာပါ အကြောင်းအရာမှာထောင်ထဲနေသူတွေ၏ ကာယိကဒုက္ခကိုထပ်ဆင့်၍ စေတသိကဒုက္ခမပိစေလိုသောအပြင်လောကမှ မိသားစု၏ စေတနာ နှင့်ထောင်ကျနေသူအပေါ် ထားသောမိသားစု၏ မေတ္တာကြောင့် သတင်းစကားတချို့ကို ထောင်ကျနေရသူဆီမရောက်စေပဲထိမ်ချန်ဖုံးအုပ်ထားကြသောတကယ့်အဖြစ်အပျက်တွေကိုရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ယခုဒီဇာတ်လမ်း ဗီဒီယိုလေးက ထောင်အပြင်မှာ ကျန်ရစ်ခဲ့သူ မိသားစုအဖွဲ့ဝင် တယောက်ကိုသတင်းအမှန်မသိစေပဲထိမ်ချန် ထားသည့် တကယ့်အဖြစ်အပျက်။ ထောင်ထဲမှလူကိုသတင်းအမှန် မသိစေတာရောထောင်ပြင်မှလူကိုသတင်းအမှန် ထိမ်ချန် တာရော နှစ်ခုလုံးမှာမေတ္တာတွေကိုတွေ့မြင်ရသည်။

ထောင်ကျစာရေးဆရာမိသားစု၏ တကယ့်အဖြစ်အပျက်ကို ဇာတ်လမ်းဖွဲ့ထားသည်။ နရသိန်စံ စာရေးဆရာမှာ အတူတူ ဖြတ်သန်းခဲ့ရသူမို့ ရဲဘော်ရဲဘက်အဖြစ်ရှိနေသလို မိသားစုဝင် အားလုံးနှင့် တရင်းတနှီးရှိနေမှူကြောင့် ဒီဗီဒီယို မကြည့်ခင် ကတည်းက သူတို့ အကြောင်းကို သိနှင့်နေပြီးသားဖြစ်သည်။ ဇာတ်ညွှန်းရေးသူ တွဲဖက်ဒါရိုက်တာ ချိုဝတ်ရည်လွင်မှာ သူ့ဘဝထဲကဆွဲထုတ်၍ ဇာတ်လမ်းတပုဒ် ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထောင်ထဲမှာစကားတခွန်းရှိသည်။ နေသာ ထိုင်သာရှိသော ထောင်ထဲဖြစ်တည်မှူတခုခုတွေ့တိုင်းဒါအလကားရခဲ့တာမဟုတ် ကျောနဲ့ရင်းထားရတာဟုပြောဆို ကြခြင်း ဖြစ်သည်။ မျက်ရည်ဖြင့် ထုံမွှန်းထားသောမိမိတို့မိသားစုဘဝကိုအကောင်းဆုံးအနုပညာထုတ်ကုန်အဖြစ် ဖန်တီးသူ ချိုဝတ်ရည်လွင်.(စာရေးဆရာမစုသဲမွန် )ကိုလည်း ထောင်ထဲကလူတွေပြောသလို ကျောနဲ့ရင်းပြီးရယူခဲ့ရတာဆိုသည်ထက် ဘဝနဲ့ရင်းပြီးရယူခဲ့ရတာဟုဆိုရမည်ဖြစ်သည်။

ဇာတ်ကားတိုလေးမို့ ပြကွက်တိုင်းစကားလုံးတိုင်းမှာဟာကွက်မရှိဖို့ အဓိပ္ပါယ်ပြည့်ဝနေဖို့ အားထုတ်ရသည်ကို မြင်ရသည်မှာ အနုပညာခွန်အား ပြည့်ဝေသောစွမ်းအင်ကိုပါ တွေ့မြင်လိုက်ရသည်။ ဘုရားဖူးတော့ အာဠာဝက ချွတ်ခန်းကိုရွေးချယ်ပြီး ပြလိုက်တာ.နောက် နေရာအတွက် မာန်တက်နေသောအစွယ်ပြူးပြူး အာဠာဝကပုံကိုပြကွက် တခုအဖြစ် ရိုက်ပြတာမှာ ရာထူးနေရာနှင့်ပတ်သက်သောအမြင်ကိုဖန်တီးသူကသူ့အတတ်ပညာဖြင့် ဖွင့်ထုတ်ပြလိုက်သည်ကို လှစ်ကနဲ မြင်တွေ့ လိုက်ရသလို ရှိသည်။

မိသာစု၏ ဦးစီးခေါင်းဆောင်က မိသားစုတာဝန် တခဏနားပြီး သမိုင်းတာဝန်ကို ထမ်းနေရချိန်သည် ကျန်ရှိခဲ့သော မိသားစု၏ မိသားစုတာဝန်ရော သမိုင်းခရီးထွက်နေသူဆီ ပုံမှန် အားဖြည့်ပေးမှူရော တာဝန်နှစ်ခုလုံးကိုထမ်းရွက်ရသူ၏ ကြီးမားသော ဝန်ထုတ်ကိုပါ ဇာတ်လမ်းတိုလေးထဲတွေ့မြင်လိုက်ရသည်။ ဒါတင်မကနုနုနယ်နယ် ခလေးငယ်၏ နှလုံးသားထဲ ကြမ်းတမ်း သော အမှတ်အသားတခုထင်မကျန်ရစ်စေရန် နိုင်သမျှ ကြိုးစားရခြင်းမှာ မိခင်၏မေတ္တာပါမက သမီးငယ်လေး၏ အနာဂါတ် တနံတလျှားကိုပါ တည်ဆောက်ပြသောဗိသုကာတယောက်၏ ပညာတပ်ဆင်ထားသော နှလုံးသားကိုပါ ဒီဇာတ်လမ်းလေးမှာ မြင်လိုက်ရပြန်သည်။

ထောင်ကျနေသူသားအတွက် တကောက်ကောက်လိုက်နေသောမိခင်နှင့် လင်သားအတွက်မညည်းမညူ စိတ်ဓာတ်ကော အစားပါ အားဖြည့်ပေးသော ဇနီးသည် ဒီလိုဒီလိုအမျိုးသမီးများ၏ အားမာန်ကိုချီးကျူးသောစကားသူတို့၏ ခေတ်သမိုင်းမှာ တာဝန်ကျေမှူတွေကိုပါဒေါ်အောင်ဆန်းစုကြည်ကချီးမွမ်းစကားကိုဆိုခဲ့ဖူးသည်။ထောင်ထဲနေရသူမှာကိုယ့်ကိုအကျဉ်းချထား သော နေရာမှ အခန်းကျဉ်းလေးထဲနေနေရသော်လည်းတခေါက်တခါ လာလာတွေ့ရသူမှာအနီးဆုံးဆိုလျှင်တောင်အင်းစိန်၊ သာယာဝတီလိုထောင်မျိုးကိုလာရသည်။ခရီးကတနေကုန်။တွေ့ရတော့လည်း ၁၅မိနစ်။ ဒီ၁၅မိနစ်တွေ့ရဖို့ ပြင်ဆင်ရသည်က တရက်ထဲမဟုတ် ။ ရောက်အောင်လာရသည်ကမိုင်ပေါင်းများစွာ။ ဒီတော့ ကျန်ရစ်သူတို့ဆီမှာအားမာန်နှင့် ကြံ့ကြံ့ခိုင်သော သတ္တိတို့ ပြည့်လျှံနေသည်ကိုတွေ့ကြရမည်။ သူတို့ကားထောင်ကျသူထက် မလျှော့သော သမိုင်းခရီးထက်က တာဝန်ကျေသူ များ ဖြစ်ကြသည်။

ဇာတ်ကားစာတမ်းထိုးရာတွင် စာရေးဆရာနှင့် သူ့မိသားစု ဘ၀ပုံရိပ်များကို ပြန်လည်ဖန်တီးထားခြင်း ဖြစ်သည် ဟု ဖော်ပြ ထားသည်။ ယင်းမှာ ယခုဇာတ်လမ်းကို ရေးသားသူ ချိုဝတ်ရည်လွင်၏ ဘ၀ပုံရိပ် ဖြစ်ရပ်မှန်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယခု ဇာတ်ကား၏ သမီးကြီးနေရာမှာ စာရေးသူက တကယ့်ဘ၀ထဲမှာ ကပြခဲ့ရသူ ဖြစ်သည်။ ထူးခြားသည်မှာ ယခု ဇာတ်ကားတွင်  မဖော်ပြထားသော်လည်း ဇာတ်ကားထဲမှ စာရေးသူ၏ ဖခင် နိုင်ငံရေးအကျဉ်းသားမှာလည်း ပြင်ပဘ၀တွင် စာရေးဆရာတစ်ဦး ဖြစ်သည်။

ဇာတ်ကားထဲမှာ စာရေးဆရာ၏ တကယ့်ဘဝ အစုံမပါသော်လည်း ပေးဆပ်မှူတွေဖြင့်ဘဝ ကြမ်းတမ်းခဲ့သည်။ ထောင်ကျတယောက်ရင်ဆိုင်ရသောအခက်ခဲလောကဓံကိုသူလည်းဖြတ်သန်းခဲ့ရသည်မှာအထူးပြောဖို့မလို။ သို့သော်ပြောဖို့လိုသည်မှာသူ့သမီးနှစ်ယောက်၏အောင်မြင်မှူဖြစ်သည်။ ထောင်ကျမိသားစုဘဝတွေသည် များသောအားဖြင့် တစစီကျေမွကုန်သည်။ ဒီလိုအခက်အခဲကြားမှာ ဘဝကို အမြင့်မားဆုံးဖြစ်အောင် တည်ဆောက်ခဲ့ကြသော အဖြစ်ကို မုဒိတာဖြစ်စွာ ဂုဏ်ပြု မိသည်။
မိမိ တောင်ငူထောင်ထဲတုန်းက အဖြစ်အပျက်တခုကို အမှတ်ရနေသည်။ ရှေ့နေကြီးဦးခင်မောင်ငြိမ်းက ဒါ ကိုတင့်လွင် သမီးလေးရေးထားတာ ဟုပြောပြီး မဂ္ဂဇင်းပါ ဝတ္ထုတိုလေးတပုဒ်ကိုဖတ်ဖို့လာပေးသည်။  စာရေးဆရာမောင်လွင်မွန်ဟု သိထားသော အင်းစိန်သုံးတိုက် အတူတူနေခဲ့ဖူးသူကိုတင့်လွင်မှာ သူကိုယ်တိုင်စာရေးဆရာ ဖြစ်သည်မဟုတ် သူ့သမီးကို လည်း စာရေးဆရာဖြစ်အောင် မွေးထုတ်လိုက်ပြီဟုအားရဝမ်းသာဖြစ်ခဲ့ဖူးသည်။ အခုစာရေးဆရာတင်မက ဇာတ်ညွှန်းရေး ဆရာမ ပါဖြစ်နေပေပြီ။

ယခုမှတ်တမ်းရုပ်ရှင်ကို အနုပညာရသအပြည့်ထပ်ဖြည့်နိုင်အောင် စွမ်းရည်သည် ဘဝတိုက်ပွဲကြားကရယူခဲ့သောခွန်အားနှင့် ပညာများဟု ထောမနာ ပြု မိသည်။

တကယ့်ဘဝထဲမှ ကိုယ်တိုင်ကြုံခဲ့သည်တိုင်းကို အနုပညာအဖြစ် ပြန်လည်ချယ်မှုန်းတိုင်း ခံစားရကြသည်တော့မဟုတ်။ ကိုယ်ပိုင်ဆိုင်သော အနုပညာအားကောင်းမှ ပိုမိုတောက်ပသောအနုပညာပစ္စည်း ဖြစ်လာမည်ဖြစ်သည်။ တီထွင်တတ်သော အနေထားကလည်းဇာတ်လမ်းကိုပိုကြွလာစေပြန်သည်။ရင်ထဲညှိသောပြကွက်တခုအဖြစ် ခံစားရမိသည်ကိုပြောရမည် ဆိုလျှင် မျက်မှန်နှင့်ဘော့လ်ပင်ဖြစ်သည်။ ညအိပ်ယာဝင် ပုံပြင်ပြောအပြီး ဖခင်သိမ်းခိုင်းထားသော မျက်မှန်နှင့်ဘော့လ်ပင်ကို စားပွဲပေါ်တင်လိုက်သည့် ပြကွက်။ မနက်မိုးလင်းလင်းခြင်း အနားမှာရှာမတွေ့သောဖခင်ကို တကြော်ကြော်ခေါ်ပြီး မျက်မှန်နှင့်ဘော့လ်ပင်ကို ကိုင်ကာဖခင်ကိုလိုက်ရှာနေသောပန်းနုလေး။ ကြည့်ရှုနေသူ၏ စိတ်မှာမဆွက ပြထားနှင့်သော ဘုရားဖူးစဉ်စောင့်ကြည့်နေသောထောက်လှမ်းရေးရေဒီယိုသတင်းကြေငြာချက် စသည်ပြကွက်များ ကြောင့်သူ့ဖခင်ကို လည်း ထောက်လှမ်းရေးကဖမ်းသွားပြီဆိုတာကိုသိနေသည် ။ မသိသေးသည်မှာ ပန်းနုလေး ဖြစ်သည်။ အခုပန်းနုကဖခင် သိမ်းခိုင်း ထားသောမျက်မှန်နှင့်ဘော့လ်ပင်ကို ကိုင်ရင်း ဖခင်ကိုခေါ် လိုက်တိုင်း ကြည့်နေသော မိမိမျက်ဝန်းထဲစို့လာသော မျက်ရည်သည် ထောင်ဝင်စာတွေ့စဉ် ဖခင်လက်ထဲမျက်မှန်ကိုထည့်ပေးလိုက်သည့်အချိန်မှာတော့ မျက်ဝန်းတခုလုံး အိုင်ထွန်းနေပါပြီ။

ပန်းနုလေး ပြုစုပျိုးထောင်သည့် စာရေးဆရာကတော် ရွေးချယ်ချမှတ်ခဲ့သော လမ်းကြောင်းမှန်သည်ဆိုတာ အချိန်က အဖြေပေး လိုက်ပြီ ဖြစ်သည်။ ဇာတ်လမ်းထဲမှာအဓိကသရုပ်ဆောင်ခလေးလေးပန်းနုမှာ အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ် မှ ဦဏှောက်နဲ့ အာရုံကြောဆိုင်ရာသိပ္ပံ ဘွဲ့တခုကိုရယူခဲ့ပြီး ယခုအခါ ဘော်စတွန်မြို့ဟာဗက်တက္ကသိုလ် သင်ကြားရေး ဆေးရုံဖြစ်တဲ့ မတ်တလိန်းဆေးရုံမှာ စိတ်ကျန်းမာရေးပညာရှင် အဖြစ် အလုပ်လုပ်နေရင်း ပညာရေးခရီးအတွက် ခရီးဆက်နေ ပေပြီ။ ငယ်ရွယ်စဉ်ကတည်းက ခလေးရင်ထဲ တန်ဖိုး ရှိသော ရပ်တည်မှူတို့ကို ထည့်သွင်းတည်ဆောက် ပေးခဲ့သော ဗိသုကာမှာ ကန့်လန့်ကနောက်ကွယ်ကအဓိကကျသူ ဖြစ်နေပါ တော့ သည်။

ဒီဇာတ်တခုလုံးကိုကြည့်ရှုပြီးမျက်ရည်ဖြိုဖြိုင်ကျရသည်ဟုပြောလာသူကို ဒီဇာတ်လမ်းထဲက ဘယ်သူရဲ့သရုပ်ဆောင်ချက် ကြောင့် ယခုလိုမျက်ရည်တွေကျရသလဲဆိုတာကိုမေးလျှင် ပန်းနုလေးကိုသာပြောကြလိမ့်မည်ထင်သည်။ ဇာတ်လမ်းထဲက ပန်းနုကိုချီမွမ်းလျှင် လူမမယ်ခလေးပန်းနု၏ ဇာတ်ရုပ်ကိုကြွနေအောင်ဖန်တီးလိုက်သောဒါရိုက်တာတွေနှင့် ဒီဇာတ်လမ်းကို ဖန်တီးသောဆရာ့သမီးကြီးချိုဝတ်ရည်လွင်ကိုသာအဓိကထားပြောကြားရမည်ဖြစ်သည်။

ပင်ကိုယ်အရှိကိုက ရင်ထဲထိထိရှရှ ခံစားရတဲ့ တကယ့်အဖြစ်မှန် အကြောင်းအရာ။ အဖြစ်အပျက် အကြောင်းအရာ အမှန်ကိုထပ်မံ ပြုပြင် မွမ်းမံပြီးအနုပညာတခုအနေနဲ့ချပြလိုက်တော့ ဆရာဦးအောင်သင်းစကားနဲ့ပြောရရင် လူ့စိတ်အခံရှိပြီး သား ရင်ထဲမှ ဒဏ်ရာကိုအနုပညာဖန်တီးသူကဖန်တီးထုတ်လုပ်လိုက်သောအခါ ငါးကြင်းဆီနဲ့ငါးကြင်ကြော် သလို ယမ်းပုံမီးကျ ဖြစ်သွားရတော့သည်။

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts