ကဗျာ

ဒီလူည – မိသားစုသီချင်း (၄)

 
ဒီလူည – မိသားစုသီချင်း (၄)
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

စိတ်တူကိုယ်တူ နားခဲ့တဲ့ကိုင်းမှာ
ပန်းရနံ့တွေက ညွှတ်နေအောင် ပွင့်တယ်

အစာအိမ်ချင်း ချိတ်ဆက်ထားတဲ့ အရပ်ဒေသပါပဲ

ခေါက်းအုံး နှစ်လုံးမှ သုံးလုံး လေးလုံး ငါးလုံး
စောင်နှစ်ထည်မှ သုံးထည် လေးထည် ငါးထည်

စလယ်ဝင်အိုးကအစ
နံရံမှာချိတ်ထားတဲ့ ဘွဲ့ဓာတ်ပုံတွေအထိ ပါတယ်

အဖြူအမည်းဓာတ်ပုံ လေးက နေ
လူစုံ တက်စုံ မစားဖြစ်တော့တဲ့
ထမင်းဝိုင်းလေးလည်းပါတယ်

ဘဲဥတစ်ခြမ်းနဲ့ ထမင်းမြိန်ခဲ့ကြသလို
အသားဟင်းနဲ့လည်း ထမင်းဝခဲ့ကြတယ်

တစ်ယောက်ကို တစ်ယောက်မှီပြီး
တစ်ယောက်ပခုံးနဲ့ တစ်ယောက်ကို
ကြယ်တွေခူးဖို့ ထမ်းတင်ပေးကြတယ်

မိသားစုတဲ့
ဘယ်ည ကြည့်ကြည့် လရောင်က အမြဲလင်းတယ်။  ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts