ရသဆောင်းပါးစုံ

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်) – ၅ (ည) ကြောင်ဗျ၊ ၅ (ည) ကြောင်

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်) – ၅ (ည) ကြောင်ဗျ၊ ၅ (ည) ကြောင်
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၁၆

ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်၍ထောင် ၄ ထောင်ပြောင်းနေခဲ့ရပြီး အဆောင် တိုက်၊ အခန်းတို့မှာ မရေတွက်နိုင် အောင်ပင် ပြောင်းနေဘူးခဲ့သည်။ နေရာအတည်တကျ မထားခြင်းဖြင့် အတူကြံစည်ထားသော အကြံအစည်များပျက်ပြား အောင်လုပ်ခြင်း ဖြစ်သည်ဟု ဝါရင့်ထောင်ကျဘူးသူတစ်ဦးက ပြောပါသည်။ တိုက်များစွာ အဆောင်များစွာထဲမှ မိမိအနှစ် သက်ဆုံးနှင့် အမှတ်အရဆုံးနေရာမှာ အင်းစိန်တွဲဘက်ထောင် (၁) ဆောင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ရွှေဝါရောင် တော်လှန်ရေးအတွက် ဖမ်းဆီးထားသောသူများအားလုံး ဆုံဆည်းကြသောနေရာဖြစ်သောကြောင့်ဖြစ်ပါသည်။ ရဲတပ်ရင်းအသီးသီးတွင်ဖမ်းထားသူများ၊ ကမ္ဘာအေးတွင်ဖမ်းထားသူများ၊ အင်းစိန် GTI တွင်ဖမ်းထားသူများအားလုံးကို တစ်ရက်တည်း တွင် အင်းစိန်ထောင်သို့ပို့ရာ အများစုမှာ အင်းစိန်တွဲဘက်ထောင်သို့ ရောက်လာကြခြင်းဖြစ်ပါသည်။ အဆောင် (၂) အပေါ် ထပ်တွင်ထားသော ပုသိမ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများဖြစ်သည့် ဘိုကလေးကျောင်းသားအုပ်စုလည်း (၁) ဆောင်သို့ပြောင်းလာကြရသည်။ မဇ္ဇျိမလှိုင်းမှ ပန်းရဲ့လမ်း ကိုရဲလွင်လည်း ပါသေးသည်။

တလောက (ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့၌ ဦးဝင်းထိန်အားရန်တွေ့နေသည့်လူဝတ်နှင့်သူ ) ပန်ချီမောင်စိန်လည်းပါသည်။ စစ် ကားကိုလှန်ပြ၍အဖမ်းခံရသည်ဆိုသော သိမ်ကြီးဈေးနာက မာမူကြီးလည်းပါသည်။ လက်ဘက်ရည်ဆိုင်က အကြော်ဆရာလည်းပါသည်။ ဆိုလိုသည်မှာလူတန်းစားအ လွှာမျိုးစုံရောက်လာကြခြင်းပင်ဖြစ်သည်။ အားလုံးကလည်းတစ်ယောက်နှင့်တစ် ယောက်ညှာတာကြ၊ နားလည်ကြပါသည်။ တစ်ဆောင်ကို အားလုံးက ၅(ည)ဆောင် ဟုသိထားကြသည်။ နိုင်ငံရေးသမားများထားသောကြောင့်ဖြစ်သည်။ ပြောရလျှင် ထောင်ထဲတွင် ၅(ည)ဆောင်သည် ထောင်အာဏာပိုင်တို့ဂရုစိုက် ဆက်ဆံခံရသော အဆောင်ဖြစ်သည်။

ကြုံတုန်းရှင်းပြရလျှင် 30D သည်ထောင်တွင် အဆင့်မရှိဆုံးဟု သတ်မှတ်ခံသည့်ထောင်ကျများဖြစ်သည်။ ထောင်ကိုအိမ်လုပ် ကာ  ဝင်လိုက်ထွက်နှင့် အများဆုံးနေရ (၃) လဖြစ်သည်။ မှောင်ရိပ်ခို၊ အချိန်မတော်လမ်းလျှောက်စသည်ဖြင့် တွေ့ရာ လူဖမ်းသောပုဒ်မဖြစ်သည်။ အားလုံးကနားလည်ထားသည်မှာ ကလေကချေမှုဖြစ်သည်။ တစ်ဆောင်တွင်ကျသော 30D များမှာ အလွန်ချစ်စရာကောင်းသည် နိုင်ငံရေးသမားများကို အားကျသလိုလေးစားကြသည်။ ညအိပ်ချိန်အစောင့်ကျသောသူ (ဘာယာ) သည် ၅ ည များအတွက် ပုဆိုးခေါက်ဖြင့်ယပ်ခတ်ပေးသည်အထိ တာဝန်ကျေကြပါသည်။ အားလုံးက လက်ရေ တပြင် တည်းစား၍လည်း ပိုခင်တွင်ကြသည်။ တစ်ဆောင်၏နောက်ထပ်ချစ်စရာကောင်းသောအချက်မှာ ညနေတန်းပိတ်သည်နှင့်ဘုရားရှိခိုးရန် ငါးယောက်တတွဲတန်းစီပြီး စောင့်နေကြရသည်။ မိန်းဂျေးလ် (Main Jail) လူစစ်ပြီး သံချောင်းခေါက် အချက်ပေးလိုက် သည်နှင့် ညီညီညာညာဘုရားရှိခိုးကြသည်။ သြဝါဒပါတိမောက် ဒုတိယဂါထာကို ရှေ့မှတိုင်ပေးသည်။ မင်္ဂ လာတရားသံပေါက်ကိုလည်း ရွတ်ဆိုကြရသည်။

နဂိုက ထောင်ကျထဲမှတယောက်ကတိုင်ပေးသော်လည်း သူလွတ်သွားသည့်အခါ ၅(ည) ကျောင်းသားထဲမှ ဘိုကလေးကိုဖြိုး (ဖြိုးမောင်မောင်စိုး) ကြေးစည်ရိုက်၊ ရှေ့ကတိုင်နှင့် နိဗ္ဗာန်ဆော်လုပ်သည်။ အလားတူပင် တစ်ဆောင်ပေါ်ကကြောင်လေးတွေကလည်းချစ်စရာအလွန်ကောင်းသည်။ အလွန်ယဉ်ပါးသောကြောင်လေးများဖြစ်ပြီး အကျဉ်းသားများသင်ထားသည့် အ တိုင်း အားလုံးလုပ်တတ်သည်။ ကျွမ်းထိုးတတ်သည်။ တူတူပုန်းလျှင်လိုက်ရှာတတ်ကြသည်။ ကြောင်ချစ်သူများက မိမိ ထောင်ဝင်စာထဲတွင်ပါသော အသားများကိုပင် ကြောင်လေးများအားကျွေးကြသည်။ တစ်နေ့ ဘုရားရှိခိုးရန်တန်းစီစောင့်နေတုန်းမိန်း ဂျေးက ရုပ်ဆိုးဆိုးကြောင်ထီးကြီးက အဆောင်ထဲက ကြောင်မလေးအားလူကြားထဲ မရှောင်လာမိတ်လိုက်ပြစ်သည်။ ကြောင်မလေးအလန့်တကြားအော်လိုက်သည်နှင့် တစ်ဆောင်လုံးပွက်ပွက်ရိုက်သွားတော့သည်။ အားလုံးအပေါက်တွေပိတ်၊ ချချ၊ လိုက်လိုက်။ မလွတ်စေနဲ့ ပစ်သံခတ်သံများလည်း ဝုန်းဒိုင်းကြဲနေသည်။ ထောင်အာဏာပိုင် များလည်းအပြေးအလွှားရောက်လာကြတော့သည်။ သူ့ကိုပင်ဂရုမစိုက်ကြ။ လာပြီ လာပြီဖမ်းဖမ်းနှင့် ကြောင်ကိုမဲနေကြသည်။ အခန်းလူကြီး သူကြီး သန်းဝင်းကသတင်း ပို့ရသည်။ ထောင်မှူးကတံခါးဖွင့်ဝင်လာသဖြင့်ထိုအပေါက်မှ ကြောင်ထီးကြီးထွက်ပြေး လွတ်မြောက် သွားသည်။ လုံးဝမကျေနပ်ကြ။ ဒီကြားထဲ ထောင်မှူးစကားကို အားလုံးကယမ်းပုံမီးကျဖြစ်သွားတော့သည်။

“ကြောင်ချင်း မိတ်လိုက်တာဘဲဗျာ ကမ္ဘာပျက်သလားအောက်မေ့ရတယ်”
အားလုံးက ထောင်မှူးဉာဏ်လင်းအောင်ကို ဝိုင်းလိုက်ကြသည်။ တယောက် တပေါက်ရန်တွေ့ကြသည်။

“ခင်ဗျား အဲသည်စကားမပြောနဲ့၊ ခင်ဗျားတို့ကြောင်က လွန်လွန်ကျူးကျူး ကျုပ်တို့အဆောင်လာတာဗျ။ အဆောင်ချင်းမကူး အောင် ခင်ဗျားတို့ကြောင်ကို ထိန်းပါ့လား၊”

“အလကားကလေကလေချေကြောင်၊ သာသီးဒီကြောင်က လာစော်ကားတာခေါင်းငုံ့ခံနေရမှာလား”

“ကြောင်က မိန်းဂျေးနေရတယ်ဆိုပြီသက် သက်ကြောင်ဝါးဝတာ”

ထောင်မှူးဥာဏ်လင်းအောင်မှာဝိုင်းရန်တွေ့ခံနေရသည့်ကြားမှစိတ်ရှုပ်သွားပုံရ သည်.။

“နေစမ်းပါဦး ခင်ဗျားတို့ကြောင်ကကော ဘာကြောင်မလို့တုန်း” ညှိထားသည့်အလား ပြိုင်တူအော်လိုက်ကြသည်မှာ

“ ၅ (ည) ကြောင်ဗျ၊ ၅ (ည) ကြောင်”

ထောင်မှူးခင်ဗျာပြုံစိစိဖြင့် ထွက်သွားပါလေတော့သည်။

ဒါလည်းအမှတ်တရပါဘဲလေ။

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်) – ၅ (ည) ကြောင်ဗျ၊ ၅ (ည) ကြောင်

Comments are closed.