ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

လှကျော်ဇော – ကြင်စဦးကာလများ

 လှကျော်ဇော – ကြင်စဦးကာလများ
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆

ဖေဖေနဲ့ မေမေ့ မင်္ဂလာပွဲကို စီစဉ်ပေးသူကတော့ ဖေဖေက သူ့အစ်ကိုကြီးတယောက်လို တသက်လုံး ခင်မင်လေးစားခဲ့တဲ့ ဗိုလ်လက်ျာပါ။ အဲဒီတုန်းက ဗိုလ်လက်ျာက မကျန်းမာလို့ ဆေးရုံတက်နေရပေမယ့် ဆေးရုံပေါ်ကနေ အစအဆုံး စီစဉ်ပေး ပါတယ်။

ရန်ကုန်မှာရှိတဲ့ ဖေဖေ့အဒေါ်ကတော့ ဖေဖေက အမျိုးထဲက အကြီးအကဲမို့ မင်္ဂလာကိစ္စ စီစဉ်ပေးဖို့ပြောပေမယ့် မေမေနဲ့ သ ဘောမတူနိုင်ဖြစ်နေတဲ့အတွက် ဟိုရွှေ့ ဒီရွှေ့လုပ်နေလို့ ဖေဖေက ဗိုလ်လက်ျာကိုပဲ အားကိုးခဲ့ရတာပါ။ မင်္ဂလာကိစ္စအတွက် သုံးဖို့ငွေကိုတော့ ဖေဖေ့မှာ ဘီအိုင်အေခေတ်ကစီးခဲ့တဲ့ မော်တော်ဆိုင်ကယ်ကိုရောင်းပြီး ရတဲ့ငွေ ငါးသောင်းနဲ့ စီစဉ်ခဲ့ရတာ ပါ။ ငါးသောင်းကုန် မင်္ဂလာပွဲဆိုပြီး အထင်တော့ မကြီးလိုက်ပါနဲ့။ အဲဒီခေတ်က ဂျပန်ခေတ်ဆိုတော့ ဖရောင်းတိုင်တထုပ် ငါးရာ လောက်ပေးနေရတာပါ။

မင်္ဂလာပွဲကို ဖေဖေတို့ သာယာဝတီဆက် ခေါင်းဆောင်ကြီး သခင်မြအိမ်မှာ ကျင်းပပါတယ်။ သခင်မြရဲ့ဇနီးက မေမေတို့ မိဘများနဲ့လည်း ရင်းနှီးပြီး ဆွေမျိုးရင်းချာလို နေခဲ့ကြတာပါ။ ဒါကြောင့် သခင်မြတို့ဇနီးမောင်နှံကဦးစီးပြီး မင်္ဂလာပွဲကို ကျင်း ပပေးတာပါ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မင်္ဂလာသြဝါဒစကားပြောကြားပြီး၊ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဦးနု တို့ဇနီးမောင်နှံက လက်ထပ်ပေးခဲ့ပါတယ်။

သခင်မြတို့က သားသမီးရတနာ မထွန်းကားပါဘူး။ ဒါကြောင့် သူကိုယ်တိုင် လက်ထပ်မပေးဘဲ သားစုံသမီးစုံရှိတဲ့ ဦးနုတို့ကို လက်ထပ်ပေးခိုင်းတာပါ။

ဆရာကြီးမှိုင်းက ရဲဘော်မသေ။ သေသော် ငရဲမလားဆိုတဲ့ ဆောင်ပုဒ်ကို ဘုရားဟော တရားတွေနဲ့ယှဉ်ပြီး မင်္ဂလာစကား ပြောရာမှာ လွတ်လပ်ရေးအတွက်။ အများကောင်းကျိုးအတွက် လူသတ်တာဖြတ်တာ အကုသိုလ်အလုပ်တွေ ဘယ်လောက် ပဲလုပ်လုပ် ငရဲမကျနိုင်ဘူးလို့ သြဝါဒစကားပြောခဲ့တယ်လို့ မေမေက ပြန်ပြောပြဖူးပါတယ်။

လက်ထပ်ပြီး မင်္ဂလာဘိသိက်ရည်သွန်းပေးတော့ ဖေဖေက သူ့ဘောင်းဘီအိတ်ထဲက အနားတောင်သီမထားတဲ့ လက်သုတ် ပဝါအကြမ်းကြီးထုတ်ပြီး လက်သုပ်သတဲ့၊ မေမေက ဒါကိုကြည့်ပြီး “အမလေး ဗိုလ်ကျော်ဇော။ ဗိုလ်ကျော်ဇောနဲ့ နာမည်သာ ကြီးပြီး။ သားသားနားနား လက်ကိုင်ပဝါလေးတထည်တောင် မရှိပါလား” လို့ စိတ်ထဲက စဉ်းစားမိဆိုပဲ။ မေမေက သူ့အဖေ ကြီးက အင်္ဂလိပ်အရေးပိုင်ရုံးမှာ ရုံးအုပ်စာရေးကြီးဖြစ်လေတော့ ရုံးတက်ရာမှာ သားသားနားနား ခမ်းခမ်းနားနား ဂိုက်နဲ့စတိုင် နဲ့ တက်တာတွေ တွေ့လာခဲ့ရတော့ ဖေဖေ့ကြည့်ပြီး စိတ်ပျက်မိတယ်ဆိုပဲ။

မေမေကိုတွဲပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ပွဲထုတ်လာတုန်းကလည်း ဖေဖေ့ဘေးမှာထိုင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း က ဖေဖေ့ရင်ဘတ်ကိုဖိပြီး “ကျော်ဇော ကျော်ဇော သတိထားနော် သတိထား” လို့ နောက်ဆိုပဲ။

ဖေဖေက အဲဒီနေ့က ဂျပန်စစ်ဗိုလ်အဝတ်အစားနဲ့ လက်ထပ်တာပါ။ ခေါင်းတုံးကြီးနဲ့ မျက်နှာကြီးက ပြတ်မတတ် တင်းထားပြီး ဓားလွယ်ချိတ်ထားတဲ့ ဖေဖေရဲ့ အဲဒီနေ့က ဓာတ်ပုံကိုကြည့်ပြီး ကျွန်မအောက်က ညီမ “စန်း” က “မေမေကလည်း ဖေဖေ ဒီလောက်အရုပ်ဆိုး ကြောက်စရာကောင်းတာကြီးကို ယူခဲ့တာလား” လို့မေးတော့ မေမေက “အိုအေ ငါကြိုက်တုန်းက ဒီရုပ် မဟုတ်ပါဘူး” လို့ ပြန်ဖြေပါတယ်။ ဖေဖေနဲ့မေမေတို့ လက်ထပ်ပြီးနောက် ဦးဝိစာရလမ်းက တထပ်တိုက်လေးတလုံး မှာနေ ပါတယ်။ ဂျပန်အမြောက်တပ်ရဲ့ဘေးမှာဖြစ်လေတော့ တခါတလေ မဟာမိတ်လေယာဉ်ပျံတွေ လာဗုံးကြဲရင် ဂျပန်လေယာဉ် ပစ်အမြောက်တွေက အဲဒီအဝိုင်းထဲကနေ ပြန်ပြန်ပစ်တာ ညလုံးပေါက်တတ်တယ်လို့ ဆိုပါတယ်။

ဖေဖေက မျက်နှာထားတင်းလွန်းလို့ အဲဒီကာလက ဖေဖေရဲ့ရဲဘော် သူငယ်ချင်းလူပျိုတွေဖြစ်ကြတဲ့ ဗိုလ်ရန်အောင်တို့ ဗိုလ်ရဲထွဋ်တို့က မေမေ့ကို မကြာခဏ လာစတတ်။ နောက်တတ်သတဲ့၊ ဗိုလ်ရဲထွဋ်က “နေစမ်းပါဦး။ ခင်ဗျားလူကြီးက ခင် ဗျားနဲ့ နှစ်ယောက်တည်း စကားပြောတဲ့အခါ ပြုံးရောပြုံးတတ်ရဲ့လား” လို့ စသတဲ့၊ မေမေက “အို ပြုံးတတ်ပါတယ်တော်၊ ရှင်တို့ကိုသာ ပြုံးမပြတတ်တာ၊ ကျွန်မနဲ့စကားပြောလို့ကတော့ ရီပြုံးနေတာပါတော်” လို့ ကက်ကက်လန် ပြန်ပြောရင် သူတို့ တတွေက တဟားဟားနဲ့ သဘောကျနေတတ်သတဲ့။

ဖေဖေက အဲဒီကာလက အဖြစ်အပျက်တခုကို ကျွန်မကို ပြန်ပြောပြထားတာ ရှိပါတယ်။ ဖေဖေတို့လက်ထပ်ပြီး နောက်နေ့မှာ ဖေဖေက ရုံးတက်ဖို့ပြင်ဆင်နေတုန်း ဖိနပ်စီးဖို့ ကုလားထိုင်မှာထိုင်လိုက်တော့ မေမေက ဖေဖေ့ကုလား ထိုင်ဘေးကကြမ်း ပေါ်မှာ ဒူးလေးတုပ်ထိုင်လိုက်သတဲ့။ ဖေဖေက “ဘာလုပ်မလို့လဲ” မေးတော့။ မေမေက “ဖိနပ်စီးပေးမလို့လေ” လို့ ဖြေသတဲ့။ သူက သူ့အဖေကြီးရုံးတက်ရင် ဘွတ်ဖိနပ်ကို သူစီးပေးလေ့ရှိတော့ ဖေဖေ့ကိုလည်း စီးပေးဖို့လုပ်တာလေလို့ ဖေဖေက ပြန်ပြောပြပါတယ်။ ဖေဖေက မေမေစီးပေးတာမခံဘဲ မလိုပါဘူး၊ ကိုယ့်ဟာကိုယ်စီးမှာပါလို့ ပြောရဆိုပဲ။

အဲဒီအိမ်လေးမှာ မေမေတို့လက်ထပ်ပြီး ၁ လကျော်လောက်ပဲ နေရပြီး ဖေဖေတို့ ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်ရတော့ မှာမို့ မေမေ့ကို သုံးဆယ်က မိဘများအိမ်ပြန်ပို့ပါတယ်။ အဲဒီတုန်းက ဖေဖေက ပဲခူးမှာတာဝန်ကျလေတော့ အဲဒီကနေ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ မော်တော်ဆိုင်ကယ်နဲ့ ကိုယ်ရံရဲဘော်လေးနဲ့အတူ သုံးဆယ်ကို ပြန်လာတတ်ပါတယ်။ ဂျပန် တော်လှန်ရေးနီးလာတော့ ဖေဖေ့အစီအစဉ်နဲ့ မေမေက မိဘများနဲ့ခွဲပြီး တယောက်တည်း ဆွေမျိုးတော်စပ်သူတွေမရှိတဲ့ ဒေါဝိရွာလေးမှာ သွားပုန်းနေရပါတယ်။

မေမေ့မိဘများက သုံးဆယ်မြို့မျက်နှာဖုံးတွေဖြစ်ကြတော့ လူတော်တော်များများကသိတဲ့အတွက် ဖေဖေက မေမေ့ကို သူ့မိ ဘများနဲ့အတူ မထားတာပါ။ ဂျပန်ကိုတော်လှန်ရမှာမို့ ဂျပန်အလိုတော်ရိတွေက လက်တို့လိုက်ရင် တမိသားစုလုံး ဒုက္ခ ရောက်မှာစိုးလို့ပါ။ မေမေ့အဖေက မေမေကို အဲသလို တယောက်တည်း ခွဲထားရတော့ မျက်နှာသုတ်ပဝါကြီး လည်ပင်းပတ်ပြီး “အစကတည်းက ဒီဒုက္ခတွေမြင်လို့ ဒီကောင့်ကို မယူပါနဲ့လို့တားတာ” လို့ ပြော ပြော ငိုပါသတဲ့။ နောင်တော့ မေမေဟာ တယောက်တည်းပုန်းမနေတော့ဘဲ ဖေ့ဖေ့မိသားစုနဲ့အတူသွားပေါင်းပြီး သုံးဆယ်ပတ်ဝန်းကျင်မှာရှိတဲ့ ဥက္ကံ၊ ဒေါဝိ၊ ဖိုးခေါင် ဆိုတဲ့ ရွာတွေမှာ လှည့်ပြီးစစ်ပြေးခဲ့ပါတယ်။ မေမေနဲ့ဖေဖေ ဂျပန်တော်လှန်ရေးအတွင်း တယောက်နဲ့တယောက် အဆက် ပြတ်သွားပြီး ဂျပန်တော်လှန်ရေးပြီးမှ သုံးဆယ်က မေမေတို့အိမ်မှာ ပြန်ဆုံကြရပါတော့တယ်။

လှကျော်ဇော
၁၅-၆-၂၀၁၀

မှတ်ချက်။
၁။ ကျွန်မဆက်၍ရေးခြင်သောဖေဖေအကြောင်းများ အတွဲ(၁)၊ ဖြိုးမောက်သာစာပေမှ ဆောင်းပါးအမှတ် (၁၆) ကို ပြန်လည် ဖေါ်ပြပါတယ်။

၂။ ၂၀၁၆-၁-၁၅ ရက်နေ့မှာကျရောက်တဲ့–ဖေဖေနဲ့မေမေ မင်္ဂလာပွဲအနှစ် (၇၁) နှစ်မြောက်နေ့အမှတ်အရအဖြစ် ပြန်တင် တာဖြစ်ပါတယ်။

၃။ ပုံစာ – ၁၉၉၅-၁-၁၅ ရက်နေ့ မင်္ဂလာပွဲအနှစ် (၅၀) မြောက်ရွှေရတုနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts