ထောင်စုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ နှစ်ပတ်လည် လုပ်ငန်းသုံးသပ် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ထောင်စုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ နှစ်ပတ်လည် လုပ်ငန်းသုံးသပ် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
သွန်းခ (ရန်ကုန်၊ ဇန်နဝါရီ-၁၂) မိုးမခ ဇန်န၀ါရီ ၁၃၊ ၂၀၁၆

မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း၊  ပြည်ကြီးခင် အသင်း (3MDG Partners) တို့၏ ထောင်စုနှစ် ရည်မှန်းချက် ရံပုံငွေအဖွဲ့ လုပ်ငန်း ညှိနှိုင်း သုံးသပ် ဆွေးနွေးပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ Gandamar Grand Ballroom ၌ ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၉ နာရီ မှ နေ့လည် ၁နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးဝင်းလွင် မှလည်းကောင်း၊ 3MDG မှ ရံပုံငွေ မန်နေဂျာ Mr.Paul Santar မှလည်းကောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဌ ဒေါက်တာ ဦးရဲမြ မှလည်းကောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း မှအတွင်းရေးမှူး ဦးစိုးအောင် မှ လည်းကောင်း အဖွင့် အမှာစကား များ အသီးသီး ပြောကြားခဲ့ကြသည်။

Mr.Paul Santar မှ 3MDG အနေနှင့်အမေရိကန် ဒေါ်လာ ၁၉သန်း အကုန်အကျခံ၍ ဆေးယဉ်ပါးတီဘီ ရောဂါ လူနာသစ်ရှာဖွေရေး၊ ဆေးဝါး နှင့် အာဟာရ ပြည့်ဝစွာ ရရှိရေး တို့အတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေါက်တာ ဦးရဲမြ မှလည်း မြန်မာနိုင်ငံ၏ လူနေမှုအဆင့်နိမ့်ကျနေမှု၊  ဆင်းရဲမွဲတေမှု၊ အာဟာရချို့တဲ့မှု တို့မြင့်မားနေခြင်းကြောင့် တီဘီရောဂါ ဖြစ်ပွားမှု နှင့် ဆေးယဉ်ပါးတီဘီ စိန်ခေါ်မှု တို့ကို ရင်ဆိုင်နေရကြောင်း၊ ဆေးယဉ်ပါးတီဘီ ဝေဒနာသည်များအနေနှင့် ဆေးဝါးသုံးစွဲမှု မမှန်ကန်ခြင်း၊
ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများအား ကူညီဖြည့်ဆည်း ဖြေရှင်းပေး နေရပါကြောင်း၊ လက်ရှိဆောင်ရွက်နေကြသည့် မည်သည့်အဆင့် ကျန်းမာရေး ဝန်ထမ်းကို မဆို ချီးကျူး ဂုဏ်ပြု စကားပြောကြား အပ်ပါကြောင်း ပြောကြားသွား ခဲ့သည်။ တီဘီရောဂါ တိုက်ဖျက်ရေး အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသူများအနေနှင့် ဆက်လက်၍ အများဆုံး နှင့် အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်ကြစေလိုပါကြောင်း လည်း ထည့်သွင်းအားပေး ပြော
ကြားသွားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ မြို့နယ်ဆရာဝန်ကြီးများ၊ ကျန်းမာရေးမှူးများ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။