စာအုပ်စင်

ညွန့်ထွေး – စာအုပ်မိတ်ဆက်

ညွန့်ထွေး – စာအုပ်မိတ်ဆက်
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆
● ကိုယ်တိုင်ရေးအတ္ထုပတ္တိ

သခင် ခင်အောင်
၁၁၁ မျက်နှာ၊ ကျပ် ၂,ဝဝဝ၊ ဆန်းစသော်တာစာပေ

ဗြိတိသျှအစိုးရရဲ့ “ရန်သူတော်စာရင်းဝင်အမှတ် ၁၇” အဖြစ် သတ်မှတ်ခံရတဲ့ သခင် ခင်အောင် အတ္ထုပ္ပတ္တိ စာအုပ်က သူ ကွယ်လွန်ပြီး ၁၄ နှစ်အကြာမှာ ထွက်လာပါပြီ။

ဖခင်က အင်္ဂလိပ်အစိုးရရဲ့ အရာရှိကြီးတစ်ဦး။  ကောလိပ်ကျောင်းတက်ပြီးအစိုးရအရာရှိ ဖြစ်စေချင်ပေမယ့် နိုင်ငံရေးလောက ထဲဝင်မှာကို တားမရတဲ့အတွက်သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်ပါတယ်။ ဒီလိုနဲ့ သခင် ခင်အောင်ဖြစ်လာပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုအများအပြားကို အကြမ်းသဘော မှတ်တမ်းတင်ထားတဲ့ပုံနဲ့ ရေးထား တာ တွေ့ရမှာပါ။အရေးကြီးတဲ့ နိုင်ငံရေးဖြစ်ရပ်တွေမှာ ခေါင်းဆောင်မှုအပိုင်းကပါဝင်ခဲ့တာတွေကို အသေးစိတ် မှတ်တမ်းတင် ခြင်း မရှိတဲ့အတွက် သခင်ခင်အောင်ကစာရေး ဝါသနာပါပုံမရ သို့မဟုတ် စာရေးဖို့ အခက်အခဲ တစ်ခုခုရှိမယ်လို့ယူဆရပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာတဲ့ ဦးနုရဲ့စင်ပြိုင်အစိုးရမှာ ပါဝင်ပုံကို မှတ်တမ်းတင်ရာမှာတော့ ရှေ့ပိုင်းထက်ပိုပြီး အသေးစိတ် ရေးလာပါတယ်။

ရန်ကုန်၊ ကွမ်းခြံကုန်းဇာတိ သခင် ခင်အောင်က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပတ္တိကို စင်ပြိုင်အစိုးရအဖွဲ့ဝင်ဖြစ်လို့အရေးယူခံလိုက်ရပုံနဲ့ တုံးတိတိ အဆုံးသတ်ပါတယ်။  စာအုပ်အစပိုင်းမှာတော့သူ့နဲ့ မျိုးဆက် တစ်ဆက်ကွာတဲ့ နိုင်ငံရေးသမားတချို့ရဲ့ အမှာစာတွေကိုတွေ့ရမှာပါ။ အမှာစာရေးသူတွေဟာ  ကိုကိုးကျွန်း အကျဉ်းစခန်းမှာ သူနဲ့အတူတူနေထိုင်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
—————————————
● ကျောက်စိမ်း
နိုင်ဦး ဘာသာပြန်သည်
၁၄၂ မျက်နှာ၊ ကျပ် ၁,၅ဝဝ၊ ယဉ်မျိုးစာပေ

လန်ဒန်အခြေစိုက် Global Witness အဖွဲ့က ကျောက်စိမ်းဒေသအကြောင်းကိုနှစ်အတန်ကြာ အချိန်ယူ လေ့လာပြီး ရေးသားတဲ့ အစီရင်ခံစာကိုရွေးကောက်ပွဲမတိုင်ခင်လေးမှာ ထုတ်လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့အဲဒီ ကမ္ဘာ ကျော် အစီရင်ခံစာက အခုတော့ မြန်မာဘာသာနဲ့ ပြည့်ပြည့်စုံစုံထွက်လာပါပြီ။ ဒီအဖွဲ့က ဘာသာပြန်တာ မဟုတ်ဘဲနဲ့  မြစ်ဝကျွန်းပေါ်ဘက်မှာအခြေစိုက်တဲ့ ဆရာနိုင်ဦးက ယဉ်မျိုးစာပေတိုက်အတွက် ဘာသာပြန်ပေးတာလို့သိရပါတယ်။

ကျောက်စိမ်းတူးဖော်ရေးကနေ ရရှိတဲ့ငွေတွေ ဘယ်ရောက်သွားသလဲ လို့ အမှာစာမှာမေးခွန်းထုတ်ထားပါတယ်။ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းတွေမှာလား၊ ပြိုင်ကားနဲ့ ကြီးကျယ်ခမ်းနားတဲ့ ပါတီပွဲတွေမှာလား၊ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဘုံးဘောလအော အသုံးပြုနေပါသလားတဲ့။ အခန်း ၄ ခန်းခွဲပြီး ရေးထားရာမှာ – ဘယ်လောက်တန်ကြေးရှိလဲ၊ ဘယ်လိုအလုပ် လုပ်နေကြလဲ၊ ဘယ်သူတွေ ချမ်းသာနေသလဲ၊ ဘယ်သူတွေ ဆုံးရှုံးနစ်နာနေသလဲ၊ကျောက်စိမ်းနှင့် လက်နက်ကိုင်ပဋိပက္ခ လို့ ခွဲထားတာပါ။

ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းကို စစ်ဘက် အာဏာရ အသိုက်အဝန်း အပါအဝင် အမေရိကန်စီးပွားပိတ်ဆို့မှုဒဏ် ခံနေရတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေ၊ ခရိုနီကြီးတွေက လက်ဝါးကြီးအုပ် သိမ်းဆည်းထားတယ်လို့ အစီရင်ခံစာက ဆန်း စစ်ပြထားပါတယ်။ တခြားကဏ္ဍတွေမှာ အစိုးရက ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေပေမယ့်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာတော့ ပြုပြင်ပြောင်းလဲမှု မရှိသလောက်ပဲတဲ့။
Global Witness အဖွဲ့က ဒီအစီရင်ခံစာရေးဖို့ အချက်အလက်စုဆောင်း၊ ကွင်းဆင်းလေ့လာတဲ့ လုပ်ငန်းကို နှစ်အတန်ကြာ ကတည်းက လုပ်ဆောင်ခဲ့တာပါ။ ဒီကနေ့ခေတ် အစီရင်ခံစာတွေရဲ့ ထုံးစံအတိုင်း ဓာတ်ပုံတွေ ဝေဝေဆာဆာအသုံးပြုပြီး စာဖတ်သူတွေကို ဆွဲဆောင်ထားပါတယ်။
—————————————
● စတော့ဈေး ကွက်ရောင်းဝယ်ရေးနည်းဗျူဟာများ
သက်ထွန်းဦး
၁၇၄  မျက်နှာ၊ ကျပ် ၂,၅ဝဝ၊ Wisdom House စာအုပ်တိုက်

ရန်ကုန်မှာ စတော့ဈေးကွက်အဆောက်အအုံ ဖွင့်ပွဲ ပြုလုပ်သွားတာ သိပ်မကြာသေးပါဘူး။ဒီတော့ မြန်မာတွေနဲ့ အစိမ်း သက်သက် ဖြစ်နေတဲ့ စတော့ဈေးကွက်အကြောင်းစာအုပ်က စတော့ရှယ်ယာအကြောင်း၊ အဲဒီဈေးကွက်အကြောင်း လေ့လာလိုသူတွေအတွက်အချိန်ကိုက် ထွက်ပေါ်လာတယ်လို့ ဆိုရပါမယ်။

ဒီစာအုပ်အတွက် ရန်ကုန်အခြေစိုက် The Trade Times  အပတ်စဉ် ဂျာနယ်မှာဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးတွေကို ရွေးချယ်စု စည်းထားတာဖြစ်ကြောင်းကချင်ပြည်နယ်၊ နမ္မတီးဇာတိ  အသက် ၅၃ နှစ် ရှိဖြစ်တဲ့ စာရေးသူကစာအုပ်အမှာစာမှာ ရေး ထားပါတယ်။

ဆောင်းပါးပေါင်း ၃၄ ပုဒ် ပါဝင်ပါတယ်။ အချိန်မရလို့ ရွေးချယ် ဖတ်ရှုလိုတယ်ဆိုရင်ဖြင့် … မှန်ကန်သော စတော့များကို ရွေးချယ် ဝယ်ယူခြင်း၊ ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ရှုခြင်း အတတ်ပညာ၊ ရှယ်ယာများကမ်းလှမ်းရောင်းချပုံ နည်းလမ်းများ ဆိုတဲ့ ဆောင်းပါးတွေကိုညွှန်းချင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ဆုလာဘ်နှင့် ဆုံးရှုံးနိုင်ချေများဆိုတဲ့ ဆောင်းပါး ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

စတော့ဈေးကွက်ဆိုင်ရာ စာအုပ်များထဲကနေ ကောင်းနိုးရာရာတွေကို ဆောင်းပါးပုံစံနဲ့ ပြန်ရေးထားတယ်၊ ဈေးကွက်မှာ ပါဝင်ပတ်သက်မယ့်သူတွေ၊ အဖွဲ့အစည်းတွေ သိသင့်တဲ့ ဈေးကွက် နည်းဗျူဟာတွေကို အသားပေး ရေးသားထားတယ်လို့ စာရေးသူက အမှာစာမှာ ရှင်းပြထားပါတယ်။ သန်းငွေ (စီးပွား)၊ ထွန်းသက်ထွန်း စတဲ့ ကလောင်ခွဲတွေနဲ့ ဆောင်းပါး ရေးလေ့ရှိတဲ့ စာရေးသူဟာ ထွန်းဖောင်ဒေးရှင်းရဲ့ စီးပွားရေးဘာသာရပ်ဆိုင်ရာ စာပေဆု ၂ ကြိမ် ရခဲ့သူ ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ သူ့ရဲ့ ၅ အုပ်မြောက် စာအုပ်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts