ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော – မေမေရဲ့ ချစ်ဒုက္ခများ

လှကျော်ဇော – မေမေရဲ့ ချစ်ဒုက္ခများ

(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

မေမေရဲ့ဘဝတာဟာ ဖေဖေနဲ့ မေတ္တာမျှခဲ့တဲ့အချိန်ကစလို့ ဖေဖေ့အပေါ်ထားရှိတဲ့ သူ့မေတ္တာရဲ့ လမ်းညွှန်မှုအောက်ကသာ လှုပ်ရှားပြုမူခဲ့ရတာချည်းပါပဲ။

ကျွန်မတို့က မေမေ့ကို တခါတရံ ဖေဖေနဲ့သားသမီးတွေ ဘယ်သူ့ကို ပိုချစ်သလဲလို့ နောက်ပြောင်ပြီးမေးတဲ့အခါတိုင်း မေမေ ရဲ့ မပြောင်းမလဲ မယိမ်းမယိုင် တသမတ်တည်းရှိတဲ့ အဖြေကတော့ “ဖေဖေက ပင်စည်ပင်မကြီးပဲ၊ သားတို့သမီးတို့ကတော့ အကိုင်းအခက်ပဲဖြစ်တာပဲ” လို့ချည်း ဖြေပါတယ်။ တခါတလေလည်း မေမေက အခုလိုပြောတတ်ပါသေးတယ်။ “ဖေဖေဟာ အားလုံးကောင်းတယ်။ မေမေ့စကားလည်း အားလုံးနားထောင်တယ်။ မေမေ့အပေါ်မှာလည်း အင်မတန်ကောင်းတယ်။ တခု ပဲမကောင်းတာရှိတယ်။ အဲဒါကတော့ မေမေက နိုင်ငံရေးမလုပ်ပါနဲ့ဆိုတဲ့စကားတခုပဲ နားမထောင်တာ” တဲ့။ ဒါ့အပြင် မေမေ က “ဖေဖေ မကြိုက်တာဆို ဘာမှ မေမေမလုပ်ဘူး။ ရှေ့မှာလည်း မလုပ်ဘူး။ ကွယ်ရာမှာလည်း မလုပ်ဘူး။ သူမကြိုက်တဲ့ အရောင်တို့၊ အဆင်တို့ကိုတောင် မေမေက ဘယ်လောက်ကြိုက်ကြိုက် မဝတ်တော့ဘူး” လို့လည်း ဆိုတတ်ပါသေးတယ်။

တကယ်လည်း ဖေဖေနဲ့ မေမေဟာ အကြိုက်ခြင်း မတူကြပါဘူး။ ဖေဖေက အဝတ်အစားဆို ရိုးရိုးအဆင်၊ သေးသေးနုပ်နုပ် ကလေးတွေ ကြိုတ်တတ်ပြီး၊ အရောင်ဆိုရင်လည်း မျက်စိမစူးတဲ့ အစိမ်းတို့၊ အပြာတို့ စတာတွေကို ကြိုက်ပါတယ်။ မေမေက အပျိုဘဝကဆိုရင် အဆင်ရဲရဲ၊ အရောင်ရဲရဲတွေကို ကြိုက်တတ်ပါတယ်။ ဖေဖေနဲ့ အိမ်ထောင်ကျပြီးနောက်တော့ မေမေ လည်း ဖေဖေ့အကြိုက်လိုက်ပြီး ဝတ်စားဆင်ယင်ခဲ့ရရှာပါတယ်။ တို့အတူပဲ မေမေဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ဖေ ဖေ့ကိုချစ်တဲ့စိတ်နဲ့သည်းညည်းခံ ပါဝင်ပတ်သက်ခဲ့ရတာ နောက်ဆုံးမှာတော့ ဖေဖေတောခိုရာနောက် လိုက်ခဲ့ရတဲ့ဘဝ အထိပါပဲ။

ဒီလိုဒုက္ခတွေကြားထဲကတောင် မေမေက သူ့ဘဝတခုလုံးအတွက် ကျေနပ်ဝမ်းသာ ဂုဏ်ယူစွာပြောတတ်လေ့ရှိတဲ့ စကား တခုကတော့ “မိန်းမတယောက်အဖို့ ယောကျာ်းကောင်းတယောက်ရဲ့ သစ္စာရှိရှိ မြတ်နိုးတာခံရတာလောက် ကံကောင်း တာ မရှိဘူး” ဆိုတာပါပဲ။

မေမေ့ခမျာ ဖေဖေနဲ့ စတင်ချစ်ကြိုးသွယ်စဉ်ကတည်းက ပညာပေးခြင်း ခံရရှာတာပါ။ ဖေဖေက မေမေဖတ်ဖို့ စာအုပ်တွေ လာလာပေးတတ်သတဲ့။ ဒါ့အပြင် ဗမာပြည်နိုင်ငံရေး အခြေအနေတွေ နိုင်ငံခြားက လွတ်လပ်ရေး တိုက်ပွဲတွေ၊ တော်လှန်ရေး အကြောင်းတွေ ပြောပြတတ်သတဲ့။ မေမေက အဲဒီကာလကတည်းက အမေရိကန်လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ အိုင် ယာလန်က တော်လှန်ရေး စတာတွေကို ကြားဖူးနေတာပါ။ နေရူးရဲ့ ထောင်တွင်းက ပေးစာများစာအုပ်တို့၊ နဂါးနီစာအုပ် တိုက်ကထုတ်တဲ့ စာအုပ်တွေ၊ မဟာဆွေရဲ့ ဝတ္ထုတွေ စတာတွေကိုလည်း ဖေဖေက ယူလာပေးတတ်သတဲ့။

ကျွန်မတို့ငယ်ငယ်က ဘာကစလို့လဲ မသိဘူး။ ဖေဖေနဲ့ မေမေစကားများတော့ ဖေဖေက ကျွန်မတို့ရှေ့မှာပဲ မေမေကို အခု လို နောက်ဖူးပါတယ်။ “သူက ဖေဖေနောက်လိုက်လာတာ။ ဖေဖေ ဘီအိုင်အေခေတ်က ဖေဖေ့ဆီမှာ ရွှေပန်းခိုင်၊ ငွေပန်းခိုင် တွေ (ဘီအိုင်အေခေတ်က စစ်ဗိုလ်များဟာ ဘီအိုင်အေနာမည်နဲ့ ပစ္စည်းတွေ သိမ်းတတ်ကြပါတယ်။ လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ပါ။ တချို့က အဲဒီလိုသိမ်းပိုက်ပစ္စည်းတွေကို ကိုယ့်အိတ်ထဲကိုယ်ထည့်ပြီး ချမ်းသာသွားတဲ့အဖြစ်အပျက်တွေ ရှိပါတယ်။ အဲဒီလိုကိစ္စမျိုးတွေကို ရည်ရွယ်ပြီး ဖေဖေက နောက်တာပါ။) ရှိတယ်ကြားလို့ လိုက်လာတာ” လို့ နောက်တော့ မေမေက ဒေါကလည်းပွနေတာဖြစ်လေတော့ “အောင်မယ် အောင်မယ်။ အဲဒီတုန်းက ရှင်ရေးဖူးတဲ့စာတွေ ဂျပန်တော်လှန်ရေးအတွင်း ပြေးရပုန်းရတုန်းက မီးရှို့ပစ်လိုက်မိလို့။ ဟင်း- ဗမာ့လွတ်လပ်ရေးတိုက်ပွဲဟာလည်း အမေရိကန်လွတ်လပ်ရေးတိုက်ပွဲလို ၇ နှစ်၊ ၈ နှစ် တိုက်ချင်တိုက်ရမယ်။ အဲဒီလိုဒုက္ခတွေခံနိုင်မှ လိုက်ခဲ့” လို့ ရေးခဲ့တာလေ။ သိမ်းမထားလိုက်မိတာ နစ်နာလိုက်တာ” လို့ ဒေါသနဲ့ ပြန်ရန်တွေ့ခဲ့ပါတယ်။

မေမေက အဲဒီစကားစရပြီး၊ သူဖေဖေ့နောက် လိုက်ခဲ့ရစဉ်က ရောက်ခဲ့ရတဲ့ ဒုက္ခတွေကို ပြန်ပြောပြဖူးပါတယ်။ ဖေဖေက မေမေ့ကို တောင်းရမ်းပေးဖို့ ဖေဖေ့ဦးလေးကို လွှတ်ခဲ့ပေမယ့် စစ်အတွင်း စစ်သားနဲ့ သူ့သမီးကို မပေးစားနိုင်ဘူးဆိုပြီး မေမေ့အဖေက သဘောမတူ ပယ်ချလိုက်တော့ ဖေဖေက မေမေ့ဆီကို တလအတွင်း ဖြစ်တဲ့နည်းနဲ့ထွက်ခဲ့ပါလို့ လှမ်းစာရေး ခေါ်ပါတယ်။ မေမေက ဖေဖေ့ဦးလေးကိုပဲ အဖော်ခေါ်ပြီး ရန်ကုန်ကိုလိုက်လာပါတော့တယ်။ ရန်ကုန်မှာရှိတဲ့ ဖေဖေ ကျောင်း နေတုန်းကနေခဲ့တဲ့ ဖေဖေ့အဒေါ်အိမ်မှာ ခဏနေရပါတယ်။ ဖေဖေက အလုပ်များလို့တကြောင်း၊ မေမေ့ကို သုံးဆယ်က မိဘတွေဆီ ပြန်အပ်ဖို့စီစဉ်နေလို့ကတကြောင်း ချက်ချင်းလက်မထပ်ဖြစ်ဘဲ အဲဒီအိမ်မှာပဲ တလလောက် သောင်တင်နေ ပါတယ်။ အဲဒီ ဖေဖေ့အဒေါ်က ဖေဖေ့ကို တခြားသူတဦး (ရန်ကုန်ရှိ လူကုံထံတဦးရဲ့သမီး) နဲ့ပေးစားဖို့ စီစဉ်နေတာပါ။ အဲဒီ တုန်းကလည်း ဖေဖေတို့က အလွန်နာမည်ကြီးနေပြီး ကြည့်မြင်တိုင်းဈေးကြီးတောင် “ကျော်ဇောဈေး” လို့ ပြောင်းခေါ်နေ ချိန်ဖြစ်ပါတယ်။ အဲသလိုအချိန်မှာ မေမေက “ဖျက်မြင်း” အဖြစ်ရောက်လာတော့ ဖေဖေ့အဒေါ်က သူ့အစီအစဉ်ပျက်သွားရလို့ အတော် ဒေါသူပုန်ထပါတယ်။ ဒီကြားထဲ မေမေ့မိဘများကလည်း အရှက်လွန်ပြီး အပြန်အအပ်မခံလို့ မေမေ့ခမျာ အတော် မျက်နှာငယ်ရှာပါတယ်။ အဲဒီအဒေါ်က အမျိုးမျိုး စောင်းမြောင်းငြူစူ ပြောဆိုတာတွေ ခံရရှာပါတယ်။ မေမေ့အဖြစ်ကလည်း လူကြုံနဲ့ ခိုးရာလိုက်ခဲ့ရတာဆိုတော့ အဲဒီကာလ အယူအဆတွေနဲ့ကြည့်ရင်တော့ ကဲ့ရဲ့စကားတင်းဆိုစရာကြီးပေါ့။ မေမေ့မှာ အဲဒီအိမ်ပေါ်မှာ နေ့စဉ် မျက်ရည်နဲ့ မျက်ခွက်နေခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖေကတော့ ဒါတွေ ဘာမှမသိဘူး။ ညနေရုံးဆင်းရင် မော်တော်ဆိုင်ကယ် တဘုတ်ဘုတ်နဲ့ ရောက်လာပြီး နေကောင်း သလား၊ ဘာဟင်းနဲ့ ထမင်းစားသလဲ စသဖြင့် တလုံးစ နှစ်လုံးစမေးပြီး ပြန်သွားတတ်သတဲ့။ ဒီကြားထဲ ပျဉ်းမနား ခရီး ထွက်စရာရှိတယ်ဆိုပြီး ခရီးထွက်သွားလိုက်တာ တပတ်ဆယ်ရက်ကျော်ဆိုပဲ။

မေမေ့ခမျာ ဖေဖေနဲ့လက်ထပ်ဖို့အရေး အခက်အခဲအမျိုးမျိုး၊ စိတ်အနှောင့်အယှက်အမျိုးမျိုး ကြုံခဲ့ရပြီးမှ နောက်ဆုံး မှာတော့ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ရန်ကုန်မှာပဲ ပျော်ပျော်ရွှင်ရွှင်ကြီး လက်ထပ်ခဲ့ရပါတော့တယ်။

၂၈-၄-၂၀၁၀
လှကျော်ဇော

မှတ်ချက်
ကျွန်မဆက်၍ရေးခြင်သော ဖေဖေ့အကြောင်းများ။ ဆောင်းပါးပေါင်းချုပ်အတွဲ (၁)
ဖြိုးမောက်သာစာပေမှ ဆောင်းပါးအမှတ် (၁၅) ပြန်လည်ဖေါ်ပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts