ကဗျာ

နီလာမိုးဆွေ – ခေတ်

နီလာမိုးဆွေ – ခေတ်
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆

ခေတ်ကြီးကိုက
နက္ခတ်အစုံအလင်နဲ့
ဆောင်ပန်း နင်းကြမ်းမလိုဘူး
ဆင်သွားရင်လမ်းဖြစ်တဲ့ခေတ်။

ခေတ်ကြီးကိုက
ဖန်တီးရှင်တွေကြား
ကိုယ့်အရိပ့်ကို ကိုယ်ဆွဲဆန့်
နေရောင်ကြားမှာ အတိတ်ဖျောက်နေကျတဲ့ခေတ်။

ခေတ်ကြီးကိုက
တောမခြောက်ရပါဘဲ
လှည်းနေလှေအောက်မြင်းဇောင်းမကျန်
သတ်ကွင်းကိုတိုးဝှေ့ လည်စင်းပေးရတဲ့ခေတ်။

ခေတ်ကြီးကိုက
သဘာဝတရားကိုစိန်ခေါ်
ပြုန်းတီးလာတဲ့သယံဇာတတွေကြား
သူရဲကောင်းဆိုတာ လေထဲမှာသာကျန်ခဲ့တဲ့ခေတ်။

ခေတ်ကြီးကိုက
အာဏာတသက် ရတက်ပွေပွေ
ပထွေးကိုအဖေခေါ် အိမ်ဦးခန်းတင်
ဆီဦးထောပတ်ပူဇော်ပသနေရတဲ့ခေတ်။

ဒီခေတ်ကြီးမှာ
ကိုးကွယ်မိတဲ့ အမှန်တရားဆိုတာ
ဆေးထိုးမှည့်လိုက်ရတဲ့
ရာသီပေါ်သီးနှံတစ်မျိုးပဲ။ ။ ။

နီလာမိုးဆွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts