စာစုတို

ခင်စန်းမေ – သိုက်မြုံကျဉ်းကျဉ်းထဲက မျှော်လင့်ခြင်းငှက်ငယ်များ

ခင်စန်းမေ – သိုက်မြုံကျဉ်းကျဉ်းထဲက မျှော်လင့်ခြင်းငှက်ငယ်များ
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅

သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းနဲ့မနီးမဝေး   ကွန်ကရစ်ခင်းလမ်းမကြီး။ အဲ့ကတဆင့် လမ်းမြှောင်လေးတခုထဲကို ၀င်ရင် လူနေအိမ်တွေ တအိမ်နဲ့တအိမ် နီးနီးကပ်ကပ်ဆောက်ထားတဲ့ ရပ်ကွက်ထဲကိုရောက်ပါတယ်။ အိမ်နှစ်လုံးကြားက လူတကိုယ်စာသာဝင်တဲ့ လျှောက်လမ်းကနေ ခြေလှမ်း (၂၀) လောက်လှမ်းလိုက်ပြီး နေအိမ်မကို အဖီဆွယ်ထားတဲ့အခန်းတခုကိုတက်လိုက်ရင် ၀ိုင်းချစ်တို့အသိုက်ကိုရောက်ပါပြီ။

ပျန်းမျှဆယ်ပေ ပတ်လည်မျှသာရှိသည့် အဆိုပါအခန်းငယ်လေးမှာ ၀ိုင်းချစ်တို့ညီအစ်ကိုသုံးယောက် ဦးလေးနှစ်ယောက် အ ဖွားအပါဝင် မိသားစု (၆) ယောက်နေပါတယ်။ တခါးပေါက်က ၄ ပေကျော်ရုံသာရှိတာမို့ ခေါင်းငုံ့ဝင်ရပါတယ်။ ခေါင်းရင်း မှာဘုရားစင် အိမ်တွင်းနတ်စင် ဘယ်ဘက်မှာ ရုပ်မြင်သံကြား၊ အောက်စက်နဲ့ ပန်ကာတို့ရှိနေပြီး ညာဘက်မှာ ဘီရို နဲ့လျှပ်စစ် ထမင်းအိုးဟင်းအိုးတင်ထားတဲ့စင်၊ အခန်းအလယ်မှာ ပလပ်စတစ်ခင်းရှိပါတယ်။ ဖျာနှစ်ချပ်စာ ထိုနေရာက သူတို့အိပ်ယာ  သူတို့ထမင်းစားရာနေရာ သူတို့ ရုပ်မြင်သံကြားအစီအစဉ်တွေကြည့်ရှုရာ နေရာဖြစ်ပါတယ်။

ဒီကလေးတွေမှာ  မိဘမရှိတော့ဘူး။ သူတို့အမေ ကျွန်မသမီးက  အငယ်လေးနို့စို့အရွယ်ထဲက သေသွားတယ်၊ အကြီး ကောင်က (၁၆) နှစ်၊ အလတ်ကောင် ၀ိုင်းချစ်က ကျောင်းနေတယ် (၅) တန်း၊ အငယ်လေးက ကျောင်းမနေဘူး  ရပ်ကွက် ကျောင်းကဆရာမက ကျောင်းထားဖို့ခေါ်ပေမယ့် ကလေးက မနေဘူး။ လာမယ့်နှစ်တော့ ထားရမယ်။

အဖွားဖြစ်သူက ၀ိုင်းချစ်တို့ညီအစ်ကိုတို့အကြောင်းရှင်းပြရင်း ကလေးတွေကို ပိုက်ဆံတစ်ရာစီ ထုတ်ပေးတယ်။

မုန့်တစ်ရာဖိုးစီစား ပိုတာပြန်အန်းနော်။ ဟိုတစ်ယောက် နက်ဖြန်နင့်အမေဆီပြန်ဟု မျက်လုံးမျက်ဆံနက်နက်နဲ့ ကလေး ကိုပြောလိုက်တယ်။

အလတ်ကောင် ၀ိုင်းချစ်က ကျောင်းတက်ရတာပျော်တယ်။ ကျောင်းစာဖတ်တယ်၊ ရပ်ကွက်ထဲ ကလေးတရားပွဲတွေရှိ ရင်သွားတယ်။

အကြီးကောင်က (၃) တန်းထိနေဖူးတယ် စာဖတ်တတ်တယ်။ နားလေးတယ်၊ တခြားအလုပ်ခိုင်းမရဘူး၊ ရပ်ကွက်ထဲ ခိုင်း တာလုပ် ဟိုလူ ဒီလူပေးတာလေး အဖွားပြန်ပေးတယ်။ သားကလုပ်လုပ်နိုင်နေပြီဆိုတော့ သူရှာပေးတာနဲ့ စားသောက် နေရတာ။

ကလေးငယ်သုံးယောက်ထဲက  မျက်ဆံနက်နက်လေးကိုရည်ညွှန်းကာ ….

ဒီတစ်ယောက်က တူတော်တယ်။ ညီမကမွေးတာ သူအမေနဲ့မနေဘူး။ ဒီမှာလာလာနေတယ်  သူလည်း ကျောင်းမနေဘူး။

နေ့ခင်းနေရှိန်မြင့်လာတော့ သွပ်ရှိန်ကြောင့် ပူလာတာမို့ အခန်းရှင်အဖွားက ပန်ကာဖွင့်လိုက်တယ်။ အရွယ်အားဖြင့် ဗုံစီ ထားသလိုကြီးစဉ်ငယ်လိုက် ကလေးငယ်သုံးယောက် ဖျာပေါ်မှာထိုင်နေကြတယ်။ မိမိမေးသမျှကို တယောက် တလှည့် ဖြေနေကြတယ်။ သူတို့မျက်လုံးတွေတောက်ပနေတယ် သူတို့ရဲ့ဆန္ဒကိုပြောပြကြတယ်။

သားကြီးလာရင်ရဲလုပ်မယ် ငယ်ငယ်ထဲက ရဲလုပ်တန်းပဲကစားတယ်။ လူဆိုးဖမ်းရတာ ကြိုက်လို့။ (၈) တန်းအောင်ရင် ရဲ လုပ်လို့ရတယ် အားကစားသိပ္ပံလည်း တက်လို.ရတယ် လို့ ၀ိုင်းချစ်ကဆိုတယ်။

မျက်လုံးနက်နက်နဲ့ကလေးက

သားကအဆိုတော်လုပ်မယ်၊  ကရတာကြိုက်တယ်၊  သူငယ်ချင်းတွေနဲ့ ကစားကွင်းမှာ သွားကတယ်။ ပိုက်ဆံတစ်ထောင်ပါရင် ကလို့ရတယ်။

အငယ်ဆုံးကလေးက ရေခဲထုတ်တထုတ်ကိုဖောက်စားရင်း  ဘာပြောရမှန်းမသိဖြစ်နေပြီးမှ အားကျမခံ …

သားလဲကြီးလာရင် အဆိုတော်လုပ်မယ်။

အကြီးဆုံး (၁၆) နှစ်သားက အခန်းပေါ်တက်မလာပဲ အပေါက်ဝကသာခေါင်းပြူ၍ လာလာကြည့်ပြီး  အနားကြာကြာမနေပါဘူး၊

သူကဖြေရမှာရှက်လို့တဲ့….

ဝိုင်းချစ်ကပြော၏။ နောက်တော့ သူ့စာအုပ်တွေပြမယ်ဆိုပြီး လွယ်အိတ်ထယူကာ

အဖွား လွယ်အိတ်ပြဲနေပြီ ၀ယ်ပေးအုံး လို့ ပြောပြန်တယ်။

ကျောပိုးလွယ်အိတ်ထဲက စာအုပ်တွေထုတ်ရင်း မြန်မာစာ ပထ၀ီနဲ့ သိပ္ပံသင်ရတာကြိုက်တယ်။ သချာင်္ကိုမကြိုက်ဘူး၊ မှားရင် ခေါင်းခေါက်ခံရတယ်။ အင်္ဂလိပ်စာကို ရေးသာရေးတတ်ပြီး မဖတ်တတ်ဘူးလို့ပြောတယ်။ ၀ိုင်းချစ်က ဒီနေရာမှာပဲ သူပျော် တဲ့အကြောင်း သူငယ်ချင်းတွေရှိနေလို့ အခြားမပြောင်းလိုဘူးလို့ ဆိုတယ်။

ရပ်ကွက်ထဲကဘုရားပွဲလှည့်လည်ရာမှာ သူတို့တွေလိုက်ကြမယ့်အကြောင်း၊ သူ့မှာပုဆိုးမရှိတာကြောင့် ဦးလေးပုဆိုးကို သာဝတ်ရမယ်လို့ပြောကာ စာအုပ်နဲ့လွယ်အိတ်တွေပြန်သိမ်းတယ်။ ပြီးတော့ ဆရာတော် တရားပွဲမှာဆိုပြတဲ့ စာနဲ့ ကဗျာတစ် ခု ကိုဆိုလိုက်ပါတော့တယ်။

ချဲထိုးတဲ့သူ အရက်သောက်တဲ့သူ စီးပွားပျက်တတ်တယ်။ လိမ္မာတဲ့ကလေးလေးတွေဖြစ်အောင်ကွယ် တို့တွေအမြဲတမ်း ကြိုး စားမယ်။ ဆရာဆရာမစကားကိုနားထောင်ကွယ်၊ လိမ္မာတဲ့ကလေးတွေဖြစ်တော့မယ်”

ခင်စန်းမေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts