ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၄)

ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၄)

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆

၁၈။ ပြည်ခိုင်ဖြိုးပါတီ လက်ထက်မှာတော့ ပါတီတည်ထောင်ကာစမှာပင် တပ်မတော်ရဲ့အရှိန်အဝါယူပြီး အခြေချ အုတ်မြစ်ချရာကအစ အင်အားတိုးချဲံ့တာအဆုံး လူကြီး ကိုယ်ရေးကိုယ်တာကိစ္စပါ မကျန်( ခလေးထိန်း၊ ဦးသန်းရွှေသမီးတွေရဲ့ ထမီခေါက်၊ သနပ်ခါးသွေး) တပ်မတော်သားများ အောက်ခြေသိမ်းလုပ်ပေးရတာ နွံနှစ်ခဲ့ရပါတယ်။ ပြည်ခိုင်ဖြိုး စတင်ဖွဲ့စည်းကာစ စာရေးသူ ၁၉၉၃ ခှနှစ် ကာလက ထိတွေ့ဆက်ဆံခဲံ့တဲ့ အတွေ့အကြုံတွေကို တင်ပြချင်ပါတယ်။ စာရေးသူဟာ ရှမ်းပြည်နယ် အရှေ့ခြမ်း ရှေ့တန်းနယ်စပ် တိုက်နယ်ကျေးရွာ အုပ်စုကြီးတစုမှာ စခန်းထိုင် လှုပ်ရှား၊ နယ်မြေစိုးမိုးရေး လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ကျေးရွာအုပ်စု လက်အောက်မှာ ကျေးရွာပေါင်း ၂၀ ကျော်ရှိကာ လူမျိုးပေါင်းစုံ နေထိုင်ပြီး ရဲစခန်း၊ ကျောင်း၊ ဆေးရုံ၊ ထောက်လှမ်းရေး တပ်ဆွယ်၊ ပသစ တပ်ဖွဲ့တွေကို တပ်က ကွပ်ကဲရပါတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး (ရဝတ)သစ် တည်ဆောက်ရေးအတွက် တပ်မတော်သားများက လုပ်အားဒါန လုပ်ကိုင်ပေးသလို တည်ဆောက်ရေး ရံပုံငွေကို  ကျေးရွာသူဌေးများက မတည်ပြီး ပသစ (ပြည်သူ့စစ်) များက ကျွဲနွားမှောင်ခို လမ်းကြောင်းမှ အကောက်ရငွေနဲ့ တည်ဆောက် နေပါတယ်။ တနေ့မှာ ပြည်ခိုင်ဖြိုးအသင်း ကျေးရွာမှာ စတင်ဖွဲ့စည်းဖို့ တပ်ရင်းမှူးက စက်ပေါ်တက်ပြီး စကားပြော (RT မရ၀ ) လာပါတယ်။

“ ညောင်က မာခရုပေးပါ၊ သူရိန်ကြီးခင်ဗျား (ညွှန်ကြားချက်ပေးပါ၊ ရင်းမှူးကြီး)”

“ခွေးအ အနံ့ အသက် ဘာရလဲ (ခွန်ဆာအမ်တီအေတပ်ဖွဲ့သတင်းမေးတာပါ)”

“ ၅၆ ပါ၊ ရေမချိုးတဲ့ လထူတွေက အေးဆေးပါ၊ ဖါးတပိုင်း ငါးတပိုင်းတွေနဲ့ရေကူးနေတယ်၊ (မထူးပါ၊ ဝ တပ်
ဖွဲ့uwsa တွေနဲ့ အဆင်ပြေတယ်၊ ပသစတွေနဲ့ လှည့်ကင်းနယ်မြေ လှုပ်ရှား ဆောင်ရွက်နေပါတယ်)။”

“ကိုယ်တို့ ဝပ်ကျင်းက ဆရာကြီး —  ကို သိလား၊ သူ မောင်ရင်ဆီ — ရက် လာလိမ့်မယ်၊ သူတို့အသင်းဖွဲ့စည်းဖို့ကိစ္စ ကူညီပေးလိုက်ပါ။ (တပ်ရင်းအခြေစိုက်ရာမြိုက မြို့နယ်ပညာရေးမှူး)”

“၉၆ ပါ။ (လိုက်နာဆောင်ရွက်ပါ့မယ်)”

၁၉။ စက်ပေါ်က စာရေးသူဆင်းပြီး ခေါင်းထဲ အတွေးပေါင်းစုံ ဝင်လာပါတယ်။ ဖွဲ့စည်းတာတော့ ဟုတ်ပါပြီ၊ ရုံးအတွက် ပရိဘောဂပစ္စည်း၊ ရုံးခန်းဖွင့်ဖို့ ရံပုံငွေ၊ အုပ်ချုပ်မှူး ၊ ဆရာကြီးဆီက ပါလာရဲ့လား၊ အသင်းဟာ လူမှုရေးအသင်းလို့ကြေညာထားရာမှာ ရွာမှာရှိတဲ့ ကြက်ခြေနီ၊ ဘာသာရေးအသင်းအဖွဲ့တွေ့ရဲ့ ပါဝါ တန်းတူ ဘယ်လို ထားရမလဲ၊ အသင်းအတွင်းရေးမှူးကို ဘယ်လိုလူမျိုး တာဝန်ပေးရမလဲ … စတဲ့မေးခွန်းတွေ တပ်ရင်းမှူးကို တခါတည်းမေးချင်ပေမဲ့ သူကလည်း စိတ်ဝင်စားပုံ ပေါ်ဟန်မတူလို့ မေးလည်း သိမဲ့ပုံ မပေါက်လို့ ခေါင်းကိုက်နေရပါတယ်။ မကြာခင်ဘဲ မြို့နယ်ပညာရေးမှူး ဆရာကြီးအဖွဲ့ ရောက်လာလို့ စာရေးသူတို့တပ်စခန်းမှာပင် ရပ်ကွက်ဥက္ကဌနဲ့ တာဝန်ရှိသူများကို ခေါ်ယူအစည်းအဝေးကျင်းပရာ၊  ဆရာကြီးနဲ့ ဥက္ကဌတို့ ထိပ်တိုက်တွေ့ကာ အကြိတ်အနယ်ညှိရပါတယ်။

ဥက္ကဌ – “ဖွဲ့စည်းတာတော့ ဟုတ်ပါပြီ၊ အသင်းက အတွင်းရေးမှူးကိုဘဲ ထားမယ်ဆိုတော့ ကွန်မြူ နစ်ကေဒါ စည်းရုံးရေးမှူးလား၊ အသင်း တခြားရည်ရွယ်က ဘာရှိသေးလဲ၊ ရံပုံငွေရှိလား”

ဆရာကြီး – “အသင်းက လူမှုရေး လုပ်ငန်းဆောင်ရွက်ဖို့၊ ရပ်ကွက်ကျေးရွာ သန့်ရှင်းရေး၊ သာရေးနာရေး၊ မီးဘေးလို ကိစ္စများမှာ လုပ်အားပေး ကူညီဆောင်ရွက်ဖို့ဖြစ်ပါတယ်၊”

ဥက္ကဌ – “သန့်ရှင်းရေး၊ လုပ်အာပေးဆိုတော့ ကြက်ခြေနီလိုဘဲ ကျွုန်တော် ကွပ်ကဲရမှာလား” ပြောလိုက်ရာ ဆရာကြီး မျက်နှာပျက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေချိန်မှာ စာရေးသူက ဝင်ထိန်းရပါတယ်။

၂၀။ စာရေးသူ – “ဒါက ဒီလိုရှိပါတယ် ဥက္ကဌရေ။ ဒီအသင်းကို တပ်ချုပ်ကိုယ်တိုင် ဦးစီးပြီး စနစ်တကျနဲ့အစည်းအဝေးထိုင် ညီလာခံတွေခေါ်လို့ ဖွဲ့စည်းနေတာ သိရတော့ … ထင်ပါတယ် – ရည်ရွယ်ချက်မြှင့်မားပြီး နောင်အရေးပါလာမဲ့သဘော မြင်ပါတယ်။ ဒီလိုလုပ်ပါ။ လောလောဆယ် တန်းတူအဆင့်အထားနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရင် မကောင်းဖူးလား”

ဆရာကြီး – “အသင်းတာဝန်ခံ အတွင်းရေးမှူး ဖြစ်သူ ရွေးချယ်ချင်တယ်။”

ဥက္ကဌ – “ဒါက လွယ်ပါတယ်၊ ရွာမြောက်ပိုင်းက မောင် — ကို တာဝန်ပေးပါလား”

ဆရာကြီး – “သူ့ကိုယ်ရေးအကျဉ်း ရှင်းပြနိုင်လား”

ဥက္ကဌ – “ကျေးရွာအုပ်စုကြီးတော့ ရဝတရုံးစာရေးတစ်ဦးနဲ့ မနိုင်ဖူး။ လက်အောက်ခံ ကျေးရွာတွေကို စာပို့၊ ရုံးကိစ္စတွေကို ခြေပေါ့ လက်ပေါ့ ရှိတယ်။ သူပညာအရည်အချင်းနဲ့ သူ့အကြောင်းက ဒါတွေဖြစ်တယ်။”

ဆရာကြီး – “သူက ရဝတရုံးတာဝန် ပူးတွဲယူ နေရရင်ဆိုတော့ မဖြစ်ဖူးထင်တယ်”

ဆရာကြီးက ဥက္ကဌရဲ့လွှမ်းမိုးမှု၊ ကွန်ယက်တည်ဆောက်မှုကို လက်မခံလိုတဲ့အတွက် အကျပ်အတည်း ဖြစ်နေချိန် ဝင်ထိန်းရပါတယ်။

စာရေးသူ – “ဒီလို လုပ်ကြရင် မကောင်းဖူးလား။ ရပ်ကွက်ဓမ္မာရုံမှာ မဲ (၃) ပုံး ထောင်ပြီး ရွေးကောက်ပွဲ လုပ်ကြမယ်။ တပုံးက ဥက္ကဌတင်ချင်တဲ့သူ၊ တပုံးက ရဲစခန်းမှူးက နောက်ကြောင်းသိထားတဲ့ ဆရာကြီးက လျာထားတဲ့သူ၊ နောက်တပုံးက အဲဒီနှစ်ပုံးက မဲတွေ ဆတူဖြစ်နေပြီး ရွေးရခက်နေရင် အရံ မဲပုံးတပုံး (သူကတော့ စစ်ကိုင်းဖွံ့ဖြိုးရေး ကျောင်းဆင်း၊ မဆလပါတီဝင်ဟောင်း) ဖြစ်ပါတယ်၊ မဲအများဆုံးရသူကို တာဝန်ပေးမယ်၊ မကောင်းဖူးလား”

အစည်းအဝေးက အတွင်းရေးမှူးရွေးကောက်ပွဲ ကိစ္စ သဘောတူပြီးလို့ မဆုံးသေးဘဲ၊ ရုံးခန်းဖွဲ့ဖို့ ဒီဂရီတက် လာပြန်တယ်။

စာရေးသူ “ရုံးခန်းကို ရဝတ ရုံးသစ်ကို တခြမ်းခွဲပြီး နေရာပေးရင် မရဘူးလား”

ဥက္ကဌ – “ကွန်တော်တို့ချွေးနဲစာနဲ့ ဆောက်လုပ်ထားတာ ဒါတော့မရဘူး။ ဗိုလ်မှူးတို့ကလေးတွေ လုပ်အားဒါနလည်း ပါတယ်။ သူတို့က ပိုက်ဆံလည်း တပြားမှမစိုက်ရဘဲနဲ့ ဘယ်တရားမလဲ။ မြေနေရာပေးမယ်။ သူတို့ဖါသာ လုပ်ပေါ့”

အခြေအနေမကောင်းတော့ ထမင်းစားကြအောင်ဆိုပြီး ရဲဘော်တွေကို တဖက်လှည့်နဲ့ ဧည့်သည်တွေကို ခေါ်ထုတ်ခိုင်းလိုက်ပါတယ်။ စာရေးသူက စက်ပေါ် ပြေးတက်ကာ တပ်ရင်းမှူးထံ စစ်ကူတောင်းသော်လည်း ခေါင်းရှောင် ပါတော့တယ်။ ဒါနဲ့ပဲ ဥက္ကဌကိုသပ်သပ် မိမိအိပ်ခန်းထဲခေါ်ယူ ကြိတ်ညှိ ဖိအားပေးရပါတော့တယ်။

၂၁။ စာရေးသူ – “ဥက္ကဌ လုပ်ပါဗျာ၊ တဝက် ဖွင့်ခွင့်ပေးလိုက်ပါ။ ဒီလို လုပ်ပါ။ မှောင်ခို အကောက်ငွေ တပ်ရှယ်ယာ မယူတော့ဖူး။ ဥက္ကဌတို့ပဲ ယူပေါ့။ ဆရာကြီးက ပညာရေးမှူး ဆိုတော့ ဥက္ကဌတို့ ရွာတွေက ကျောင်းကိစ္စ၊ ဥပမာ – ဆရာခန့်ထားရေး ကိစ္စလိုမျိုး အကူအညီရမှာဗျ၊ သူ့ကို သီးခြားစည်းရုံး နေစရာမလိုဘူး။ ဟိုတခါ တောင်ဘက်ရွာ ကျောင်းဆရာတစ်ဦး လိုနေတယ်လို့ ဥက္ကဌပဲ ငြီးနေတယ် မဟုတ်လား။ ဒီနေရာမှာ အကွက်ပဲ လေ”

ဥက္ကဌ – “ဟာ … ဗိုလ်မှူးကလည်း ရဲဘော်တွေရဲ့လုပ်အားတောင် ကျွန်တော်တို့ ကျေးဇူးတင်နေတာ၊ မယူချင်ဖူး။ တခြား နည်းလမ်း ရှာပါဦး။ တဝက်ဆိုတော့ အစည်းအဝေးခန်းမ၊ အိမ်သာ ထပ်လိုလာမယ်။ ရုံးခန်းကျဉ်းသွားရင် နှစ်ထပ် ဆောက်ရတော့မယ်၊ ဘယ်မှာလဲငွေ၊ သူတို့က လက်ချည်းဘဲ လာတယ်၊ ဓါတ်ဘဲ”

စာရေးသူ – “စဉ်းစားမိတာ တခုရှိတယ်။ မှောင်ခို အကောက်ကောက်တဲ့သူတွေက ကိုယ့်မြန်မာဖြစ်နေလို့ သူတို့ဆီက ၂ လ ခန့် မယူဘဲ ကျွဲနွားတွေဝယ်နေတဲ့ တဖက်နိုင်ငံက ကုန်သည်သူဌေးတွေကို ဘုရားပွဲတပွဲ ခေါင်းစဉ်ပြပြီး ဖိတ်လိုက်မယ်။ တဖက် နယ်ခြားတပ်မှူးက ရောချင်နေတယ် ကြားတယ်။ သူ့ကို အကူအညီလှမ်းတောင်းပြီး သူက တဆင့် ရုံးရံပုံငွေ၊ အကောက်ဆိုရင် နံမည်ပျက်မယ်။ အလှူခံသဘော စေတနာရှိသလောက် ဆိုတော့ ဒီထက်ပိုရမယ်။ ဂုဏ်ပြုမှတ်တမ်းကဒ်နဲ့ စနစ်တကျလုပ်ရင် စာရင်းရှင်းတမ်းပြုစုထားရင်၊ တိုင်ရင်တောင် မထိတော့ဖူး၊ သူတို့ကို ဧည့်ခံတာတော့ ဥက္ကဌခံနိုင်ရဲ့လား”

၂၂။ ဥက္ကဌ – “ဟာ … သိပ်ကောင်းတာပေါ့။ အခုလာမဲ့ ဘာသာရေးပွဲ ရှိတယ်လေ။ ကျွေးတာများ ကျွန်တော်တို့ရွာက စေတနာရှိပါတယ်။ ရှယ်ကျွေးမယ်။ ဗိုလ်မှူးခွင့်ပြုမယ်ဆိုရင် ဘောလုံးကွင်းမှာ ဂျင်ဝိုင်းတွေထည့်၊ ဟိုဖက်ကမ်းက လောပန်းတွေဆီက ငွေရဦးမယ်။ ရွာလူကြီးတွေ ပသစ ခေါင်းဆောင်နဲ့ ရဲစခန်းမှူးတိုကို့ အစည်းအဝေးခေါ်လိုက်မယ်။ ဗိုလ်မှူးဆီက ကိုယ်စားလှယ် အရာရှိတစ်ဦး လွှတ်လိုက်ပေါ့” ဆိုတော့ မုန်တိုင်းစဲသွားကာ ရွေးကောက်ပွဲလည်း ပြီးစီးသွားလို့ သက်မ ချရပါတယ်။ စာရေးသူလည်း ပြန်ခါနီးမှာ ပညာရေးမှူးကို လိုက်ပို့ရင်း ပြည်ခိုင်ဖြိုး အစ မကောင်းပုံကို ဝေဖန်လိုက်ပါတယ်။

“ဆရာကြီး … ပြည်ခိုင်ဖြိုး စ တာ ထွက်ကတည်းက အောက်ခြေကျေးရွာလူထု ဝန်ပိစေမဲ့ ရုံးခန်းဖွင့်တာမျိုးတွေမှာ သူတို့ရဲ့ ထမင်းအိုး လက်ဝင်လျှိုသလို ရှင်းရှင်းပြောရရင် သူတို့အကောက် ကောက်ရတဲ့ဂွင်ကို လုတယ် ပုံစံမျိုးဟာ လူထုစည်းရုံးရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင့်ဖက် ဖြစ်နေကာ မျက်စိစားပါးမွှေး စူးနေကြောင်း၊ လူကြီးတွေက ရံပုံငွေနဲ့ သင့်တော်တဲ့ ပံ့ပိုးမှု မပေးဘဲ တပ်က ပါဝါရှိတာဘဲ ဆိုပြီး ကျွန်တော်တို့ကို ခိုင်းနေသရွေ့ ပြည်ခိုင်ဖြိုးကြောင့် ကျွန်တော် တည်ဆောက်ထားတဲ့ လူထုစည်းရုံးရေးထိခိုက်လာလို့ မနည်းကြံဖန်ထိန်းလိုက်ရတယ်။” လို့ ပြောခဲ့ဖူးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts