ဗိုလ်ထက်မင်း ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း (၂)

 ၂၀၁၁ တုန်းက ဒုသမ္မတ မဖြစ်ခဲ့တဲ့ ဗိုလ်မြင့်ဆွေ
 
ဗိုလ်ထက်မင်း – တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း (၂)
(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၆
 
ရ။ တပ်မတော်အရာရှိကြီး(ငြိမ်း) နဲ့ စာရေးသူတို့ ဆွေးနွေးနေတာ ဆက်လက်တင်ပြပါ့မယ်။
 
“ဦးသန်းရွှေဟာ ပြည်ခိုင်ဖြိုး ပြသနာကြောင့် ဦးရွှေမန်း ပြောတာကို လက်ခံနိုင်ပါ့မလား”
 
“ဖိုးလပြည့်ဟာ သူ့ အချစ်တော်မြေးလေ။ ဘဘကြီး မရှိတော့ရင် သားသားတို့ ဘယ်လိုရပ်တည်မလဲဆိုပြီး မြေးပြောရင် ဘယ်ခံနိုင်မတုံး။ ဒါပေမဲ့ အခြားဖြစ်နိုင်တာက ဦးသန်းရွှေ စဉ်းစားနိုင်တယ်၊ ဒီလိုတွေ့ဆုံမှူမျိုး မလုပ်ရင် သူ့သမိုင်း မလှနိုင်တော့တာမို့ ချိန်ဆနေဟန်တူရာ ဦးရွှေမန်းက လက်ဦးမှုယူ အမှတ်တက်အောင်လုပ်လိုက်တာနဲ့  တိုက်ဆိုင်သွားတယ်။ ဦးရွှေမန်းမပြောလည်း လုပ်ဖို့ရှိနိုင်တယ်။ တခုရှိတာက ပေါင်းကူးဆက်သား  ဖိုးလပြည့်ကို ဘာကြောင့် သုံးခဲ့ရတာလဲ ဆိုတဲ့ပြသနာပဲ။”
“ဦးသန်းရွှေလိုလားချက်အတိုင်း တပ်နဲ့ အစိုးရတို့ လိုက်နာလိမ့်မယ်ထင်သလား။ အတိုက်အခံတွေက ဦးသန်းရွှေသြဇာ ရှိတယ် ထင်နေကြတယ်။”
 
“ဦးသန်းရွှေ တပ်အပေါ် သြဇာရှိသေးမယ် ဆိုရင် ဖိုးလပြည့်ကို သုံးပါ့မလား။ စဉ်းစားကြည့်ပေါ့။ တပ်တွင်းမှာ ထူးခြားဖြစ်စဉ်တွေ၊ သြဇာလွှမ်းမိုးချင်တဲ့သဘောသဘာဝ ကို ပြည်သူတွေ နားလည်အောင် ရှင်းပြဖို့ လိုတယ်။ ထိပ်ဆုံးခေါင်းပေါင်း တပ်ချုပ်ရွေးတဲ့နေရာမှာ စီနီယာအရာရှိ အပတ်စဉ် လုပ်သက် ကွာခြားတာလည်း သြဇာပိုင်းသက်ရောက်မှုမှာ စကားပြောတယ်။ တပ်ချုပ် ၆၀ နှစ်ဆိုရင် ပင်စင်ယူရမည်ဖြစ်ရာ အသက် ၅၂ နှစ် သာရှိတဲ့ နတခ တိုင်းမှုး ဦးသန်းရွှေဟာ တပ်ချုပ်တာဝန် ကြာကြာယူလို့ရတယ်ဆိုပြီး သူ့အား ကစထမှူး ရာထူးကိုကျော်ပြီး ဒုတပ်ချုပ်နဲ့ ကာချုပ် (ကြည်း) အဖြစ် ဦးနေဝင်းကနေ ခန့်ခဲ့တယ်။ အမှန်အတွင်းသဘောက ဂျူနီယာအရာရှိတွေ ငါ့ကို မလှန်ရဲဘူး၊ ရေမြွေဘဲလို့ ဦးနေဝင်းစိတ်ထဲ ထင်ချင်ထင်မှာပေါ့။ ဒါပေမဲ့ ဦးသန်းရွှေဟာ အသက် ၆၀ ပြည့်ပြီးတောင် မလွှဲချင်ဘဲ တပ်ချုပ်ရာထူး ဆက်ယူသွားလို့ ဦးနေဝင်း စိတ်လေ သွားတာပေါ့။၊ ဦးသန်းရွှေ ကကကြည်းမှာ စစ်ဦးစီးမှူး(ပထမတန်း) ဖြစ်ခဲ့တုံးက တပ်ချုပ်က ဦးကျော်ထင်ဖြစ်ပြီး ဦးနေဝင်းနဲ့ တိုက်ရိုက်သိပ်မလုပ်ရဖူး။ ယခု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုရင် ဦးသန်းရွှေနဲ့ဆုံရင် စစ်ဦးစီးမှုး (တတိယတန်း) အမြင့်ဆုံး ဗိုလ်ကြီးအနေနဲ့ ဆုံဖူးနိုင်ပါတယ်။ စစ်ဦးစီးမှူး (တတိယတန်း) တွေဟာ လက်အောက်ခံတပ်ကိုဘဲ ဆက်ဆံထိတွေ့ရတာ များပြီး အထက်ဌာနတွေကို စစ်ဦးစီးမှူး (ဒုတိယတန်း၊ ပထမတန်း) တွေကသာ တင်ပြလုပ်ဆောင်ရတာမို့ တပ်မမှူး၊ တိုင်းမှူး ဖြစ်နေတဲ့ ဦးသန်းရွှေနဲ့ အနီးကပ်ဆက်ဆံရဖို့ များတယ်။ တဖန်ဦးသန်းရွှေကလည်း ဒီမိုကရေစီချိန်းတဲ့ကာလမှာ တပ်ချုပ်ကို ခဏ ခဏ ချိန်းနေရမှာစိုးလို့ ကိုမြင့်အောင် (ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်) ကိုတောင်မပေးဘဲ အ သက်ငယ်သူ ကိုမင်းအောင်လှိုင်ကို ပေးလိုက်တာဖြစ်တယ်။ ဦးနေဝင်းလုပ်သလို စီနီယာ၊ ဂျူနီယာ ကွာလွန်းတဲ့သူကိုေ ရွးချယ်လိုက်တာ တိုက်ဆိုင်တယ်လို့ ဆိုမလားပေါ့။ ဘယ်သူမဆို တပ်ချုပ်ရာထူးရပြီဆိုရင် သြဇာကွန်ယက် တည်ဆောက်ဖို့၊ မိမိတပည့်တွေကို အနားမှာ ခေါ်လိုခေါ်၊ အရေးကြီး ရာထူးတွေကို မိမိတပည့်တွေ ထားကြတာဘဲလေ။”
 
“ဟုတ်ကဲ့ ။ ဦးသန်းရွှေဆိုရင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး၊ ဦးညွှန့်တင်၊
(လယ်ဆည်ဝန်ကြီးဟောင်း) အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ဦးဝင်းလှိုင် (ဂေါက်ဆရာ၊ ပစ္စည်းဝယ်ရေး ညွှန်ကြားရေးမှူး)၊ ဦးကြည်အောင် (ယဉ်ကျေးမှုဝန်ကြီး)၊ ဦးကိုလေးနဲ့ ဦးသိန်းညွှန့် (မြို့တော်ဝန်များ)၊ ဦးအောင်သောင်း(စက်မှု၁ ဝန်ကြီး)၊ ဦးနေဝင်း (စစ်ဘက်လက်ထောက်)၊ ဦးအုန်းမြင့် (လက်ရှိဝန်ကြီး) စတာတွေ နေရာကောင်းတွေ ပေးလိုက်တယ်။ ယခုတပ်ချုပ်ဆိုရင် တပည့် ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ကို ဆွဲတင်လာပြီ၊ အဓိကတော့ စစ်တပ်မှာ တပ်ရင်းမှူး (တပ်မမှူး အလွန်ဆုံး) ဘဝမှာ လက်တွဲခဲ့တဲ့ အရာရှိတွေကို ရှေ့တန်းမှာ တိုက်ဖေါ်တိုက်ဖက်၊ ငတ်ရင်လည်း ရဲဘော်စိတ်နဲ့ မျှဝေခံစားရတာမို့ သံယောဇဉ်အရှိဆုံးပါ။ ချူပ်လိုက်ရင် ဦးသန်းရွှေက ဦးနေဝင်းကို သိပ်မမှူခဲ့သလို ယခုတပ်ချုပ်လည်းဘဲ သိပ်ကွာနေတာမို့ ဂရာဝတရားသာ ရှိချင်ရှိမယ်။ ဘာသာရေးအရ ဝဋ်မလည်ပါစေနဲ့လို့ နိုင်ငံတည်ငြိမ်ဖို့ ရည်ရွယ်ပြီး ဆုတောင်းရမှာပဲ နော်။”
 
“ဦးသန်းရွှေကို ဦးနေဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခိုင်းတာ ချက်ခြင်း ဘာလို့မ
လုပ် သလဲ၊ ရှင်းတယ်နော်၊ ဆယ်လူလာဖုံးကိစ္စ လူထုမကျေနပ်ဖြစ်လို့ ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းတင်ဖြုတ် လိုက်ရကတည်းက စစ်ရုံး ညကျောင်းမှာ ဦးသန်းရွှေက ဦးနေဝင်းမိသားစု မကောင်းကြောင်း တုတ်နေတာကြားရကတည်းက သြဇာကျနေပြီ၊ အလားတူ လက်ရှိတပ်ချုပ်ကလည်း ဦးသန်းရွှေ ပြောတာကို လုပ်ချင်လည်း လုပ်မယ်၊ မလုပ်ဘဲနဲ့လည်း နှာစေးနေချင်နေမယ်။ အခြေအနေတခု ဖန်တီးပြီးမှ သူ စလုပ်လိုက်တာမျိုး ဖန်တီးမယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး မြန်မာသမိုင်းမှာ တပ်မတော်က ပြု ပြင်ပြောင်းလဲရေး လုပ်ပေးလိုက်တယ် ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်ရှိလူကြီးတွေက သူ စလုပ်တယ် ဆိုပြီး မော်ကွန်းထိုးဖို့ ကြိုးစားကြချိန်မှာ လက်ရှိ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေကို ကျေးဇူးဆပ်ချင်လို့ သြဇာလိုက်နာမလား ဒါမှမဟုတ် တပ်ချုပ်ကိုယ်တိုင်ကဘဲ လူ့အတ္တပီပီ ဥပယ်တမျဉ် ဇတ်လမ်းထွင် လုပ်မလား ဆိုတာကတော့ ပိတ်ကားပေါ်ေ စာင့်ကြည့်ရမှာဖြစ်တယ်။”
 
 “ဖိုးလပြည့် ထုတ်ပြန်ချက်အပေါ် အစိုးရနဲ့ တပ်မတော်က တုန့်ပြန်တာ ပြင်းတယ်နော်”
 
“ အမှန်တကယ်တော့ ဖိုးလပြည့်က ဖေ့ဘုတ်မှာ ထုတ်ပြန်တာ ဘာအဆင့်ရှိလို့ အစဉ်အလာရှိလို့လုပ် ရတာလဲ၊ ရေဘေး လူထု ဒုက္ခရောက်နေတုံးက စေတနာလှူဒါန်းမှု ပေါ်ပေါ်တင်တင် လုပ်ခဲ့လား၊ သူရဲကောင်းစစ်သည် ဗိဗ္မာန် အခမ်းအနားတွေမှာ ကျဆုံးသူ တပ်မတော်များသားအတွက် အလေးလာပြုလို့ လား၊ သူက တပ်မိသားစုအခံ ၊ ရဲဘော်ရဲဘက်စိတ် နည်းတယ်။ သူ့ကို တပ်မတော်သားတွေကသာ ထိန်းကျောင်းပေးရတယ်။ ကျောင်းတက်တုံး ဗိုလ်အဆင့် အရာရှိတစ်ဦးက ကျောင်းချိန် မပြီးမချင်း ဟမ်းဖုန်းနှစ်လုံး ခါးမှာ ချိတ်ကာ (အဖိုး ဦးသန်းရွှေဖုံး ပြောလိုရင် ချိတ်ပေးရ) တနေကုန် စောင့်ပေးခဲ့ရတယ်။ တပ်မ (၁၁) တပ်ရင်းမှုး တစ်ဦးကို မပြောမဆို ရေနဲ့လှမ်းပက်တဲ့အထိ မျောက်ဘွဲ့ရထားသူဖြစ်တယ်။ ဦးသန်းရွှေက မြေးဖြစ်သူကို လက်အောက်ခံ တပည့်တွေရဲ့ သိက္ခာရာထူးကို လေးစားတဲ့အနေနဲ့ ထုတ်ပြန်တာကို  မတားတော့ဖူးလား၊ ထုတ်ပြန်လိုက်တာ ဦးရွှေမန်းက အမှတ်ဝင်ယူသွားပြီး ဘေးထွက် ဆိုးကျိုး ဦးသန်းရွှေကို အရေးယူရန် သင့်မသင့် ခေါင်းစဉ်တောင် ထွက်လာတယ်။ တွေဆုံတာ  ကောင်းပေမဲ့ ဘာမှ မထုတ်ပြန်ပဲ နေသေးတာ လူထုက နားလည်တယ်။ ထုတ်ပြန်လို့ အခြေအနေ ပိုရှူပ်ထွေးသွားစေတယ်။ ဦးသန်းရွှေသာ သြဇာရှိရင်၊ ရင့်ကျက်သဘောထားပြည့်ရင် ဘာလို့ သမ္မတနဲ့ တပ်ချုပ်ကို အနား မခေါ်ထားရတာလဲ မေးစရာရှိတယ်။ ဖိုးလပြည့်က သမ္မတနဲ့ တပ်ချုပ်ကို အသိပေးထားပြီးသားပါ ဆိုတာ လေးစားမှုသမှု မလုပ်ခဲ့လိုသိခဲ့ရင်တောင် လက်မခံဘဲ မာမာထန်ထန် တုံ့ပြန်လာတာ ဖြစ်တယ်။ ဦးရွှေမန်းလုပ်တဲ့ လမ်းကြောင်းကို သူတို့က လက်ခံမှာ မဟုတ်တာ မသိတဲ့ ဖိုးလပြည့် အတွေ့အကြုံနုမှန်း သိသာတယ်။သူက အမှတ်ရမလားလို့ ထ လုပ်လိုက်တာ နယ်ရုပ် ပွန်းဖြစ်သွားတာပေါ့”
 
၈။ ထိပ်သီးဆွေးနွေးပွဲတွေမှာ အနာဂတ်သမ္မတ ဘယ်သူဖြစ်လာနိုင်မလဲ ဆိုတာ ပြည်သူလူထု သိချင်နေကြပါတယ်။ ဒီသတင်းကို ခက်ခက်ခဲခဲ လိုက်လံ စုဆာင်းနေရလို့ ဒီဆောင်းပါးကို အဆုံးသတ်ဖို့ နောက်ကျနေရပါတယ်။ သမ္မတအဖြစ် အဆိုပြုခံရသူရဲ့ မဟေသီ ဇာတိနဲ့ နီးစပ်တဲ့ သူတစ်ဦးဟာ မိမိနဲ့ မူလကတည်းကရင်းနှီး သိကျွမ်းသူဖြစ်တာမို့ ယုံကြည်စိတ်ချရလောက်တဲ့ သတင်းတစ်ရပ် ရရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ စာရေးသူအနေနဲ့ စစ်ရုံး၊ စစ်ဌာနချုပ်တွေမှာ နေခဲ့တဲ့ အတွေ့အကြုံအရ အဆိုပါ သတင်းထွက်သူ တပ်မတော်အရာရှိကြီးဟာလည်း ဦးသန်းရွှေရဲ့ တပည့်ရင်းတွေနဲ့ တန်းတူ လက်ဇောင်းထက်သူဖြစ်လို့ ဆက်စပ် သုံးသပ်ကာ ဖြစ်နိုင်တယ်လို့ ထပ်မံ အတည်ပြုလိုက်တာ ဖြစ်တယ်။
 
၉။ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဦးသန်းရွှေက လာမဲ့သမ္မတလောင်းအဖြစ် အဆိုပြု
လိုက်ဟန်တူတဲ့သူဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ကြောင်း ရုတ်တရက် သိလိုက်လို့ အံ့သြခဲ့ရပါတယ်။ သူက တပ်မှာ ဒုဗိုလ်ချုပ်ကြီး၊ DSA 15၊ စစ်ဦးစီး ဗိုလ်မှူးချုပ် စစ်ဆင်ရေး၊ ထောက်လှမ်းရေးမှူးချုပ်၊ ကစထမှူး၊ ဖြစ်ခဲ့ပြီး ဦးသိန်းစိန် လက်ထက်ကပင် သူ့ ကို ဒုသမ္မတအဖြစ် အဆိုပြုခံဖူးပါတယ်၊ သူ မိသားစုလည်း သြစတြလျနိုင်ငံသားနဲ့ ငြိနေလို့ နောက်တလှမ်းဆုတ်ပြီး လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဥပဒေပြင်ဆင်ပေး လိုက်တာတွေ့လိုက်ပါတယ်။ သူ့အမျိုးသမီးအပါအဝင် နှစ်ဦးစလုံး ဦးသန်းရွှေမိသားစုထံ ပေါက် တဲ့သူများဖြစ်လို့ သူ့အား ပြန်ကြည့်ပေးတာပိုဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံမယ်ဆိုရင် ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ လုပ်ပေးဖို့ တပ်မတော် အား ဦးသန်းရွှေက တိုက်တွန်းမှာဖြစ်တယ်။ ဦးမြင့်ဆွေက ယခု ဒုသမ္မတ ဦးဥဏ်ထွန်း ထက် စီနီယာကျသူဖြစ်တဲ့အပြင် တပ်မတော်ထိပ်ပိုင်းကို တက်လာသူ ဗိုလ်ချုပ်ကြီးတော်တော်များ သူ့ထံဦးခိုက် ဝင်ပြီးမှ ဦးသန်းရွှေထံ သွားရတဲ့ အနေအထားဖြစ်ကာ စစ်ဆင်ရေးဆိုတဲ့အတိုင်း အာဏာအပြင်းဆုံး key ဌာနကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ လက်တဖက်ဆိုင်းသွားသည်အထိ အလုပ်ကြိုးစားပြီး စစ်ဦးစီးဆိုင်ရာ ကျွမ်းကျင်သူအဖြစ်နံမည်ကြီးကာ ဦးသန်းရွှေက သူ ထမင်းခပ်ကျွေးမှ စားသူဖြစ်တယ်၊ သူ တိုင်းမှူးဖြစ်စဉ်က တပ်ရင်းမှူးတစ်ဦးဟာ လက်ဆောင် ပဏ္ဏာများနဲ့ သယ်ပေးလာတာကို လက်မခံဘဲ ကားပေါ်ကို တပ်ရင်းက စစ်သည်အတွက် ဆန်ကို ပြန်တင်ပေး တဲ့အထိ အ-ဂတိတရား လာဘ်ပေးလာဘ်ယူ သတင်းမထွက်သူဖြစ်ပါတယ်( လို့ ဆိုကြပါတယ်) ။ မဟေသီဒေါ်ခင်သက်ဌေးဟာ မွန်စပ်သူ  သထုံသူဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်မိသားစုအား တခါက ကျိုက်ထီးရိုး မွန်ပြည်နယ် ဘုရားဖူး ခရီးစဉ် ဦးဆောင်ခေါ်လာနိုင်သူအဖြစ်သိရပါတယ်။ ဒေါ်ကြိုင်ကြိုင်က ဒေါ်ခင်သက်ဌေးကို ရန်ကုန်ဟာ အရေးကြီးတဲ့နေရာမို့ ခဏသွားလိုက်ပါ ၊  ပြန်ကြည့်ပေးမယ် ဆိုပြီး ၂၀၁၀ခုနှစ် ရွေးကောက်ပွဲအပြီးလို့ အိမ်တော်ကြီးနဲ့ နီးစပ်သူများထံမှ စာရေးသူ သိခဲ့ရဘူးပါတယ်။ သူနဲ့ ပတ်သက်ပြီး ကြားရတဲ့ အချက်တွေက ဦးမြင့်ဆွေဟာစစ်ရုံးမှာယခုသမ္မတဦးသိန်းစိန်နဲ့ တာဝန်ချိန်းပြီး စံချိန်တင် ရုံးမှာအထိုင်များလို့ Staff type သာကျွမ်းပြီး commander type မဟုတ်လို့ သမ္မတတာဝန်ပေး ရန် သင့်မသင့်ချိန်ရပါမယ်။ ရွှေဝါရောင် အရေးအခင်းကာလမှာ သူဟာ ကစထမှူး နဲ့ တုံ့ဆိုင်းတွေဝေနေတယ်ဆိုလို့ ဦးရွှေမန်းက ဖိအားပေးခဲ့သလို မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲ နှိမ်နှင်းရာမှာ ရဲအပြင် စွမ်းအားရှင်များ သုံးလို့ နံမည်ပျက်ခဲ့တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ တပ်မတော်က လက်ခံ မခံ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ်မှာ မူတည်သလို အဓိက key ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း စဉ်စားဆုံဖြတ်ရမှာ ဖြစ်ပါတော့တယ်။

 

                           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts