သရော်စာ

မောင်ဥက္ကလာ – ဒါဒို့ပြည် သူတို့ပိုင်တဲ့မြေ

ကာတွန်း ဘီရုမာရဲ့ ၂၀၁၁ တုန်းက လက်ရာပါ။

 

မောင်ဥက္ကလာ  – ဒါဒို့ပြည် သူတို့ပိုင်တဲ့မြေ

(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၆

နိုင်ငံတော်ရဲ့  အမြင့်ဆုံး အာဏာကို ကန့်လန့်ကာ နောက်ကွယ်မှ၊ ကာချုပ်၊ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတို့ကို ချုပ်ကိုင်ထားသော ရေမြေ့အရှင်သခင် ဘဝရှင်မင်းတရားကြီး၏ အရေးပေါ် ညွှန်းကြားချက်ကြောင့် နိုင်ငံတော်သမ္မတကြီးက ကွမ်းတယာညက်အတွင်း ဟိုမရောက်ဒီမရောက် ပြောင်းလဲချိန်ကာလမှာ ဖွဘုတ်ကို တွင်တွင်သုံးလာတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးအား lamb-duck လွှတ်တော်ကို ချက်ချင်းခေါ်ယူပြီး ဘဝရှင်မင်းတရားကြီးရဲ့  အမိန့်တော်ကို ကြားနာဆွေးနွေး အတည်ပြုခိုင်းလေသည်။ 

လက်ရှိ ပြည်တွင်းအခြေအနေမှာ ပြည်ပသတင်းဌာနတွေ၊ ဖွဘုတ်မှတဆင့် အများပြည်သူ သိမြင်ကြားရသည့်အတိုင်း တဘက်နိုင်ငံမှ ကျူးကျော်ဝင်ရောက်လာသူများ နဲ့ ဝိသမလောဘ စီးပွားရေးသမားများက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ထင်ရာစိုင်း နေကြလေသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးက ဒီအတွက် အရေးပေါ်အမိန့်ကို လွှတ်တော်အား တင်ပြတော့ (၅) နှစ် (၅) မိုး တိုင်းပြည်အရေး မအိပ်မငိုက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့သည်အတွက် ထိုက်သင့်သော ပင်စင်ဆုတော်ကြေး ရရှိရေးကို အကြေအလည် ဆွေးနွေးနေကြသော လွှတ်တော်အမတ်အပေါင်းက မထောက်ခံလို့ မရတဲ့ အမိန့်တော်ကို တညီတညွှတ် ထောက်ခံကြလေသည်။ 

အများကြားကောင်းအောင် Procedure လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကို တင်ပြအသိပေးရပေမယ့် သမ္မတကြီး အမှန်တကယ် မေတ္တာရပ်ခံ ဦးတိုက်လျှောက်လိုသူမှာ နိုင်ငံတော်၏ အဓိက အချုပ်အခြာအာဏာ “အမိမြေ လုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အာဏာတည်မြဲရေး” တို့ကို အပြည့်အဝ ရာခိုင်နှုန်းအပြည့် တာဝန်ယူထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လေသည်။ ဆိုခဲ့သည့်အတိုင်း အကြောင်းမှာ အခုလက်ရှိ ကချင်ပြည်နယ်အတွင်း – VOA သတင်းဌာန စာမျက်နှာကြီး ပြိုပျက်သွားအောင် ပွဲဆူသွားသော “ဘီလူးဝင်စားနေတဲ့ ကျောက်စိမ်းမြေ” သတင်းဆောင်းပါး နဲ့ ဖွဘုတ်မှာ ကြောက်စရာလန့်စရာပုံများနဲ့ နေ့ညမပျက် မြေစာကျောက်တင်ကား၊ မြေတူးကား ကားကြီးကားငယ် ယာဉ်မျိုးစုံနဲ့ တိုင်းတပါးသားတွေ ဝင်ရောက်ပြီး မြန်မာသယံဇာတများကို မင်းမဲ့စရိုက် တူးဖော်နေတဲ့ ဖော်ပြချက်တွေကြောင့် တပ်မတော်အနေနဲ့ အချိန်မီ မတုံ့မဆိုင်း ဟန့်တားကာကွယ်ရန် ဖြစ်ပေမည်။

နိုင်ငံတော်သမ္မတကြီးမှတဆင့် ပေးအပ်လာသော ဘဝရှင်မင်းတရားကြီးရဲ့  အမိန့်စာချွန်လွှာအတိုင်း တပ်ချုပ်ကြီးက တစ်မိနစ်မစောင့်ဆိုင်း နိုင်ငံတဝှမ်း တပ်မှူးတပ်ချုပ်ကြီးများကို ပြုတ်ပြုတ်ပြုန်းတော့မယ် ကချင်ပြည်နယ်သို့ စစ်သူကြီး မဟာဗန္ဓုလ စစ်ချီတက်နှုန်းနဲ့ အမြန်ချီတက်ကြဖို့ ညွှန်ကြားလေသည်။ အမိဗမာမြေကို တစ်လက်မ အဆုံးအရှုံးမခံ၊ တိုင်းတပါးက ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ၊ ဘင်္ဂလီ မူစလင်တွေကို သူရသတ္တိအပြည့်နဲ့ ဟန့်တားပိတ်ပင်၊ ရန်သူအပေါင်းကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းဖို့ ဝန်မလေးသော မဟာဗမာ မျိုးချစ်တပ်မတော်ကြီးက တဘက်နိုင်ငံမှ လက်ဆောင်ပေးထားသော၊ အကြွေးဝယ်ထားသော၊ ကိုယ်က ပတ္တမြားပေး သူက ပေးချင်တာပေးနဲ့ ရယူထားတဲ့ စစ်လက်နက်ပစ္စည်းများကို သယ်ယူကိုင်ဆောင်ပြီး ချိုင့်ဝှမ်းကြီးများဖြစ်သွားသော တောင်တန်းကြီးများကိုဖြတ်ကျော်၊ ချုံပုတ်မြက်ပင်၊ သစ်ငုတ်တို တောတန်းကန္တာရများကို တိုးဖြတ်ကာ “ဗမာပြည် ကာကွယ်မည် တပ်မတော် ချီလာပြီ … ရဲရဲတောက် ဒို့ဗမာတွေ သတ္တိခဲတွေ …” စတဲ့ ဇာတိမာန် စစ်သီချင်းများကို ဒုံးဒုံးဒိုင်းဒိုင်း အာမာန်အပြည့် အော်ဟစ်သီဆိုပြီး ချီတက်သွားကြလေသည်။

နိုင်ငံတော်၏ အမြင့်ဆုံး အချုပ်အခြာအာဏာကို ထိန်းချုပ်ထားသော “တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ” – တပ်မတော်ကြီးသည် မြန်မာ့သမိုင်းတလျှောက် ပြည်တွင်းရန် ဆူးငြောင့် (ကျောင်းသား၊ စာရေးဆရာ၊ သတင်းမီဒီယာ၊ လယ်သမား၊ အလုပ်သမား၊ ဘုန်းကြီး) တွေကို ပြတ်ပြတ်သားသား နှိမ်နင်းချေမှုန်းခဲ့ရာ နံပတ်တစ်၊ ကမ္ဘာ့က မှတ်တမ်းပြုခြင်း ခံရလေသည်။ ဆိုခဲ့သည့်အတိုင်း မျိုးချစ်ဗမာ့တပ်မတော်ကြီးသည် ချီတက်ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ ကျေးရွာမြို့ များကို ဝင်ရောက်ပြီး တပ်မတော်၏ သတ္တိဗျတ္တိ စွမ်းရည်ကို ပြသဖော်ထုတ်ကာ လိုအပ်လိုချင်သည့် စားနပ်ရိက္ခာများ (ဆန်စပါး၊ ကြက်ဘဲ၊ ဝက်၊ ဆိတ်၊ နွား၊ မိန်းမ) ကို ဖြည့်ဆည်းယူဆောင်ကြသလို၊ တိုင်းပြည်ကာကွယ်ရေးအတွက် အုတ်တခြပ် သဲတပွင့် ကူညီလုပ်ကိုင်ဖို့ အားကောင်းမောင်းသန် ယောက်ျားသား၊ လယ်သမား၊ တောသူတောင်သားများကို စစ်လက်နက်ပစ္စည်း၊ ရိက္ခာများ သယ်ဖို့၊ တပ်မတော်သားများ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ မရဏလမ်းတွေကို ရှင်းဖို့အတွက် ခေါ်ဆောင်သွားကြလေသည်။ 

နာဂစ်လေဟုန်နှုန်းနဲ့ ချီတက်သွားခဲ့သော တပ်မတော်ကြီးသည် အချိန်တိုအတွင်းမှာ တိုင်းတပါးသားများ နဲ့ ဝိသမလောဘသားများ ဝုန်းဒိုင်းကြဲ “ယမမင်း နှလုံးရောဂါရ၊ ငရဲပြည် ပြောင်းရွှေ့ ရတဲ့အထိ” တူးဖော်ဖျက်ဆီး၊ မြေစာကောက် မြန်မာကျွန်များကို သေရွာ အရှင်လတ်လတ် မြေမြုပ်ပို့ပေးနေသော* စုပ်စုပ်စုံးစုံးမြုပ် ပျောက်ကွယ်တော့မယ့် တောင်တန်းချိုင့်ဝှမ်းကြီးများဆီ ရောက်ရှိကာ၊ အမိနိုင်ငံထဲကို လက်မပေါင်းများစွာ တံခါးမရှိ ဓားမရှိ ဥဒဟို ဝင်ထွက်ပြီး လုပ်ချင်တာလုပ်၊ ယူချင်တာယူနေသော တိုင်းတပါးသားများကို တိုက်ခိုက်ချေမှုန်း၊ ရှင်းလင်းမောင်းထုတ်ပြစ်ရန် တပ်များနဲ့ ဝိုင်းရံလိုက်ကြလေသည်။ 

အထက်အမိန့်ကို အဖေအမေအရင်း စကားထက် မြေဝယ်မကျ နားထောင်လိုက်နာသော စစ်သည်များမှာ တဘက်နိုင်ငံမှာ ရရှိထားတဲ့ လက်နက်များကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားပြီး တပ်မှူးမင်းရဲ့  ပြောဆိုမိန့်ကြားချက်ကို မျက်တောင်မခတ်၊ မျက်မှောက်ကြုတ်၊ မျက်နှာကြောတင်းတင်းနဲ့ သတိစွဲကာ နားထောင်နေကြသည်။ သူတို့တွေရဲ့ ခက်ထန်ကြမ်းကြုတ်တဲ့ မျက်နှာများကိုကြည့်တာနဲ့ အမိမြန်မာပြည်ရဲ့  အဖိုးတန်သံယဇာတများကို ဘီလူးစီးသရဲစီး ဝါးမြိုယူနေသော ရန်သူတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရယ်ဒီ အဆင်သင့် ဖြစ်နေပြီဆိုတာကို စာဖတ်သူတို့ တွေးမြင်နိုင်သည်။

တပ်မှူး၏ တိကျရှင်းလင်းပြတ်သားသော မိန့်ကြားချက်မှာ “ရဲဘော်တို့ အထက်က ညွှန်ကြားလိုက်တဲ့ အမိန့်ကို ဒို့တတွေ တသေဝေမတိမ်း လိုက်နာပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ မိမိအသက်ကို ပဓာနမထား အသက်ပေးပြီး ဒီ ကျောက်စိမ်းမြေမှသည် မြန်မာနိုင်ငံတဝှမ်း တန်းဖိုးရှိသော မြေနေရာများကို သိမ်းချင်သလိုသိမ်း၊ ယူချင်သလိုယူ ပိုင်ဆိုင်သော ရေမြေ့အရှင်သခင် ဘဝရှင်မင်းတရားကြီး နဲ့ လက်ဝေခံ တပ်ချုပ်ကြီးများ၊ ဦးပိုင် နဲ့ ခရိုနီပုဂ္ဂိုလ်ကြီးများရဲ့  “သူတို့ပိုင်တဲ့မြေ” ကို ရဲဘော်တို့ အသက်ပေးကာကွယ်ပြီး၊ ပြည်သူတွေ သိစရာမလိုတဲ့ သဘောတူစာချုပ်နဲ့ ယူချင်တာ ယူပိုင်ခွင့် ရရှိထားတဲ့ ဒို့တတွေရဲ့  ကျေးဇူးရှင် တရုတ်ကုမ္ပဏီများကို ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၊ အနှောင့်အယှက် အဟန့်အတားမရှိ လွတ်လပ်ငြိမ်းချမ်းစွာ လုပ်ကိုင်နိုင်ရေးအတွက် ဒို့တပ်မတော်အနေနဲ့ အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသည်။ ဒါကြောင့် ရဲဘော်တို့ ဒီနယ်မြေ လုံခြုံတည်ငြိမ်ရေးကို ဒို့တတွေ အစွမ်းကုန် စွမ်းဆောင်ရမည်။”

ဆက်လက်ပြီး တပ်မှူးကြီး ပြောဆိုသည်မှာ  “ပြောင်တလင်းခါ ဖြစ်တော့မည့် ဒီဒေသတဝိုက်မှာ ဒို့မျိုးချစ်တပ်တွေကိုချပြီး ဒီစားကျက်စားခွက်ကို ဝင်လုယူဖို့ ကြိုးစားနေတဲ့ ဒေသခံလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များ၊ တရားမဲ့ အခွန်ဆက်ကြေးကောက်ယူချင်တဲ့ အုပ်စုတွေကို တားမြစ်ဟန့်တားဖို့၊ ဒီတောင်ကြောဒေသတဝိုက် မှီတင်းနေထိုင်နေကြသော ကျေးရွာတွေကို ပြောင်းရွှေ့ ရှင်းလင်းဖို့ စတဲ့ ကြီးလေးတဲ့ တာဝန်များကို ဦးလည်မသုန် ထမ်းရွက်ကြရမည်။ ဤသည်က အထက်က ညွှန်ကြားလိုက်သော အမိန့်ဖြစ်ပေသည်။ ဤသည်ကာ ဒို့မျိုးချစ်တပ်မတော်ကြီး၏ အမိမြေကာကွယ်ရေး စွမ်းဆောင်ချက်တရပ် ဖြစ်ပေသည်။”

ကောင်းလေစွ။ တိုင်းသူပြည်သားအပေါင်း အမိမြေ ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကြီးအတွက် ဂုဏ်ယူကြပါ။

* ထိုင်းနိုင်ငံမှာ မခိုင်လုံ၊ မတိကျ၊ မရေမရာ စွဲဆိုချက်များနဲ့ ဒေသတရားရုံးမှ သေဒဏ်အပြစ်ပေးလိုက်ပေမယ့် ပြည်နယ်၊ ဗဟို၊ ဘုရင်မင်းမြတ်ထံ အယူခံဝင်ပြီး ပြစ်မှုလျှော့ပေါ့၊ လွတ်မြောက်နိုင်သော မြန်မာ့ရွှေ့ ပြောင်း အလုပ်သမားနှစ်ယောက်အတွက် မျိုးချစ်မြန်မာတွေ အာဏာပါဝါ မရရှိသေးတဲ့ အမှိုက်ကောက်နေတဲ့ ကြီးဒေါ်ကို ဖြေရှင်းပေးဖို့ တောင်းဆို၊ အပြင်းအထန် ဆန္ဒပြ လုပ်ဆောင်နေကြပေမယ့်။ အဘယ်ကြောင့် အရှင်လတ်လတ် မြေမြုပ် သေဒဏ်ပေးခံနေရတဲ့ ရာပေါင်းများစွာသော ပြည်တွင်းကျေးကျွန်များအတွက် လက်ရှိ အာဏာပိုင်များ၊ တာဝန်ရှိသူများ၊ ဦးပိုင်၊ ခရိုနီများကို ဆန့်ကျင်ဆန္ဒပြ မတောင်းဆိုကြလဲဆိုတာကို သိချင်လို့ပါ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ဥက္ကလာ – ဒါဒို့ပြည် သူတို့ပိုင်တဲ့မြေ
  1. “တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ” မသုံး၊ မပြောတော့ပါဘူး။ ဆိုင်းဘုတ်တွေလဲ မရှိတော့ဘူးနော်..

Comments are closed.